သတင်း

တပ်ခေါင်းဆောင်များကို ဝေဖန်သူ စစ်ဆေးကျောင်းသား မိသားစုနှင့် အဆက်အသွယ်မရ

မြန်မာနိုင်ငံတွင် လူသုံးအများဆုံး အင်တာနက်လူမှုကွန်ရက်ဖြစ်သည့် Facebook ပေါ်တွင် တပ်မတော်ခေါင်းဆောင်များကို ဝေဖန်ရေးသားခဲ့သူ တပ်မတော်ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုခိုင်ခန့်ကျော်နှင့် အဆက်အသွယ်မရတော့ကြောင်း မိသားစုအသိုင်းအဝိုင်းက ပြောသည်။

“လကုန်ပိုင်း (ဩဂုတ်လ) ကတည်းက ဆက်သွယ်လို့မရတာ။ ဘာဖြစ်နေလဲဆိုတာကို မိဘတွေကိုယ်တိုင် တိတိကျကျ မသိရဘူး။ တပ်ထဲမှာရှိတဲ့ အဆက်အသွယ်တွေကတစ်ဆင့် မေးမြန်းနေရတာ” ဟု ကိုခိုင်ခန့်ကျော်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ယနေ့ (စက်တင်ဘာ ၁၂) တွင် Myanmar Now ကို ပြောသည်။ 

တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသား ကိုခိုင်ခန့်ကျော်သည် ၎င်း၏ Facebook အကောင့်ဖြစ်သည့် Khaing Khant Kyaw (Cubic K) တွင် တပ်မတော်ခေါင်းဆောင်များကို ဝေဖန်ရေးသားခြင်းနှင့် တခြားသူများ ရေးသားထားသည်များကို ပြန်လည်မျှဝေခြင်းများ ကြောင့် အချုပ်ကျနေသည်ဟုသာ သိရှိရသည်ဟု ဆိုသည်။ 

ကိုခိုင်ခန့်ကျော်သည် ဦးနေဝင်း၊ ဦးခင်ညွန့်၊ ဦးသန်းရွှေ စသော အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ သမိုင်းကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နှိုင်းယှဉ်ဝေဖန်ရေးသားထားသော စာများကို ပြီးခဲ့သည့် ဩဂုတ်လအတွင်း Facebook တွင် ပြန်လည်ရေးသားမျှဝေခဲ့သည်ဟု သိရသည်။ 

စစ်တပ်ကို ချစ်လို့ဝင်တာမဟုတ်ကြောင်း၊ တပ်မတော်၏ ကျင့်ဝတ် ၆၀ တွင်လည်း ‘တော်တည့်မှန်ကန်စွာ သစ္စာစောင့်ပါ’ ဟုသာ ပါရှိပြီး မဟုတ်တာကို ဟုတ်ပါတယ်ဟု အတင်းလက်ခံခိုင်းထားတာ မဟုတ်ကြောင်း ကိုခိုင်ခန့်ကျော်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။ 

‘ငါးနှစ်အတွင်း ဘာများဖြစ်လာမလဲလို့ ထိုင်မေးနေတဲ့ သောက်ရူးနားကန်းများဖတ်ဖို့’ ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမွမ်းထားသော အကြောင်းအရာတစ်ခုကိုလည်း ကိုခိုင်ခန့်ကျော်က ဩဂုတ်လ ၁၃ ရက်တွင် Facebook တွင် ပြန်လည်မျှဝေခဲ့သည်ကို တွေ့ရှိရသည်။

ထို့အပြင် Thuzar Khaing အမည်ရှိ Facebook စာမျက်နှာတွင် ဖော်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် တွဲလျက် ‘ခေါင်းဆောင်ဟူသည်’ ဟူသည် ဆိုသော ပို့စ်တစ်ခုကိုလည်း ဩဂုတ် ၂၂ ရက်တွင် ကိုခိုင်ခန့်ကျော်က ပြန်လည်မျှဝေခဲ့သည်။ 

အဆိုပါ ဓာတ်ပုံမှာ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၁ ရက်က သီလဝါစက်မှုဇုန်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စစ်ဆေးခဲ့စဉ် ရိုက်ကူးထားသော ပုံများဖြစ်သည်။  

၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုမှတ်တမ်းဓာတ်ပုံများနှင့်  ‘လက်နက်ဆိုလို့ အပ်တောင်မပါတဲ့ ကျောင်းသားစုကြီး ကို သေနတ်ဆိုတာ မိုးပေါ်ထောင်ဖောက်ရတာ မဟုတ်ဘူးလို့ ပြော၍ပစ်တာ ဘယ်သူတွေလဲ’ ဟူသော စာများကိုလည်း ကိုခိုင်ခန့်ကျော်က Facebook ပေါ်၌ ရေးသားခဲ့သည်။ 

လက်ရှိတွင် ကိုခိုင်ခန့်ကျော်၏ Facebook အကောင့်မှာ ရှာဖွေ၍ ဖျက်သိမ်းခံထားရသည်ဟု ယူဆရပြီး Facebook ပေါ်တွင် မတွေ့ရှိရတော့ပေ။  

ကိုခိုင်ခန့်ကျော်သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဇာတိဖြစ်ကာ ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ်တွင် ဒုတိယနှစ်တက်ရောက် ပညာသင်ယူနေသူဖြစ်သည်။ 

တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသား ကိုခိုင်ခန့်ကျော် ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲထားသော ပြစ်မှုများနှင့် ချုပ်ထားသည့်နေရာ သိရှိနိုင်ရန် တပ်မတော်ဆေးတက္ကသိုလ်သို့ စာပို့မေးမြန်းထားဆဲဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။ 

ကိုခိုင်ခန့်ကျော်သည် ပြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)မှ ၂၀၁၇-၂၀၁၈ ခုနှစ်က ဂုဏ်ထူးငါးဘာသာဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်တက်ရောက်ရန် အမှတ်မမီသောကြောင့် တပ်မတော်ဆေးတက္ကသိုလ် တက်ရောက်နေခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။ 

ကိုခိုင်ခန့်ကျော်သည် ယုံကြည်ချက်အတိုင်း ပြတ်ပြတ်သားသားလုပ်တတ်သူဖြစ်သည်ဟု နဝမတန်းနှင့် ဒသမတန်းများတွင် ၎င်းကို စာသင်ကြားပေးခဲ့ဖူးသည့် ကျူရှင်ဆရာတစ်ဦးက ပြောသည်။ 

“အရမ်းယုံကြည်ချက်ပြင်းထန်တဲ့ ပုံစံနဲ့ပါ။ ကျွန်တော့်အထင် ခုလိုဖြစ်လည်း တောင်းပန်မယ့်သူ မဟုတ်လောက်ဘူး” ဟု ကိုခိုင်ခန့်ကျော်၏ဆရာဖြစ်သူက ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရာထူးခန့်ချုပ်ရုံးကို Myanmar Now က ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့လည်း ဃဂနဏတော့ မသိဘူး။ အချုပ်ကျတာ ဘာညာတော့ မသိရဘူး။ အဲဒီကလေး (ကိုခိုင်ခန့်ကျော်) Facebook ပေါ်မှာ တင်တယ်ဆိုတာတော့ သိရတယ်။ ဒီအနေနဲ့ လုပ်ဆောင်မှုတွေအားလုံး ကျွန်တော်တို့ မသိရဘူး” ဟု တာဝန်ကျ အရာရှိတစ်ဦးက ပြောသည်။ 

တပ်မတော်သားများ စောင့်ထိန်းရမယ့်အချက်များစွာရှိသည့်အပြင် ပြောပိုင်ခွင့်မရှိသောကြောင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုသာ မေးမြန်းရန်လည်း စစ်ရာထူးခန့်ချုပ်ရုံးမှ အဆိုပါအရာရှိက ပြောသည်။ 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။ 

မြန်မာနိုင်ငံတွင် တပ်မတော်က ရေးဆွဲအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု စတင်သည့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်သူများအနေဖြင့် လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့် အတိုင်းအတာတစ်ခုအထိ ရလာသော်လည်း တပ်မတော်က ထိန်းချုပ်ထားသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများရှိ ဝန်ထမ်းများမှာမူ ထိုလွတ်လပ်ခွင့်များနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။

“အင်တာနက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး တပ်မတော်က ဆက်ဆက်ထိမခံတဲ့ သဘောတွေပါပဲ။ ဒါက မဖြစ်သင့်ဘူးလို့ထင်တာပဲ။ တအားချုပ်ချယ်လွန်းအားကြီးတယ်” ဟု အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုံ့ဆော်မှုတွင် ပါဝင်ခဲ့မှုဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရသူ ဗိုလ်မှူးဟောင်းကျော်စွာဝင်းက ပြောသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းက ပြင်ဦးလွင်မြို့ရှိ တပ်တော်နည်းပညာတက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသည့်ဓာတ်ပုံကို တပ်တွင်း Viber Group တွင် ပထမဦးဆုံးတင်ခဲ့သူမှာ အချုပ်ချခံခဲ့ရသလို လယ်ကွင်းအတွင်း ပစ်ခတ်ရန် အသင့်အနေအထားဖြင့် ကျန်ရှိနေသည့် ဒုံးများပုံကို အွန်လိုင်းပေါ်တင်ခဲ့သူမှာလည်း အချုပ်ချခံခဲ့ရသည်ဟု ၎င်းက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာနဲ့ ပို့စ်တင်တာကို အချုပ်ချတာက မဖြစ်နိုင်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒါပေမယ့် အရေးယူခဲ့တဲ့ဖြစ်စဉ်တွေမှာတော့ အင်တာနက်နဲ့ပတ်သက်ပြီး တပ်မတော်က Sensitive (ဆက်ဆက်ထိမခံ) ဖြစ်တယ်ဆိုတာတွေရှိတော့ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ အဓိကကတော့ နိုင်ငံရေးထိန်းချုပ်မှုပေါ့။ သူတို့နဲ့မတည့်တဲ့လူနဲ့ ပတ်သက်ပြီး နှိပ်ကွပ်တာက အစဉ်အလာလိုဖြစ်သွားတာပေါ့” ဟု ဗိုလ်မှူးဟောင်းကျော်စွာဝင်းက ဆိုသည်။

ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက် ရောက်ရှိနေပြီဖြစ်သော်လည်း တပ်မတော်အငြိမ်းစားအရာရှိကြီးများ စိုးမိုးနေဆဲဖြစ်သော အစိုးရဌာနများတွင်လည်း ချုပ်ချယ်မှုများစွာရှိနေဆဲဖြစ်သည်။ 

ယနေ့တိုင် တပ်မတော်အငြိမ်းစားအရာရှိကြီးများ ကွပ်ကဲစီမံနေသည့် နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးကျောင်းများအနက် တစ်ခုဖြစ်သည့် ပြင်ဦးလွင်ရှိ ဇီးပင်ကြီးဗဟိုဝန်ထမ်းလေ့ကျင့်ရေးကျောင်းဆင်းတစ်ဦးဖြစ်သူ ဒေါက်တာ စိုးသူရဇော်သည် ၎င်း၏သင်တန်းအတွေ့အကြုံများကို Facebook ပေါ်တွင် ရေးသားဝေဖန်ခဲ့သောကြောင့် ဌာနတွင်းစုံစမ်းစစ်ဆေးမှုများ ခံခဲ့ရပြီး၊ ထိုစဉ်အချိန်က ၎င်းသည် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ နောက်ယောင်ခံလိုက်ကြည့်မှုကို ကြုံတွေ့ခဲ့ရသည်။  

တပ်မတော်ဆေးတက္ကသိုလ်ကျောင်းသား ကိုခိုင်ခန့်ကျော်၏ ဖြစ်စဉ်သည် ၎င်းကြုံတွေ့ခဲ့ရသည်များနှင့် တူညီမှုများရှိကြောင်း ဒေါက်တာစိုးသူရဇော်က ဆိုသည်။ 

“ဝန်ထမ်းဖြစ်သွားတာနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိမှုတွေ ဆုံးရှုံးလိုက်ရတော့မှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဝန်ထမ်းတွေ နိုင်ငံရေးမလုပ်ရဘူးဆိုတဲ့ စကားရပ်ဟာ ဝန်ထမ်းအားလုံး ( အားလုံး )ရဲ့ လွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်ရှိမှုကို သင်းကွပ်ပြီး နလပိန်းတုံးဖြစ်အောင် လုပ်နေသလိုဖြစ်နေတယ်ဗျ။ ကျွန်တော့်တုန်းကတော့ ကံကောင်းတယ်လို့ ပြောရမယ်ဗျ။ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရရဲ့ ဆင်ခြင်တုံတရားကြောင့်သာ ထောင်ထဲ မရောက်တာပေါ့ဗျာ” ဟု ဒေါက်တာစိုးသူရဇော်က ဆိုသည်။ 

Show More

Related Articles

Back to top button