တပ်မတော်ဆေးတက္ကသိုလ်ဆင်း တပ်မတော်သားဆရာဝန်များ ထောင်ကျခံ၍ ထွက်ပြေးမှုများရှိနေသည်ဟု နေပြည်တော်၌ ယနေ့ (ဒီဇင်ဘာ ၃၀) ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
“စစ်ပြေးမှုဖြစ်တဲ့သူတွေ ရှိပါတယ်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှာရှိတဲ့ တချို့အရာရှိများအနေနဲ့ စစ်ပြေးမှုဖြစ်ထားတာတွေ ရှိပါတယ်။ စစ်ပြေးမှုဖြစ်ထားတဲ့သူတွေကတော့ စစ်ပြေးမှုရဲ့ထုံးစံအတိုင်းပဲ မည်သည့်နိုင်ငံ တပ်မတော်မှ စစ်ပြေးမှုဖြစ်တဲ့သူတွေကို ပြစ်ဒဏ် ခွင့်လွှတ်ရိုး ထုံးစံမရှိပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်လည်း မရှိပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ပြစ်ဒဏ်ကျခံကာ ထွက်ပြေးနေသူ ဆေးဘက်ဆိုင်ရာ တပ်မတော်အရာရှိများနှင့် ပတ်သက်၍ ယနေ့သတင်းစာရှင်းလင်းပွဲတွင် Myanmar Now က မေးမြန်းခဲ့သည်အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ပြီး အရေအတွက်ကိုမူ မသိရှိကြောင်း ဆိုသည်။
Myanmar Now က မေးမြန်းခွင့်ရရှိထားသည့် တပ်မတော်ဆေးတက္ကသိုလ်ဆင်း အရာရှိများအဆိုအရ ၂၀၁၉ နှင့် ၂၀၂၀ အတွင်း ပြစ်ဒဏ်ကျခံကာ ထွက်ပြေးသူ တပ်မတော်ဆေးတက္ကသိုလ်ဆင်းအရာရှိ ပိုမိုများပြားလာသည်ဟု သိရသည်။
“ကျွန်တော်တို့ စစ်သားတွေဘဝက ကျွန်တော်တို့ ဆေးတပ်မှ မဟုတ်ဘူး။ ခြေလျင်တပ်က အရာရှိတွေက ဒီလိုပါပဲ။ ဘဝကြီးက သိပ်မျှော်လင့်ချက် မရှိတော့ဘူး။ ဆေးတပ်ဘက်မှာဆိုလည်း မာစတာပြီးသွားလို့ တစ်ဆင့်တက်သွားရင်တောင်မှ ဘာမျှော်လင့်ချက်မှ မရှိဘူး။ ရှေ့တန်းတွေမှာ အရေးမပါတဲ့ တိုက်ပွဲတွေ တိုက်နေရတာ ကြာတော့လည်း ဘယ်သူမှ မသွားချင်၊ မလာချင်တော့ဘူး” ဟု တပ်မတော်ဆေးတက္ကသိုလ်ဆင်း အရာရှိတစ်ဦးက ပြောသည်။
ဆေးဘက်ဆိုင်ရာ တပ်မတော်သားအများစုသည် ထောင်ဒဏ် သုံးလေးနှစ် ကျခံပြီးပါက အပြင်လောကတွင် အေးဆေးဆေးဆေး နေထိုင်နိုင်သည်ဆိုသော ယူဆချက်ဖြင့် တပ်မှ ထွက်ပြေးနေကြခြင်းဖြစ်သည်ဟုလည်း အဆိုပါအရာရှိက ပြောသည်။
“(တိုက်ပွဲတွေက) အကျိုးရှိလား၊ မရှိလားဆိုတာက ပြည်သူတွေလည်း သိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သိတယ်လေ။ တိုက်ပွဲတွေဖြစ်၊ သတ်ကြ ဖြတ်ကြ ခုတ်ကြထစ်ကြနဲ့ လုပ်နေကြတာ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ ကိုယ့်အတွက်လည်း အကျိုးမရှိဘူး။ သူတို့အတွက်ပဲ အကျိုးရှိတာ” ဟု အမည်မဖော်လိုသူ အဆိုပါအရာရှိက ပြောသည်။
ဆေးတပ်မှ တပ်မတော်သားများသည် ရာထူးအပြောင်းအလဲဖြစ်သည့်အချိန်တွင် အသစ်ပြောင်းရွှေ့တာဝန်ကျသည့် တပ်ရင်းသို့ သတင်းမပို့တော့ဘဲ ထွက်ပြေးမှုများရှိသလို စားမေးပွဲကျသဖြင့် ထွက်ပြေးသူများလည်းရှိသည်ဟု သိရသည်။
“ထွက်ပြေးတာက သူတို့ပုဂ္ဂလိကအကြောင်းလည်း ရှိချင်ရှိမှာပေါ့။ တချို့တွေကျတော့လည်း စာမေးပွဲမအောင်ရင် ရာထူးမတက်တာတို့ ဘာတို့ရှိတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတာတွေကတော့ များတာပေါ့” ဟု တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။
တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ထွက်ပြေးမှုများကြောင့် ပြုန်းတီးအင်အားသည် တခြားသော တပ်ရင်းတပ်ဖွဲ့များထက် ပို၍များပြားပြီး တစ်ခါပြေးလျှင် ၅၀ နီးပါး ထွက်ပြေးလေ့ရှိသည်ဟုလည်း အဆိုပါအရာရှိက ပြောသည်။
ယခင်က တပ်မတော်အရာရှိများကို စစ်ပြေးမှုဖြင့် ထောင်ဒဏ် ၁ နှစ်ခွဲ သို့မဟုတ် ၂ နှစ် ချမှတ်လေ့ရှိသော်လည်း ယခုနောက်ပိုင်း စစ်ပြေးတပ်မတော်သား များပြားလာသည့်အတွက် ထောင်ဒဏ်ကို ၅ နှစ် ပြစ်ဒဏ်တိုးမြှင့်ထားသည်ဟုလည်း အထက်ပါ တပ်မတော်ဆေးဘက်ဆိုင်ရာ အရာရှိများက ဆိုသည်။