
ထိုးစစ်ရပ်တန့်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် ရက္ခိုင့်တပ်တော် (AA) ၏ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း တပ်မတော်က ထုတ်ပြန်ပြီးနောက် တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့သည့်အတွက် ထောင်နှင့်ချီသော စစ်ဘေးရှောင်များ နေရပ်ပြန်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှစ၍ ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ ကျောက်ဖြူမြို့ပေါ်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ၂,၀၀၀ ခန့် နေရပ်ပြန်သွားသည်ဟု စစ်ဘေးရှောင်များအရေး ကူညီပေးနေသူ မမြဖုန်းမိုရ်က Myanmar Now ကို ပြောသည်။
စပါးရိတ်သိမ်းချိန်ဖြစ်သည့်အပြင် ဒေသတည်ငြိမ်လာသဖြင့် နေရပ်ပြန်သွားခြင်းဖြစ်သည်ဟု ၎င်းက ဆိုပြီး ဆက်လက်၍ “စစ်သားတွေက ရွာက ထွက်သွားတော့ ရွာသားတွေက ပြန်သွားပြီ။ ဘာလို့လဲဆိုတော့ စပါးရိတ်သိမ်းဖို့အတွက်လေ” ဟု ပြောသည်။
အလားတူ ရသေ့တောင်မြို့နယ်တွင် ယခင်က တိုက်ပွဲဖြစ်ပွားခြင်းနှင့် တပ်မတော်ရေယာဉ်က ပစ်ခတ်မှုများရှိခဲ့သော်လည်း လက်ရှိတွင် တည်ငြိမ်နေသဖြင့် ကြက်ရိုးဆစ်စစ်ဘေးရှောင်စခန်းမှ လူဦးရေ ၁,၅၀၀ ကျော်နှင့် ရေပိုက်ဆုံစစ်ဘေးရှောင်စခန်းမှ လူဦးရေ ၂၀၀ ခန့်မှာ မိမိနေရပ်သို့ ပြန်သွားကြသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။
“အခုလောလောဆယ်က နယ်မြေအေးချမ်းတယ်လို့ ဆိုရမှာပေါ့။ နေဗီ (ရေတပ်) တွေကလည်း တက်ရင်၊ ဆင်းရင်လည်း မပစ်ဘူးဆိုတော့ နယ်မြေအေးချမ်းလာတော့ ပြန်သွားကြတယ်။ လယ်သမားတွေပါတယ်။ ရေလုပ်ငန်းလုပ်တဲ့သူတွေလည်းပါတယ်” ဟု ကြက်ရိုးဆစ်စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုသန်းထွန်းဝင်းက ပြောသည်။
တပ်မတော်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု AA က နိုဝင်ဘာ ၁၂ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်းအခြေအနေတစ်ခုကို ဖန်တီးရန် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးများနှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်က ဆိုသည်။
AA ၏ ယင်းထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာများတွင် ကြားဖြတ်ရေးကောက်ပွဲပြုလုပ်နိုင်ရန် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထိုနေ့၌ပင် တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
“အခုက AA ကလည်း ထုတ်ပြန်ထားတယ်။ ဒီဇင်ဘာ ၃၁ မတိုင်ခင် ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုထားတယ်။ ပြီးတော့ သူတို့လည်း တစ်ဖက်သတ်အပစ်ရပ်ထားတယ်။ တပ်မတော်ကလည်း ကြိုဆိုတယ်ဆိုတော့ အဲဒါကြောင့် တိုက်ပွဲမဖြစ်တာလို့ ထင်ပါတယ်” ဟု ရသေ့တောင်မြို့နယ် ကြက်ရိုးဆစ်စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုသန်းထွန်းဝင်းက ပြောသည်။
ဒီဇင်ဘာလာ ၃၁ ရက် မတိုင်ခင်အထိ တိုက်ပွဲများ ရပ်ဆိုင်းထားရန် ဒေသခံများက မျှော်လင့်ထားပြီး ထို့နောက်ပိုင်းတွင် မည်သို့ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း နောင်တွင် တိုက်ပွဲများ အချိန်မရွေးဖြစ်ပေါ်လာနိုင်သောကြောင့် စိုးရိမ်မိသည်ဟု မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာမှ ဒေသခံ ကိုမောင်သန်းမင်းက ပြောသည်။
“အခုလည်း နေဗီ (ရေတပ်) တက်လာတယ်ဆိုရင် စိုးရိမ်မှုတွေတော့ ရှိပါတယ်။ အရင်တုန်းကလည်း နေဗီလာရင် ပစ်ခတ်မှုတွေရှိတယ်။ အခုတော့ နေဗီလာတာ သုံးကြိမ်ရှိပြီ။ ဒါပေမယ့် ပစ်တာ လုံးဝမရှိဘူး။ ဒါပေမယ့် နေဗီလာရင် လူတွေက စိုးရိမ်နေကြတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း အချို့သောနေရာများတွင် တပ်မတော်က အလံဖြူထောင်ထားသည်များရှိသည်ဟု ဒေသခံတချို့က ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။