မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook စာမျက်နှာပေါ်တွင် တပ်မတော်ခေါင်းဆောင်များကို ဝေဖန်ရေးသားခဲ့သည့် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသားအမှုကို စစ်တရားရုံးဖြင့် စစ်ဆေးနေဆဲသာဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“စစ်တရားရုံးအနေနဲ့ စစ်ဆေးဆဲပဲဖြစ်ပါတယ်။ စစ်တရားရုံးအနေနဲ့ စစ်ဆေးဆဲဖြစ်တဲ့အတွက်ကြောင့် စစ်ဆေးပြီးလို့ရှိရင် ထုတ်ပြန်တာတွေ၊ မိသားစုနဲ့ တွေ့ရတာတွေ အစဉ်လိုက်ဖြစ်လာပါလိမ့်မယ်” ဟု နေပြည်တော်၌ ယနေ့ (ဒီဇင်ဘာ ၃၀) ပြုလုပ်သော တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသား ကိုခိုင်ခန့်ကျော်မှာ ၅ လနီးပါး ထိန်းသိမ်းစစ်ဆေးခံနေရစဉ်အတွင်း မိသားစုနှင့် တွေ့ဆုံခွင့် ရမရအပေါ် ယနေ့သတင်းစာရှင်းလင်းပွဲတွင် Myanmar Now က မေးမြန်းရာ၌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား ကိုခိုင်ခန့်ကျော်သည် တပ်ခေါင်းဆောင်များကို ဝေဖန်ရေးသားခဲ့ပြီးနောက် မိသားစုနှင့် အဆက်အသွယ်မရတော့သည်မှာ ဩဂုတ်လပိုင်းကတည်းက ဖြစ်သော်လည်း ၎င်းကို တပ်မတော်အက်ဥပဒေဖြင့် အရေးယူထားကြောင်း နိုဝင်ဘာလကုန်ပိုင်းမှသာ တပ်မတော်က ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုခိုင်ခန့်ကျော်အား ထိန်းသိမ်းစစ်ဆေးနေသည့်အခြေအနေနှင့် ပတ်သက်၍ ဂဃနဏမသိရကြောင်း တပ်မတော်ဆေးတက္ကသိုလ်အသိုင်းအဝိုင်းမှ သိရသည်။
တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသား ကိုခိုင်ခန့်ကျော်သည် စစ်ခေါင်းဆောင်များ၏ သမိုင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နှိုင်းယှဉ်ရေးသားထားသော စာများကို ပြီးခဲ့သည့်ဩဂုတ်အတွင်း ၎င်း၏ Facebook စာမျက်နှာတွင် ပြန်လည်ရေးသားမျှဝေခဲ့သည်။
ထို့အပြင် ၂၀၁၃ခုနှစ်က ဒီပဲယင်းလုပ်ကြံမှုမှ ဓာတ်ပုံများကို ပြန်လည်မျှဝေ၍ လက်နက်မပါသော ကျောင်းသားများကို သေနတ်ဖြင့်ပစ်ရန် ပြောဆိုသူများနှင့်ပတ်သက်၍လည်း ဝေဖန်ရေးသားခဲ့သည်။
“စစ်တပ်ကို ချစ်လို့ဝင်တာမဟုတ်ကြောင်း၊ တပ်မတော်၏ ကျင့်ဝတ် ၆၀ တွင် ‘တော်တည့် မှန်ကန်စွာ သစ္စာစောင့်ပါ” ဟုသာ ပါရှိပြီး မဟုတ်တာကို ဟုတ်ပါတယ်ဟု အတင်းလက်ခံခိုင်းထားခြင်း မဟုတ်ကြောင်းလည်း ကိုခိုင်ခန့်ကျော်က Facebook ပေါ်တွင် ရေးသားခဲ့သည်။
တပ်မတော်ခေါင်းဆောင်းများကို ဝေဖန်ရေးသားခဲ့သူ ကိုခိုင်ခန့်ကျော်အနေဖြင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်သည့် တပ်မတော်အက်ဥပဒေပါ ပုဒ်မ ၆၅ စည်းကမ်းစနစ်တကျမရှိမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုံ့ဆော်ပွဲတွင် ပါဝင်မှုဖြင့် ထောင်ဒဏ်၂ နှစ်ချမှတ်ခံခဲ့ရသူ ဗိုလ်မှူးဟောင်းကျော်စွာဝင်းက သုံးသပ်ထားသည်။