
မတူညီသော နိုင်ငံရေးပါတီများကို ကိုယ်စားပြုပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားရေးကြွေးကြော်သူ ၂၀၀ ကျော်တွင် အနိုင်ရသူ တစ်ဦးမျှ မရှိခဲ့ပေ။
Myanmar Now က ပြုစုထားသည့် စာရင်းအရ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကို ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၂၃၀ ခန့်ရှိသည်။
ယင်းပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလွဲ၍ ကျန်ပါတီအားလုံးမှာ တိုင်းနှင့် ပြည်နယ်လွှတ်တော်အသီးသီးတွင် တစ်နေရာမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီမှာ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ လွှတ်တော်နေရာ ၁,၁၁၇ အနက် ရန်ကုန်တိုင်းတွင် ကိုကိုးကျွန်းနှင့် နေပြည်တော်တွင် ဇေယျာသိရီအပါအဝင် ၇၁ နေရာ အနိုင်ရရှိထားသည်။
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူ မိုက်ကယ်ကျော်မြင့်သည် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ တည်ထောင်ကာ တောင်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၎င်းသည် ပါတီတွင် ဗဟိုအထွေထွေအတွင်းရေးမှူးတာဝန် ယူထားသူလည်း ဖြစ်သည်။
ပါတီဝင်အင်အား ၈,၀၀၀ ကျော်ရှိသည်ဟုဆိုသည့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီသည် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ နေပြည်တော်တို့ရှိ မဲဆန္ဒနယ် ၂၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်လောင်းတစ်ဦးမျှ အနိုင်မရခဲ့ပေ။
မိုက်ကယ်ကျော်မြင့်သည် ၂၀၁၇ အတွင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့အား မြေကိစ္စတွင် လာဘ်စားခဲ့သည်ဆိုကာ စွပ်စွဲ၊ ဆန္ဒပြခဲ့မှုကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင် ခြောက်လ၊ မမှန်မကန်စွပ်စွဲမှု ရာဇသတ်ကြီး ပုဒ်မ ၂၁၁ ဖြင့် ထောင် သုံးလ၊ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ထောင်တစ်လ၊ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရသူဖြစ်သည်။
တောင်ဒဂုံမြို့နယ်တွင် ဆန္ဒမဲပေးခဲ့သူ ၂၀၁,၀၇၅ ဦး ရှိသည့်အနက် မိုက်ကယ်ကျော်မြင့်သည် ခိုင်လုံမဲ ၄၃၇ မဲသာ ရရှိခဲ့ပြီး မဲပေးသူဦးရေ၏ စုစုပေါင်း သုည ဒသမ ၂၂ ရာခိုင်နှုန်းသာ ရခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းနိုင်က Myanmar Now ကို ပြောသည်။
မိုက်ကယ်ကျော်မြင့်၏ ဇနီးဖြစ်သူ ပါတီဥက္ကဋ္ဌ ဒေါ်အေးအေးသင်းမှာ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲပေးခဲ့သူ ၉၇,၉၀၅ ဦးအနက် ခိုင်လုံမဲ ၁၈၁ မဲ (မဲစုစုပေါင်း၏ ၀.၁၈ %) သာ ရရှိခဲ့သည်။
အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီအနေဖြင့် ၂၀၂၅ ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အေးအေးသင်းက ပြောသည်။
ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ကိုယ်တိုင် မဲရလဒ် ၁ ရာခိုင်နှုန်းပင် မရရှိခဲ့ခြင်းမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါ ကာကွယ်ရေးအတွက် မဲဆွယ်ခွင့် အကန့်အသတ်ရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး ရလဒ်အပေါ် ကျေနပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“မဲရလဒ်ကတော့ မဲဆွယ်စည်းရုံးခွင့်က တန်းတူမရတဲ့အခြေအနေမှာ တတ်နိုင်သလောက်ပဲ ပြည်သူနဲ့ ထိတွေ့ရတယ်။ ပါတီသစ်ကလေးလည်း ဖြစ်တယ်။ ဒါပေမဲ့ ရတဲ့မဲရလဒ်ပေါ် မူတည်ပြီးတော့ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပါတယ်” ဟု ဒေါ်အေးအေးသင်းက ပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသားရေးသမားအဖြစ် နာမည်ကျော်သူ၊ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး အဆိုတင်သွင်းခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်သည် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၎င်းသည် ခိုင်လုံမဲ ၅,၅၁၅ မဲသာ ရရှိခဲ့ပြီး မဲ ၃၈,၀၀၀ ကျော် ရရှိသည့် NLD ကိုယ်စားလှယ်လောင်း ဦးဟန်စိုးကို ရှုံးနိမ့်ခဲ့သည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း (ခ) မဘသအဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးနိုင်သူလတ်နှင့် ဦးခိုင်ဇေမင်းထက်သည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ ရှုံးနိမ့်ခဲ့သည်။
မဘသအသင်းသည် သံဃာတော်တချို့ဦးဆောင်မှုဖြင့် လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်သဘောတရားများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့်အသင်းဖြစ်ပြီး လက်ရှိအစိုးရလက်ထက်တွင် တရားမဝင်အသင်းအဖြစ် ဖျက်သိမ်းခံခဲ့ရသည်။
အင်းစိန်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁) နေရာတွင် ဝင်ပြိုင်သည့် ဦးနိုင်သူလတ်မှာ မဲပေးခဲ့သူ ၁၇၀,၀၀၀ ခန့် ရှိသည့်အနက် ခိုင်လုံမဲ ၉၅၆ မဲသာ ရရှိခဲ့သည်။ လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၄) နေရာတွင် ယှဉ်ပြိုင်သည့် ဦးခိုင်ဇေမင်းထက်မှာ၂, ၈၃၉ မဲ ရရှိပြီး ၎င်း၏ ပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်း ဦးအေးဗိုလ်က ၂၇၉,၈၆၆ ဖြင့် အနိုင်ရရှိခဲ့သည်။
“သင့်မဲတစ်ပြားကြောင့် ဗုဒ္ဓဘာသာ မပျောက်ကွယ်ပါစေနဲ့” ဟု ရေးသားထားသော အကြောင်းအရာကို မဲဆွယ်စည်းရုံးရေးကာလအတွင်း လူမှုကွန်ရက်တွင် မျှဝေခဲ့သူ ဦးမန်းအောင်သည် အမျိုးသားနိုင်ငံရေးဒီမိုကရက်ပါတီ ကိုယ်စားပြု၍ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) တွင် ယှဉ်ပြိုင်ခဲ့ပြီး ခိုင်လုံမဲ၂၆၃ မဲသာ ရရှိခဲ့သည်။

NLD ပါတီတွင် ဘာသာခြား၊ လူမျိုးခြား ၄၂ ဦး ပါဝင်သည်ဟု သတင်းမှားဖြင့် မဲဆွယ်စည်းရုံးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်မှာလည်း NLD ပါတီကိုယ်စားလှယ်လောင်းကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သည်။
မင်းကင်းမြို့နယ်မှာ ဦးမောင်မြင့်၏ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် အောင်မြေဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ NLD ကိုယ်စားလှယ်လောင်းက မဲ ၁၀,၀၀၀ ကျော်အသာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။