ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မဲဆန္ဒနယ်တွင် နိုင်ငံရေးပါတီတစ်ခုက တန်းတူမဲဆွယ်ခွင့်မရကြောင်း တင်ပြမှုကြောင့် ရွေးကောက်ပွဲမကျင်းတော့ခြင်းဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောသည်။
မိုင်းကိုင်မဲဆန္ဒနယ်သည် စစ်မက်ဖြစ်ပွားနေခြင်းမရှိသည့်တိုင် လက်နက်ကိုင်အဖွဲ့အစည်းများအကြား မဲဆွယ်စည်းရုံးရေးအငြင်းပွားမှုကြောင့် ရွေးကောက်ပွဲကျင်းပခွင့် ပယ်ဖျက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသိန်းနိုင်က ပြောသည်။
“ပါတီတွေရော၊ ဒေသခံတွေကြားမှာ တချို့ပါတီတွေက ကန့်သတ်ချက်တွေရှိနေတယ်။ ဒါကတော့ တကယ်အမှန်ရှိခဲ့တယ်။ ဒါပေမယ့် မလုပ်ပါနဲ့လို့တော့ ဘယ်ပါတီကမှ မပြောဘူး။ ကျွန်တော်လည်း မပြောဘူး”ဟု ၎င်းက Myanmar Now ကို ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက်ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိတော့သည့် မိုင်းကိုင်မြို့နယ်မှ မဲပေးပိုင်ခွင့်ရှိသူ ခြောက်သောင်းနီးပါး မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်သည်။
မိုင်းကိုင်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၅ ခုရှိသည့်အနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့မှ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲကျင်းပပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အောက်တိုဘာ ၁၈ တွင် စာပို့တောင်းဆိုထားသည်။
ရွေးကောက်ပွဲကော်မရှင်ထံ စာပို့တောင်းဆိုရာတွင် မပါဝင်သည့် နိုင်ငံရေးပါတီ ၂ ခုမှာ လတ်တလော ဖျက်သိမ်းခံလိုက်ရသည့် နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နှင့် တန်းတူမဲဆွယ်စည်းရုံးခွင့်မရသဖြင့် ကော်မရှင်ထံ တိုင်ကြားခဲ့သော တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) ပါတီဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို ကျေနပ်လက်ခံသဖြင့် ရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုရာတွင် မပါဝင်ခဲ့ကြောင်း တအာင်းအမျိုးသားပါတီ (TNP) ကိုယ်စားပြု မိုင်းကိုင်မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မိုင်းနုမ်ဟန်က အောက်တိုဘာ ၂၁ ရက်တွင် ပြောသည်။
“မဲဆွယ်စည်းရုံးရေးရောက်တဲ့ ရွာတိုင်းရွာတိုင်းမှာ RCSS (ရှမ်းပြည်တော်လှန်ရေးကောင်စီ) ဘက်က တားတဲ့စာတွေ တန်းရောက်လာတယ်။ ကြည့်လိုက်တော့ ရွာသားတွေအနေနဲ့ ကျွန်တော်တို့ပါတီကို လက်မခံဖို့၊ မပတ်သက်ဖို့အတွက် မဲစည်းရုံးခွင့်မပေးတဲ့ ကိစ္စပေါ့နော်။ အကယ်၍ ကျွန်တော်တို့ကို စည်းရုံးခွင့်ပြုမယ်ဆိုရင် အဲ့ဒီရွာက ဒဏ်ငွေ ၁၀ သိန်း ပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံခဲ့ရတယ်” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်တော်လှန်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်းကိုင်မြို့နယ်ရှိ မောလင်နှင့် ပန်တုကေကျေးရွာအုပ်စုများသို့ ဩဂုတ်လအတွင်းက မဲဆွယ်စည်းရုံးရေး သွားရောက်ရာတွင် ကြုံတွေ့ခဲ့ရပုံကို မိုင်းနုမ်ဟန်က ပြောပြခြင်းဖြစ်သည်။
တအာင်းအမျိုးသားပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းရွေးချယ်သော အချိန်ကပင် RCSS က တားမြစ်ဟန့်တားသည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ဆိုသည်။
“ဝင်ပြိုင်လို့ ရတယ်ဆိုတဲ့ နာမည်လည်းပေါက်သွားတဲ့အခါကျတော့ ဒီရှမ်းအဖွဲ့အစည်းက မိုင်းကိုင်မြို့ပေါ်မှာ TNP ပါတီအဖွဲ့ဝင်တွေကို ခေါ်ပြီးတော့ မင်းတို့ တအာင်းပလောင်တွေက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်လို့ မရပါဘူး။ အကယ်၍ မင်တို့ ဝင်ပြိုင်ချင်တယ်ဆိုရင် မင်းတို့တအာင်းတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသ နမ့်ဆန်နဲ့ မန်တုံမှာသွားပြီးတော့ ယှဉ်ပြိုင်ပါဆိုပြီး တားမြစ်တာ”ဟု မိုင်းနုမ်ဟန်က ပြောသည်။
ထို့ပြင် မဲဆွယ်ခွင့်ရရန် RCSS ထံ ကြိုတင်စာပို့ကာ နောင်စံဖူး၊ ဖာခေါင်၊ ခေးအုံအွေ့၊ စုံလော စသည့် ကျေးရွာအုပ်စုများသို့ စက်တင်ဘာလဆန်းပိုင်းတွင် သွားရောက်ခဲ့ရာတွင်လည်း RCSS က ဝင်ခွင့်မပြု၍ မဲဆွယ်ခွင့် မရခဲ့ကြောင်းဆိုသည်။
သို့သော် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ မည်သည့်ပါတီကိုမျှ တားမြစ်ခြိမ်းခြောက်ခဲ့ခြင်းမရှိကြောင်း RCSS က ငြင်းဆိုသည်။
“သူတို့ လွတ်လွတ်လပ်လပ်စည်းရုံးခွင့် မရတာကို ပိုပြီးတော့ ပြောတာပေါ့။ မဟုတ်မမှန်ကို ပိုပြောတာပေါ့။ အဲ့ဒါတွေက မတရားစွပ်စွဲချက်ကြီးပဲ တကယ်နာမည်ပျက်တယ်။ လုံးဝမကောင်းဘူး အဲ့လိုပြောတာ” ဟု RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းအုပ်ခေးက ပြောသည်။
TNP ပါတီစည်းရုံးရေးဆင်းရာတွင် စစ်ရေးဖြစ်လာစေနိုင်သည့် စကားများပါလာသဖြင့် တာဆီးမှုအချို့ ရှိခဲ့သည်ဆိုသော်လည်း မည်သည့်အချက်များဖြစ်သည်ကိုမူ ၎င်းက ထည့်သွင်းပြောကြားခြင်း မရှိပေ။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော RCSS ထိန်းချုပ်ရာဒေသရှိ မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပခြင်းက ဒေသခံများအတွက် ထိခိုက်နစ်နာမှုရှိနိုင်သော်လည်း RCSS အပေါ် သက်ရောက်မှုမရှိနိုင်ဟုလည်း စိုင်းအုပ်ခေးက ဆိုသည်။
မိုင်းကိုင်မဲဆန္ဒနယ်သည် လတ်တလော စစ်မက်ဖြစ်ပွားနေသည့် နေရာမဟုတ်သလို ကိုဗစ်နိုင်တင်း ကပ်ရောဂါအကြောင်းပြု၍ လူနေထူထပ်သောနေရာလည်း မဟုတ်သဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် မဲဆန္ဒရှင်တစ်သောင်းကျော်က ရွေးကောက်ပွဲကော်မရှင်ကို စာပို့တောင်းဆိုထားသည်။
“ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေပေါ့ အဲ့ဒါကို။ ဒီဘက်ကလည်း အားလုံးက တစ်ညီတစ်ညွတ်တည်းပဲ၊ အဆင်ပြေပါတယ်၊ ကျင်းပနိုင်ဖို့အခြေအနေ ဖြစ်ပါတယ်ပေါ့။ အားလုံးကလည်း ထောက်ခံပြီးတော့ စာပြန်တင်ထားတာ”ဟု SNLD ပါတီမှ လက်ရှိ မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်းက ပြောသည်။
၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် မိုင်းကိုင်မဲဆန္ဒနယ်၌ SNLD အနိုင်ရခဲ့သည်ဖြစ်ရာ ရွေးကောက်ပွဲမကျင်းဖြစ်ပါက SNLD အတွက် အလွန်နစ်နာသည်ဟုလည်း ၎င်းက ပြောသည်။
“တစ်မြို့နယ်လုံးကို ချန်လှပ်ထားခဲ့မယ်ဆိုတော့ SNLD အတွက်က အများကြီးနစ်နာတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၊ နောက် ပြည်နယ်ကိုယ်စားလှယ်နှစ်ဦး။ အဲ့တော့ ဒါက အများကြီးကို ထိခိုက်နစ်နာစေတဲ့ အနေအထားဖြစ်တယ်”ဟု စိုင်းဆိုင်မိုင်းက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်ထံ စာပို့တောင်းဆိုရာတွင် ပါဝင်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီ၏ မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းခေးဆိုင်ကလည်း ရွေးကောက်ပွဲမကျင်းပပါက ဒေသခံမဲဆန္ဒရှင်များ လွန်စွာနစ်နာသည်ဟုဆိုသည်။
ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် မိုင်းကိုင်မဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီက မဲအရေအတွက် ဒုတိယအများဆုံးရရှိခဲ့သည့် ပါတီဖြစ်သည်။
“ဒီမှာက ရောဂါလည်း ဖြစ်ပွားမှု အနေအထားလည်း မရှိဘူး။ နောက် စစ်ပွဲတွေဘာတွေလည်း မရှိဘူး။ ပါတီအချင်းချင်းကလည်း သင့်မြတ်တယ်။ ပဋိပက္ခတွေ မရှိဘူးပေါ့ဗျာ။ ပိတ်သွားတာကို အံ့အားသင့်နေတာ” ဟု စိုင်းခေးဆိုင်က ပြောသည်။
မိုင်းကိုင်တွင် ရွေးကောက်ပွဲ မကျင်းပခြင်းမှာ RCSS နှင့် TNP ကြားက ပြဿနာကြောင့်ဟု NLD ပါတီ၏ မိုင်းကိုင်မြို့နယ် ကိုယ်စားလှယ်လောင်း စိုင်းဆိုင်ဝမ်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်အတွင်း မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ်များမှာ မိုင်းလား၊ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နှင့် မိုင်းကိုင်တို့ဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် ကျေးရွာအုပ်စု ၁၃၆ ခုနှင် မြို့ပေါ်ရပ်ကွက် ၅ ခုတွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ပေ။
ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်သော မြို့နယ်များအနက် မိုင်းလား၊ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ပန်ဝိုင်မြို့များသည် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပါဝင်ပြီး ၂၀၁၀ နှင့် ၂၀၁၅ တွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။