သတင်း

စစ်ဆေးဗိုလ်ကြီးတစ်ဦး စစ်တပ်ကို ဆန့်ကျင်သည်ဆိုကာ သေဒဏ်ချခံရ

Facebook တွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရေးသားမှု စွပ်စွဲချက်ဖြင့် တပ်မတော်ဆေးတက္ကသိုလ်ဆင်း ဗိုလ်ကြီးတစ်ဦးသည် ယခုနှစ် မေလက ဖမ်းဆီးခံခဲ့ရပြီး မကြာမီက ၎င်းကို စစ်ခုံရုံးက သေဒဏ်ချမှတ်ထားသည်ဟု သိရသည်။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် အပတ်စဉ် (၁၅) ကျောင်းဆင်း MBBS ဘွဲ့ရ ဗိုလ်ကြီးရဲရင့်ဆွေသည်အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ရေးသားခြင်း၊ ဆန့်ကျင်စေရန် လှုံ့ဆော်ခြင်းတို့ လုပ်သည်ဆိုကာ ဖမ်းဆီးခံရသည်ဟု ထိုဖြစ်စဉ်ကို သိရှိထားသည့် စစ်ဆေးတပ်ဖွဲ့အရာရှိများက ဆိုသည်။

“သူ့အကောင့်ထဲက တစ်ယောက်က မျက်နှာလိုမျက်နှာရ သွားတိုင်တာလို့ ကြားတယ်။ ဖုန်းကို စစ်တဲ့အချိန်ကျတော့ ထောက်ပို့ကိစ္စတွေပါ ပါတယ်၊ အဲ့ဒါနဲ့ သူ့ကို သေဒဏ်ချလိုက်တာပဲ” ဟု စစ်ဆေးတပ်ဖွဲ့အရာရှိတစ်ဦးက ပြောသည်။

ဗိုလ်ကြီးရဲရင့်ဆွေသည် မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ်တွင်ပင် ဆေးပညာမဟာသိပ္ပံ M.Sc (Medicine) ဘွဲ့အတွက် တတိယနှစ်အတန်းကို တက်နေစဉ် မေလကတည်းက ဖမ်းဆီးခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော်တို့လည်း သေဒဏ်ချပြီးမှ သိရတာပဲ။ ဖမ်းခံရပြီးကတည်းက အစအနပျောက်ပြီး၊ ၃ လလောက် ကြာမှ သတင်းကြားရတာ” ဟုလည်း အထက်ပါ အရာရှိက ဆိုသည်။

အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားမှုများကြောင့် စစ်ဆေးခံရခြင်းဖြစ်သော်လည်း လက်ကိုင်ဖုန်းကို စစ်ဆေးရာတွင် အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ကို တွေ့ရှိသွားသည်ဟု ဆိုသည်။

ဗိုလ်ကြီးရဲရင့်ဆွေကို စစ်ခုံရုံးက မည်သည့်ပုဒ်မများဖြင့် တရားစွဲဆို အမိန့်ချသည်ကိုမူ မသိရသေးပါ။

မန္တလေးဇာတိ ဗိုလ်ကြီးရဲရင့်ဆွေသည် အသက် ၃၂ နှစ်ခန့် ရှိပြီဖြစ်ပြီး ၂၀၁၆ ခုနှစ် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းဆင်းဖြစ်သည်ဟုလည်း သိရသည်။

အရာရှိအဆင့် စစ်သည်တစ်ဦးကို ယခုကဲ့သို့ သေဒဏ်အထိ ချမှတ်သည်ကို မကြားဖူးခဲ့ဘဲ စစ်ခေါင်းဆောင်က အကြောက်တရား ရိုက်သွင်းနေခြင်းဖြစ်သည်ဟု ပြည်သူ့တော်လှန်ရေးဘက်သို့ ကူးပြောင်းလာသည့် ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

သေဒဏ်ချမှတ်ခံရသည့် ဆေးဗိုလ်ကြီး ရဲရင့်ဆွေကို သေဒဏ်ကို အမှန်တကယ်စီရင်သည်အထိ လုပ်ပြနိုင်သည်ဟုလည်း ပြောသည်။

“စံနမူနာပြအနေနဲ့ လုပ်ပြရင် လုပ်ပြမှာဗျ။ နောက်လူတွေ မလုပ်ရဲအောင်၊ နွေဦးအဖွဲ့တွေနဲ့ ဆက်သွယ်တာ မလုပ်အောင်ဆိုပြီးတော့လေ၊ အရာရှိတစ်ယောက်ကို သေဒဏ်ချတယ်ဆိုတာ စံနမူနာပြတာပေါ့။ အဲ့ဒါလိုမျိုး မင်းအောင်လှိုင်က သူ့ရဲ့အရာရှိ စစ်သည်တွေကို အကြောက်တရား ရိုက်သွင်းလိုက်တာပေါ့”

အရာရှိတစ်ဦးကို သေဒဏ်အထိ ချမှတ်မည်ဆိုလျှင် စစ်တပ်၏ အကြီးဆုံးရာထူးယူထားသူ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လက်မှတ်ထိုး အတည်ပြုပေးရသည်ဖြစ်ပြီး၊ ယခုအမှုတွင် မင်အောင်လှိုင်ကိုယ်တိုင်က အတည်ပြုပေးထားသည့်သဘော ရှိသည်ဟုလည်း ဆိုသည်။

ဗိုလ်ကြီးရဲရင့်ဆွေအနေဖြင့် အယူခံတက်ခွင့်ရမရကို မသိရပေ။ ဥပဒေနှင့်အညီ အယူခံတက်ခွင့်ရမည်ဆိုပါက သေဒဏ်မှ တစ်သက်တစ်ကျွန်း၊ သို့မဟုတ် ထောင်ဒဏ် နှစ် ၂၀ အဖြစ်သို့ ပြောင်းသွားနိုင်သည်။

ပြစ်ဒဏ်ကြီးများ ချမှတ်ခံရသူ စစ်သားများကို ရန်ကုန်နှင့် မန္တလေးနန်းတွင်တွင် ရှိသည့် စစ်ထောင်များတွင် ချုပ်နှောင်ထားလေ့ရှိသည့်အတွက် ဗိုလ်ကြီးရဲရင့်ဆွေကိုလည်း ရန်ကုန်စစ်ထောင်တွင် ချုပ်နှောင်ထားနိုင်ကြောင်း CDM ဗိုလ်ကြီးက ဆိုသည်။

တပ်တွင်းစည်းလုံးညီညွတ်ရေးပြိုကွဲမှု၊ တော်လှန်ရေးဘက် ကူးပြောင်းမှုများကြောင့် စည်းရုံးရေးများ အသည်းအသန်လုပ်နေရချိန်တွင် ဤအမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် တပ်တွင်းစည်းလုံးမှုရှိရန်၊ တပ်မတော်အပေါ် သစ္စာရှိရန် ဩဝါဒပေးလေ့ရှိသည်။ အလားတူ တပ်တွင်းစည်းလုံးစေရန်ဆိုကာ တပ်အရာရှိများနှင့် တပ်သားများ ထမင်းဝိုင်းဖွဲ့ အတူစားကြသည့် သတင်းများကိုလည်း ယင်းထိန်းချုပ်ထားသည် သတင်းစာများတွင် ရံဖန်ရံခါ ဖော်ပြလေ့ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF တို့ကို ထောက်ပံ့ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကြည်း၊ ရေ၊ လေ တပ်သားတစ်ဦးဦးကို ပုန်ကန်အောင် လှုံ့ဆော်ပါက ပုဒ်မ ၅၀၅(က) တို့ဖြင့် တရားစွဲဆိုနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင် ဖော်ပြလေ့ရှိသည်။

ထို့ပြင် အစိုးရယန္တရား ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတို့ ပြုလုပ်ပါကလည်း အရေးယူနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် စတင်ကြေညာသည်။ ထိုသို့ကြေညာပြီး ၂ ရက်အကြာတွင် လူမှုကွန်ရက်တွင် လှုံ့ဆော်သူများကို ဖမ်းဆီးအရေးယူနေကြောင်း သတင်းစာများတွင် ရက်ဆက်ဖော်ပြနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီးနောက်ပိုင်း CDM စစ်သည်အရေအတွက် ၁၀,၀၀၀ ခန့်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button