အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြစ်မှုကျူးလွန်သူတပ်မတော်သားများကို အရေးယူနိုင်သည့်ကာလသတ်မှတ်ချက်ကို ပြင်ရန်ကြိုးစား

တပ်မတော်သားများ ပြစ်မှုကျူးလွန်ပါက သုံးနှစ်ကျော်လွန်ပြီးနောက် အရေးယူမရသည့် တပ်မတော်အက်ဥပဒေပါ ပုဒ်မကို ပြင်ဆင်ရန်ဥပဒေကြမ်းကို ယနေ့ (ဇူလိုင် ၁၅) ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ တပ်မတော်သားကိုယ်စားလှယ်က တင်သွင်းခဲ့သည်။

၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေပုဒ်မ ၁၂၅ (၁) တွင် တပ်မတော်သားတစ်ဦးသည် “ပြစ်မှုကျူးလွန်သည့် နေ့ရက်မှ သုံးနှစ်ကုန်ဆုံးသည့်အခါ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရ” ဟု ပြဋ္ဌာန်းထားသည်။ 

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ပြင်ဆင်လိုသည့်ဥပဒေကြမ်းတွင် အချိန်ကာလသတ်မှတ်ချက်သုံးနှစ်ကို ပြစ်မှုကျူးလွန်သည့်နေ့ရက်မှ စတင်ရေတွက်ခြင်းအပြင် နစ်နာသူနှင့် အရေးယူနိုင်သည့်အခွင့်အာဏာပိုင်က ပြစ်မှုကျူးလွန်မှု သို့မဟုတ် ပြစ်မှုကျူးလွန်သူကို စတင်သိရှိသည့် အစောဆုံးနေ့ရက်မှ စတင်ရေတွက်ရန် ဟူသည့် ဖြည့်စွက်ချက်များကို အဆိုပြုခြင်းဖြစ်သည်။ 

“အရေးယူခံထိုက်သူကို အရေးယူခံရခြင်းမှ ကင်းလွတ်ခြင်းမရှိစေရန်အတွက်လည်းကောင်း၊ စစ်စည်းကမ်း ထိန်းသိမ်းမှုအတွက်လည်းကောင်း ပြင်ဆင်ရန်ဖြစ်ကြောင်း တင်ပြပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက ဥပဒေကြမ်းတင်သွင်းစဉ် ပြောခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သို့သော် ယင်းပုဒ်မနှင့် အကျုံးဝင်သော ပြစ်မှုများတွင် စစ်ပြေးမှု၊ လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်းအဖြစ်စာရင်းသွင်းမှု၊ စစ်ပုန်ကန်မှု စသည်တို့ မပါဝင်ပေ။

အဆိုပါ ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ်တော်အမတ်များက သဘောတူခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းအပေါ် လေ့လာသုံးသပ်ရန် ဥပဒေကြမ်းကော်မတီသို့ တာဝန်ပေးထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကချင်ပြည်နယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်အမတ် ဒေါက်တာခွန်ဝင်းသောင်းက အဆိုပါ ဖြည့်စွက်ချက်များသည် အချိန်ကာလသတ်မှတ်ပုံကို နောက်ဆုတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်သည်။ 

“အမှုပေါ်ပေါ် မပေါ်ပေါ် အမှုဖွင့်ထားရမှာပေါ့။ ပြီးတော့ စတင်ဖြစ်ပွားပြီးနောက် သုံးနှစ်အတွင်း မဟုတ်တော့ဘဲ တရားခံသိတဲ့နေ့က သုံးနှစ်အတွင်းလို့ပြင်လိုက်တဲ့သဘောပေါ့။ (ကာလသတ်မှတ်ချက်ကို) နောက်ဆုတ်ပေးတဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။ 

တပ်မတော်၏ ယခုခြေလှမ်းမှာ ကြိုဆိုရမည်ဖြစ်သော်လည်း နားလှည့်ပါးရိုက်မဖြစ်ရန်လိုသည်ဟု ရှမ်းစစ်ဘေးဒုက္ခသည်များကူညီရေး (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင် စိုင်းလင်းက ထောက်ပြသည်။

“လက်တွေ့ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိသေးပေမယ့် မူအရတော့ အပေါင်းလက္ခဏာဆောင်တယ်လို့တော့ ပြောလို့ရပါတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ဇွန်၂၈ တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းတစ်ခု၏ ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့သော်လည်း တပ်မတော်ဘက်က အရေးယူရန် ဆောင်ရွက်နေမှုအပေါ် မတွေ့ရသေးကြောင်း၊ ယင်းကိစ္စအရေးယူပေးရန် လူထောင်ချီဆန္ဒပြမှုတောင်းဆိုရာတွင် ဦးဆောင်သူသုံးဦးကို အရေးယူမည်ဟုသာ ထုတ်ဖော်ပြောဆိုထားကြောင်း စိုင်းလင်းက ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles