မြန်မာ – ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးထားသည့် ကျားဖြန့် ခေါ် အွန်လိုင်းလောင်းကစားလုပ်ငန်းဝန်ထမ်း မြန်မာနိုင်ငံသား ၄၀၀ ကျော်ကို စစ်ကောင်စီက ယမန်နေ့ (မတ် ၁၈) နေ့လယ်တွင် ခြွင်းချက်နှင့် ပြန်လွှတ်ပေးလိုက်ကြောင်း စုံစမ်းသိရှိရသည်။
တစ်နှစ်အတွင်း ပြစ်မှုမကျူးလွန်ရန်နှင့် ကျူးလွန်ပါက ကျပ်သိန်း ၅၀ ဒဏ်ငွေပေးဆောင်ရမည်ဟူသော ခံဝန်ကတိဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု တာချီလိတ်မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။
“ဖမ်းထားတဲ့နေရာမှာပဲ (တရားရုံး) ရုံးခန်းဖွင့်လိုက်တယ်။ ပြီးတော့မှ စာရေးတွေနဲ့ စာရင်းသွင်းပေါ့။ အာမခံရှိတဲ့သူက အာမခံစာရင်းသွင်းပေါ့။ ပြီးတော့မှ အထဲကလူကို အပြင်ကိုထုတ်၊ ခဏထိုင်ခိုင်းပြီး လက်မှတ်ထိုးခိုင်းတယ်။ ဒီလောက်ပါပဲ” ဟု သူက ဆိုသည်။
သိမ်းဆည်းထားသော ဆိုင်ကယ်များပြန်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်ဟု ဆိုသည်။
တာချီလိတ်မြို့ ရောင်နီဦးကွင်းအနီးရှိ အဆောက်အအုံတစ်ခုတွင် အဆိုပါ ကျားဖြန့်ဝန်ထမ်းများကို ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
စစ်ကောင်စီနှင့် ဆက်စပ်သည့်သတင်းများကို ဖော်ပြသည့် ရှမ်းအရှေ့သတင်းမဏ္ဍိုင် အွန်လိုင်းစာမျက်နှာတွင် မြန်မာနိုင်ငံသား ၄၈၄ ဦး ကို ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်မိတ္ထူနှင့်အတူ သန်းခေါင်စာရင်းရှိသူ နှစ်ဦး၏ အာမခံထောက်ခံစာနှင့်အတူ ခံဝန်ထိုးခိုင်းကာ လွှတ်ပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မတ် ၈ ရက်က အသက် ၁၈ နှစ်မပြည့်သေးသူ အယောက် ၅၀ ဝန်းကျင်ကို ပထမအကြိမ်ပြန်လွှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ 1G1-7 ဟိုတယ်ဘေးရှိ အွန်လိုင်း လောင်းကစားရုံကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း၍ ကျားဖြန့်ဝန်ထမ်းများကို ဖမ်းဆီးခဲ့သည်။
ကျားဖြန့်ဝန်ထမ်း ၆၉၇ ဦး ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦး၊ ထိုင်းနိုင်ငံသား ၁၅၄ ဦး၊ အသက် ၁၈ နှစ်အောက် ၅၈ ဦးနှင့် မြန်မာနိုင်ငံ သား ၄၈၄ ဦးတို့ ပါဝင်သည်။
ဖမ်းဆီးထိန်းသိမ်းထားသည့် တရုတ်နှင့် ထိုင်းနိုင်ငံသားများကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေးခဲ့သည်၊ ထိုင်းနိုင်ငံသားများကို ထိုင်းအစိုးရထံ လွှဲပြောင်းပေးသွားမည်ဟု အထက်ပါ သတင်းတွင် ဖော်ပြထားသည်။
လောင်းကစားလုပ်ငန်းများစွာရှိသည့် တာချီလိတ်မြို့တွင် ဟိုတယ်နှင့် ကေတီဗွီလုပ်ငန်းများသည်ပင် ထိုလုပ်ငန်းများနှင့် ဆက်စပ်နေကြောင်း၊ လက်ရှိတွင် လောင်းကစားလုပ်ငန်းများ ခေတ္တငြိမ်သွားကြောင်း တာချီလိတ်မြို့ခံများက ဆိုသည်။
ပြီးခဲ့သည့်နှစ်ကုန်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ မြန်မာ – တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း ကျားဖြန့်ဟု ခေါ်သည့် ငွေလိမ်ဂိုဏ်များကို နှိမ်နင်းမှုအရှိန်မြင့်လာချိန် တရုတ်ရဲများက တာချီလိတ်မြို့ရှိ လောင်းကစားလုပ်ငန်းများကို ဆင်းဖမ်းသည်ဟူသော သတင်းလည်း ထွက်ပေါ်ခဲ့သည်။
တရုတ်အစိုးရ၏ ဖိအားပေးမှုဖြင့် တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ ဖြိုခွင်းခံရပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တိုက်ဖျက်သွားမည်ဟု စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ကြေညာထားသည်။
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းရေး ထိုင်းနှင့် မြန်မာစစ်တပ် ခေါင်းဆောင်များ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် နိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့မှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးကျော်လွင်ကို ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွှယ်သည်ဟုဆိုကာ ထိုင်းနှင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည်။
ထို့ပြင် ဖေဖော်ဝါရီကုန်တွင် စစ်တပ်နှင့် လမ်းခွဲလိုက်သည့် ကရင်နယ်ခြားစောင့်တပ် (BGF) က မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသော နိုင်ငံခြားသား တစ်ထောင်နီးပါးကို ထိုင်းနှင့် တရုတ်နိုင်ငံတို့ထံ လွှဲပြောင်းပေးခဲ့သည်။