သတင်း

ကမ္ဘာ့ဘဏ်က စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအစီရင်ခံစာ ထုတ်ပြန်မှု ဆိုင်းငံ့ထား 

တစ်နှစ်လျှင်တစ်ကြိမ် ထုတ်ပြန်သည့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှုအစီရင်ခံစာ (Doing Business Report) ထုတ်ပြန်မှုကို ၂၀၂၁ အတွက် ဆိုင်းငံ့ထားသည်ဟု ကမ္ဘာ့ဘဏ်က အသိပေးထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(ကမ္ဘာ့ဘဏ်က) ခေတ္တဆိုင်းငံ့ထားတယ်ဆိုတဲ့ပုံစံမျိုး ပြောတာပေါ့။ ဒီဟာကို မထုတ်ပြန်သေးဘဲနဲ့ ပြန်လည်စိစစ်နေပါတယ်။ အဲဒီလောက်ပဲ ပြောတယ် World Bank က။ ဒီနှစ်က ကိုဗစ်ကြောင့်လည်း ဖြစ်နိုင်တာပေါ့နော်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက Myanmar Now ကို ပြောသည်။

ကမ္ဘာ့ဘဏ်က နှစ်စဉ် အောက်တိုဘာနှောင်းပိုင်းတွင် နောက်နှစ်အတွက် ကြိုတင်ထုတ်ပြန်လေ့ရှိသော ယင်းအစီရင်ခံစာတွင် အချက်အလက်များပြန်လည်စိစစ်နေခြင်းကြောင့် ၂၀၂၁ အတွက် ခေတ္တဆိုင်းငံ့ထားမည်ဟု ဝန်ကြီးဌာနသို့ အသိပေးလာခြင်းဖြစ်သည်။

၂၀၁၈ နှင့် ၂၀၂၀  အတွက် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနှစ်စောင်တွင် အချက်အလက်များ ပြည့်စုံမှန်ကန်မှု အားနည်းခဲ့၍ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာ ၅ စောင်၏ အချက်အလက်များကို ပြန်လည်ဆန်းစစ်နေကြောင်း ၂၀၂၀ ဩဂုတ် ၂၇ တွင် ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

အချက်အလက်မှန်ကန်မှုအားနည်းခြင်းကြောင့် နစ်နာခဲ့သည့် နိုင်ငံများကို လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်၏ဒါရိုက်တာဘုတ်အဖွဲ့က ရှင်းလင်းအသိပေးထားပြီဖြစ်ကြောင်းလည်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှုအစီရင်ခံစာ (Doing Business Report) ဆိုသည်မှာ လုပ်ငန်းများလုပ်ကိုင်ရာတွင် လျှပ်စစ်မီးရရှိမှု၊ ချေးငွေရရှိမှု၊ လိုင်စင်လျှောက်ထားမှုနှင့် အခွန်ပေးဆောင်မှုအပါအဝင် နယ်ပယ် ၁၀ ခုပေါ်တွင် အခြေခံကာ လွယ်ကူအဆင်ပြေမှု ရှိမရှိ တိုင်းတာ၍ နိုင်ငံတစ်ခု၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူမှုအဆင့်ကို သတ်မှတ်ခြင်းဖြစ်သည်။

နိုင်ငံပေါင်း ၁၉၀ ပါဝင်သော အဆိုပါအစီရင်ခံစာကို ဆိုင်းငံ့ထားခြင်းကြောင့် မြန်မာနိုင်ငံ၏စီးပွားရေး လက်ရှိကမ္ဘာ့အဆင့် မည်မျှတွင် ရောက်ရှိနေသည်ကို မသိရှိရသေးဘဲ ၂၀၂၀ အတွက် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံက အဆင့် ၁၆၅  ဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရန် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှုအစီရင်ခံစာ အဆင့်သတ်မှတ်ချက်တွင် အဆင့်မြင့်တက်နိုင်ရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဦးဆောင်အကောင်အထည်ဖော်နေသည်။

စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအဆင့်တက်ရန် နိုင်ငံတိုင်းက ကြိုးစားနေခြင်းဖြစ်ပြီး အစီရင်ခံစာ  (၂၀၂၁) ထွက်ရှိလာပါက မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေက သုံးသပ်သည်။

“ထွက်တာတော့ ပိုကောင်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဆိုရင် တချို့ကိစ္စတွေမှာ တော်တော်လေး တိုးတက်မှုရှိလာတာရှိတာပေါ့။ ကိုယ့်နိုင်ငံတိုးတက်တယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုကို ပိုပြီးတော့ ဆွဲဆောင်လို့ရတာပေါ့ ”ဟု ဦးတင့်ဆွေက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် သက်ဆိုင်ရာနိုင်ငံက ထုတ်ပြန်သည့် သတင်းအချက်အလက်များနှင့် ယှဉ်ပါက ကမ္ဘာ့ဘဏ်ကဲ့သို့ အဖွဲ့အစည်းများက ထုတ်ပြန်သည့် စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှု အစီရင်ခံစာကို ကိုးကား၍ လာရောက်ရင်းနှီးမြှုပ်နှံရန် သင့်မသင့် စဉ်းစားကြခြင်း ဖြစ်သည်။

“(ရင်းနှီးမြှုပ်နှံသူ) သူတို့အနေနဲ့ မှီငြမ်းဖို့ရာ သိပ်မရှိတော့ အခြားဟာတွေ On Ground (မြေပြင်မှာ) မှီငြမ်းစရာ သိပ်မရှိတော့ တော်တော်လေးတော့ ခက်သွားတာပေါ့။ တော်တော်များများ Investor (ရင်းနှီးမြှုပ်နှံသူ) တွေကတော့ ဒါကိုကြည့်ပြီးဝင်တာပါ” ဟု UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။ 

မြန်မာနိုင်ငံသည် ၂၀၁၄ တွင် ကမ္ဘာ့ဘဏ်၏ စစ်တမ်းကောက်ယူမှုအစီအစဉ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ထိုစဉ်က နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် မြန်မာသည် အဆင့် ၁၈၂ ချိတ်ခဲ့ပြီး လာမည့် သုံးနှစ်အတွင်း အဆင့် ၁၀၀ အတွင်းဝင်နိုင်ရန် မြန်မာအစိုးရက ရည်မှန်းထားသည်။

Show More

Related Articles

Back to top button