စစ်တပ်အာဏာသိမ်းထားစဉ် ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုများကြောင့် စီပွားရေးတိုးတက်မှုနှုန်း ကျဆင်းကာ တိုင်းပြည်လူဦးရေ၏ ၃၂ ရာခိုင်နှုန်းကျော်ဖြစ်သော ပြည်သူ ၁၇ ဒသမ ၅ သန်းခန့် ဆင်းရဲတွင်းထဲ ရောက်သွားကြောင်း ကမ္ဘာ့ဘဏ်က ယမန်နေ့ (ဇွန် ၁၂) တွင် ထုတ်ပြန်သည်။
၂၀၂၅ မတ်တွင် ကုန်ဆုံးမည့် ယခုဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိနိုင်မည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာစီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်သူများဆင်းရဲတွင်းနက်လာမှုသည် ၂၀၁၅ တွင်ရှိခဲ့သည့် အနေအထားသို့ ပြန်ရောက်သွားသည်၊ ကိုဗစ်ကပ်ဘေးကာလမတိုင်မီထက် ဆင်းရဲနွမ်းပါးသူ ၇ သန်းကျော် တိုးလာသည်ဟု ဆိုသည်။
ငွေကြေးဖောင်းပွမှုနှုန်းနှင့် အလုပ်လက်မဲ့နှုန်းမြင့်တက်မှုကြောင့် နိုင်ငံအနှံ့တွင် ဆင်းရဲနွမ်းပါးမှု ဆက်လက်မြင့်တက်နိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။
နေရပ်စွန့်ခွာမှု၊ ဝင်ငွေကျဆင်းမှု၊ အလုပ်အကိုင်ဆုံးရှုံးမှုများကြောင့် ဆင်းရဲမှုကျဆင်းရေး ဆယ်စုနှစ်တစ်ခုကြာ ကြိုးပမ်းမှုရလဒ်များ သဲထဲရေသွန်ဖြစ်သွားသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံများဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ နေရာအများပြားတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေပြီး စီပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိကာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ လူဦးရေသန်းနှင့်ချီခြင်းကြောင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ထိခိုက်နေသည်ဟု ကမ္ဘာဘဏ်က ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီတွင် အရွယ်ရောက်သူများကို စစ်ထဲဆွဲသွင်းမည့် စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် စီးပွားရေးလုပ်ငန်းများ၏ လုပ်သားအင်အားအပေါ် ထိခိုက်မှုရှိနေသည်။
ထို့ပြင် ပဋိပက္ခ၏ သက်ရောက်မှုကြောင့် နယ်စပ်ကုန်သွယ်မှုများကို ရိုက်ခတ်မှုရှိလာပြီး အိမ်နီးချင်း တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုများကျဆင်းသွားကြောင်း၊ အထည်ချုပ်၊ သဘာဝဓာတ်ငွေ့နှင့် အခြားပို့ကုန်များနှင့် သွင်းကုန်များလည်း ကျဆင်းသွားကြောင်း သိရသည်။
ယခုနှစ် ၂၀၂၄ ၏ ပထမ ၆ လအတွင်း ပို့ကုန် ၁၃ ရာခိုင်နှုန်း၊ သွင်းကုန် ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေအကျပ်အတည်း၊ ကျပ်ငွေတန်ဖိုးမတည်ငြိမ်မှု၊ လုပ်သားအင်အားပြတ်တောက်မှုများကြောင့် ကုန်ထုတ်လုပ်ငန်းကျဆင်းလာသည်၊ စီးပွားရေးတိုးတက်မှုရရန် ဆက်လက်ရုန်းကန်နေရဦးမည်ဟု ဆိုသည်။
ထို့ပြင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကျဆင်းသွားခြင်းနှင့် ပညာသင်ယူမှုနှုန်းကျဆင်းသွားခြင်းသည် ဆင်းရဲနွမ်းပါးမှုကို သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံများဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန်အဒ်ဝပ်ကလည်း ပြောသည်။
“ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ကြိုးပမ်းမှုတွေအကုန်လုံးကို ပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားပြီး ပညာရေးရင်းနှီးမြှုပ်နှံမှုမှာလည်း ကျဆင်းလာတဲ့အတွက် ရေရှည် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ လာပြီးတော့ထိခိုက်နိုင်ပါတယ်” ဟု သူက ပြောသည်။
စစ်ကောင်စီသည် စီပွားရေးကျပ်တည်းမှုကို ကိုင်တွယ်ရာတွင် သက်ရောက်မှုကို အသေးစိတ်မချင့်ချိန်ဘဲ မူဝါဒများချမှတ်နေသဖြင့် မတည်မငြိမ်ဖြစ်ကာ အခြေအနေပိုဆိုးလာနေကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိဟောင်းတစ်ဦးက ပြောသည်။
“သပွတ်အူလိုဖြစ်လာတယ်။ သူတို့ဘာသာသူတို့ ဖြေရှင်းလို့မရအောင်ဖြစ်လာတယ်။ စီးပွားရေးသမားနဲ့ ပြည်သူလူထုက ရတဲ့နည်းနဲ့ထွက်ပေါက်ရှာပြီး၊ ကယ်ပေါက်ရှာပြီး လုပ်တဲ့အချိန်မှာ သူတို့ (စစ်ကောင်စီ) က အဲ့ဒါတွေကို လျှောက်ပိတ်နေသလိုဖြစ်နေတယ်” ဟု သူက ဆိုသည်။
ကိစ္စရပ်တိုင်းတွင် အကျိုးနှင့်အပြစ်ရှိပြီး ဘေးထွက်ဆိုးကျိုးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သော်လည်း စစ်ဗိုလ်ချုပ်ကြီးများကို မှန်မှန်ကန်ကန်ထောက်ပြအကြံပြုမည့်သူမရှိကြောင်း၊ ထိုသူများရှိလျှင်လည်း ဖယ်ရှားခံရမည်သာဖြစ်ကြောင်း သူက ဆိုသည်။
သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ အကျပ်အတည်းများကြားမှ စီးပွားရေးဦးမော့အောင်လုပ်နိုင်ကြောင်း အစိုးရအဖွဲ့အစည်းအဝေးများတွင် မကြာခဏပြောဆိုလေ့ရှိနေပြီး ဇွန် ၇ နေပြည်တော်အစည်းအဝေးတွင်လည်း ထိုသို့ ထပ်မံပြောဆိုထားသည်။



