ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဇိုင်ချောင်းကျေးရွာကို နိုဝင်ဘာ ၂ ရက်တွင် တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး ရွာသား ၆၀ ခန့်ကို ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းကာ စစ်ဆေးနေသည်ဟု ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။
တပ်မတော်စစ်ကြောင်းဝင်ရောက်လာချိန်တွင် ရွာသားအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မပြေးနိုင်ဘဲ ကျန်ရစ်နေသည့် အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အို ၆၀ ခန့်ကို ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“ဒီအချိန်အထိ ထမင်းလည်း မစားကြရသေးဘူး။ ဘာမှလည်းမစားကြရသေးဘူးလို့ သိရတယ်။ ပြီးတော့ အခုအချိန်အထိ ပြန်လွတ်လာတယ်ဆိုတဲ့သတင်းလည်း မရသေးဘူး” ဟု ဦးကျော်လွင်က ယနေ့ (နိုဝင်ဘာ ၃) တွင် ပြောသည်။
ဇိုင်ချောင်းရွာသည် ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၁၁ မိုင်ခန့် အကွာတွင် တည်ရှိပြီး အိမ်ခြေ ၁၂၀ နှင့် လူဦးရေ ၅၀၀ ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
တပ်မတော်စစ်ကြောင်းမဝင်ရောက်မီ ထိုနေ့နံနက်ပိုင်းတွင် ဇိုင်ချောင်းရွာမှ သိုင်ချောင်းရွာသို့ သွားသည့် လမ်းတွင် တပ်မတော်မှ ဗိုလ်ဆင့်ရှိ အရာရှိနှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟူသော သတင်းများလည်း ပျံ့နှံ့ခဲ့သည်ဟု ဦးကျော်လွင်က ပြောသည်။
ထိုသို့ တပ်မတော်အရာရှိနှစ်ဦး ဖမ်းဆီးခံရသည်ဟု ကြားရပြီးနောက် မိနစ်အနည်းငယ်အကြာတွင် တပ်မတော်စစ်ကြောင်းက ရွာအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဇိုင်ချောင်းရွာသားတစ်ဦးက ပြောသည်။
ထို့အပြင် ဇိုင်ချောင်းရွာအတွင်း နေရာယူထားသည့် စစ်ကြောင်းက ရွာတောင်ဘက်ရှိ တောင်ကုန်းများသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နွားကျောင်းနေသည့် အသက် ၄၀ အရွယ် ဒေါ်နုခိုင်မေကို ထိမှန်ခဲ့ကြောင်း အဆိုပါ ရွာသားက ပြောသည်။
“ရင်ဘတ်ကနေ ကျည်ဆန်ဖောက်ဝင်ပြီး နောက်ကျောကနေ ဖောက်ထွက်သွားတယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ ဇိုင်ချောင်းရွာက နေအိမ်တစ်လုံးလည်း မီးရှို့ခံရတယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို ယနေ့ နံနက်ပိုင်းတွင် ကျောက်ဖြူဆေးရုံသို့ တင်ပို့ခဲ့သည်ဟုလည်း ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။
အဆိုပါ ဖမ်းဆီး၊စစ်ဆေးမှု ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်ကလည်း ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာမှ ဒေသခံ ၇ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး အသက် ၅၀ အရွယ် ဦးခင်မောင်သန်းကို ဖမ်းဆီးသည့်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်သူများကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
သိုင်းချောင်းကျေးရွာအုပ်စုအပါအဝင် ကျောက်ဖြူမြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၄၉ ခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။