
စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်ရေး သုံးနှစ်ကာလအတွင်း ရှိလာချိန်အထိ မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများကို ယူကရိန်း-ရုရှား၊ အစ္စရေး-ဟားမက်စ် စစ်ပွဲများလောက် ကမ္ဘာကြီးက စိတ်မဝင်စားဘဲ မျက်နှာလွှဲထားခဲ့ပြီ ဖြစ်သည်။
မြန်မာ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို မျက်နှာလွှဲထားခဲ့သည်။ သို့သော် အာဆီယံက ချမှတ်ထားသော “တူညီဆန္ဒ ၅ ရပ်” ကို စစ်ကောင်စီက လက်မခံသဖြင့် မြန်မာ့ပြဿနာကို အာဆီယံအဖွဲ့ကြီးလည်း ဖြေရှင်းနိုင်စွမ်းမရှိ ဖြစ်နေသည်။
ထိုအခြေအနေတွင် မြန်မာ့အိမ်နီးချင်း တရုတ်နယ်စပ်အနီး ကိုးကန့်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာခဲ့ပြီး စစ်တပ်၏ သမိုင်းတွင် မကြုံစဖူး အကြီးအကျယ် စစ်ရှုံးနိမ့်နေမှုကို တရုတ်နိုင်ငံက မြင်တွေ့လာရသည်။
ထိုအခြေအနေတွင် မြန်မာစစ်တပ် ပြိုကွဲနိုင်သလား၊ ထိုမှဆင့်ကဲ နိုင်ငံပြိုကွဲနိုင်သလား ဆိုသည့် မေးခွန်းများနှင့် သုံးသပ်ပြောဆိုမှုများ ထွက်ပေါ်လာရာ မြန်မာတွင် ဘီလီယံနှင့်ချီ ရင်းနှီးမြုပ်နှံထားသော ၎င်းတို့၏ အကျိုးစီးပွားများ၏ လုံခြုံရေးနှင့် အနာဂတ် မဟာဗျူဟာစီမံကိန်းကြီးများအတွက် တရုတ်နိုင်ငံသည် မြန်မာ့လက်ရှိအခြေအနေအပေါ် စိုးရိမ်စိတ်များ စတင်ဖြစ်ပေါ်လာပုံရပါသည်။
တရုတ်နယ်စပ်တွင် စတင်ဖြစ်ပွားခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ကြောင့် စစ်ရှိန်မြင့်တက်နေသော မြန်မာ့ပြည်တွင်းရေးကို တရုတ်နိုင်ငံ ဝင်ရောက်စွက်ဖက်ရန် အကြောင်းဖန်လာခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” သို့မဟုတ် မြန်မာ့အရေး တရုတ်စွက်ဖက်မှု လမ်းစ
စင်စစ် မြန်မာပြဿနာကို ပြည်တွင်းရေးအဖြစ် သတ်မှတ်ထားသော တရုတ်နိုင်ငံသည် နိုင်ငံတကာမှ ကြားဝင်စွက်ဖက်မှုများကို အစဉ်ကန့်ကွက်နေသော နိုင်ငံဖြစ်သည်။ သို့သော် “၁၀၂၇ စစ်ဆင်ရေး” ၏ လျင်မြန်သော အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်မှုများကြောင့် စစ်ကောင်စီ မြန်မြန်ဆန်ဆန် စစ်ရှုံးနိမ့်လာမှုကို မထင်မှတ်ဘဲ မြင်တွေ့လာရသော တရုတ်အစိုးရသည် ၎င်း၏ရပ်တည်ချက်ကို စွန့်လွှတ်ပြီး၊ ကြားဝင်စွက်ဖက်မှုကို စတင် လုပ်ဆောင်လာပါသည်။
တစ်နည်းအားဖြင့် “၁၀၂၇ စစ်ဆင်ရေး” က တရုတ်အစိုးရနှင့် မြန်မာပြည်တွင်း ဘက်အသီးသီးမှ ပါဝင်ပတ်သက်နေသူများ၏ အကျိုးစီးပွားများ “ဆုံချက်” ဖြစ်လာခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ၏ စွက်ဖက်မှုကို မြင်တွေ့လာရခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။ ထို့ကြောင့် ထိုစစ်ဆင်ရေးနှင့်အတူ မြန်မာ့အရေးတွင် တရုတ်ဩဇာ အလျင်အမြန်ကြီးထွားလာနေသည်ကို တွေ့ရှိလာရသည်။
“၁၀၂၇ စစ်ဆင်ရေး”ကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုလျှင် ကိုးကန့် (MNDAA)၊ တအာင်း (TNLA)၊ ရက္ခိုင့်တပ်တော် (AA) ၏ ညီနောင်မဟာမိတ် ၃ ဖွဲ့က ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် ထို စစ်ဆင်ရေး စတင်ချိန်နှင့် အချိန်ကိုက်၍ တရုတ်အစိုးရသည် စစ်ကောင်စီ အုပ်စီးထားသည့် ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်နှိမ်နင်းရန် အင်အားသုံး အကောင်အထည်ဖော်လာသည်ကို တွေ့ရသည်။
တော်လှန်ရေးအင်အားစုများ၏ စစ်ဆင်ရေးနှင့် တရုတ်၏ အွန်လိုင်းငွေလိမ်ဂိုဏ်းများ အမြစ်ပြတ်နှိမ်နင်းရေး ထိုဖြစ်စဉ်နှစ်ခု တစ်ပြိုင်တည်း ပေါ်ပေါက်လာခြင်းမှာ တိုက်ဆိုင်မှုဟုဆိုလျှင် ယုံကြည်ရန် ခက်ခဲပါသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ရာတွင် တရုတ်အစိုးရ လိုလားသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးကို စစ်ဆင်ရေးရည်မှန်းချက်အဖြစ် ထည့်သွင်းထားခဲ့ခြင်းဖြင့် တရုတ်ထောက်ခံမှု ရရှိရန် ကြိုးပမ်းခဲ့သည်။ သို့သော် စစ်ဆင်ရေး၏ အဓိကရည်ရွယ်ချက်မှာ ၎င်းတို့ တိုင်းရင်းသားအသီးသီး၏ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဖြစ်သည်။

ကိုးကန့်ဒေသမှ စစ်ကောင်စီ တပ်စခန်းများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က အပြင်းအထန် ထိုးစစ်ဆင်နေချိန်၊ ပေကျင်း-နေပြည်တော် သံတမန်ရေးလွန်ထိုးမှုများ (Shuttle Diplomacy) ခပ်စိပ်စိပ်ပြုလုပ်ခဲ့သည်။
စစ်ကောင်စီ ထိန်းချုပ်ထားသော ကိုးကန့်ဒေသမှ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ထိထိရောက်ရောက် နှိမ်နင်းပေးရန်နှင့် တရုတ်လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီကို တရုတ်အစိုးရက ဆက်တိုက် ဖိအားပေးနေခဲ့သည်။
အွန်လိုင်းငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေး တရုတ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ရေးနှင့် သံတမန်ရေး နှစ်ဖက် ညှပ်ပိတ်ပြီး စစ်ကောင်စီကို ဖိအားပေးခဲ့သော အခြေအနေဖြစ်သည်။ ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” ကို တရုတ်က မီးစိမ်းပြ၍ ညီနောင်မဟာမိတ် ၃ ဖွဲ့က အကောင်အထည်ဖော်ခြင်းဖြစ်သည် ဟူသော သုံးသပ်ချက်များ စစ်ဆင်ရေး အစောပိုင်းကာလတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
နိုင်ငံ၏အရှေ့မြောက်ဘက်က စစ်ရေးဖိအားနှင့် မကြုံဖူးသော တရုတ်အစိုးရ၏ သံတမန်ရေးဖိအား ညှပ်ပူးညှပ်ပိတ် ကြုံတွေ့လာရသော စစ်ခေါင်းဆောင်များသည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ နောက်ကွယ်တွင် တရုတ် ရှိသည်ဟု ယုံကြည်ခဲ့ပုံရသည်။ ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” ကို “ကျူးကျော်စစ်” ဟု အတိအလင်း စွပ်စွဲခဲ့သည်။
ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့နှင့် နေပြည်တော်တွင် စစ်တပ်ထောက်ခံသော အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူများက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ လုပ်ဆောင်လာသည်အထိ စစ်ကောင်စီက ခွင့်ပြုပေးခဲ့သည်။
သို့သော် မြန်မာ့အရေးတွင် တရုတ်၏ရပ်တည်ချက် အင်အားချိန်ခွင်လျှာ အပြောင်းအလဲကို ဖန်တီးနိုင်ကြောင်း ဆင်ခြင်မိသော စစ်ဗိုလ်ချုပ်များသည် တရုတ်ဆန့်ကျင်ရေး ကိုယ်ရှိန်သတ်ကာ၊ တရုတ်အလိုရှိသော အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်များကို တက်တက်ကြွကြွ ဖမ်းဆီးပြပြီး တရုတ်အစိုးရထံ အပ်နှံခြင်းဖြင့် တရုတ်၏ ထောက်ခံရပ်တည်မှုရရှိရေး ပြန်လည်လုပ်ဆောင်လာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) ကလည်း “၁၀၂၇ စစ်ဆင်ရေး” နှင့် အချိန်ကိုက် ပူးပေါင်းစစ်ဆင်ရေးများကို ဖော်ဆောင်လာပြီး နိုင်ငံအနှံ့ စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ရာ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရှိရာနေရာများကို ရှောင်လွှဲရခက်လာသည်အထိ စစ်ဘောင် ကျယ်ပြန့်လာပါသည်။
ယင်းသည် တရုတ်အစိုးရ မမျှော်မှန်းခဲ့သော အခြေအနေဖြစ်ပြီး တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို NUG နှင့် မပူးပေါင်းရန် တရုတ်၏ဖိအားပေးမှုများ မအောင်မြင်ခြင်းလည်းဖြစ်သည်။ သို့သော် တရုတ်၏စိုးရိမ်မှုကို လျှော့ချရန် NUG က “အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား” ကြေညာချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် NUG က “မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်သွားမည်” ဟူသော တရုတ်၏ အကျိုးစီးပွား အကာအကွယ်ပေးရေး “မူ” ထားရှိကြောင်း တရုတ်အစိုးရကို အသိပေးခဲ့ပါသည်။
စစ်ကောင်စီက တစ်ဖက်၊ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ဖက် ရည်မှန်းချက်ကိုယ်စီဖြင့် စစ်ရေးပဋိပက္ခ ပြင်းထန်နေသော်လည်း နှစ်ဖက်စလုံးက တရုတ်၏အကျိုးစီးပွားကို အကာအကွယ်ပေးလိုကြသည့် သဘောထားများပြသကြသည်။
ဘက်အသီးသီးက ၎င်းတို့ကို ထောက်ခံရပ်တည်ပေးရန် လိုလားကြောင်း မြင်တွေ့လာရသော တရုတ်အစိုးရသည် ထို့အခွင့်အလမ်းကို အသုံးချပြီး မြန်မာ့ပြဿနာကို ကြားဝင်စွက်ဖက်ဖြေရှင်းရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
တရုတ်အစိုးရသည် “အားနည်းနိုင်ငံ” (Weak State) တစ်ခု၏ နိုင်ငံရေးမတည်ငြိမ်မှုမှ ၎င်းတို့၏အကျိုးစီးပွားအတွက် အခွင့်အလမ်းများ အလွယ်တကူရယူနိုင်သော အခြေအနေကို ကောင်းစွာသိရှိပြီးဖြစ်သည်။ ကမ္ဘာပေါ်ရှိ ပဋိပက္ခဖြစ်ပွားရာနိုင်ငံများကို ရွေးချယ်ပြီး အကျိုးအမြတ်ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများလုပ်တတ်သည့် အစဉ်အလာရှိသည်။ ထို့ကြောင့် မြန်မာ့ပြည်တွင်းရေး ကြားဝင်စွက်ဖက်မှုသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများ ကာကွယ်ရေးထက် ပိုမိုသော အခွင့်အလမ်းများကို ရှာဖွေနိုင်လိမ့်မည်ဟု တရုတ်က တွက်ဆနိုင်ပါသည်။

ဟိုင်ဂင်သဘောတူညီချက်နှင့် တရုတ်အကျိုးစီးပွား ကာကွယ်ရေးအာမခံချက်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက မြန်မာ့ပြဿနာတွင် ကိုယ်တိုင်ပါဝင်စွက်ဖက်ရန် ရှောင်ရှားခဲ့ပြီး မြန်မာ့အရေးသည် ပြည်တွင်းရေးဖြစ်၍ နိုင်ငံတကာက လုံခြုံရေးကောင်စီ၌ မြန်မာအရေးဆွေးနွေးပွဲများတွင် ဝင်ရောက်မစွက်ဖက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်သည် တောက်လျှောက်ခုခံ ပြောဆိုလာခဲ့သည်။
သို့သော် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် တရုတ်နယ်စပ်နှင့် ထိစပ်နေသော ကိုးကန့်ဒေသတစ်ခုလုံး စစ်မြေပြင်ဖြစ်လာသည့်အခါ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး မဖြစ်မနေလုပ်ဆောင်ရန် ကိုယ်တိုင်ကြားဝင်စွက်ဖက် ဖိအားပေး စေ့စပ်ညှိနှိုင်းမှု ပြုလုပ်လာခဲ့သည်။
ယူနန်ပြည်နယ် ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲခဲ့ပြီးနောက် ဇန်နဝါရီ လ ၁၁ ရက်နေ့တွင် “ဟိုင်ဂင်သဘောတူညီချက်” ရရှိခဲ့သည်။
ဤနေရာတွင် “ဟိုင်ဂင်သဘောတူညီချက်” ထွက်ပေါ်လာသည် အချိန်အခါကို သတိပြုသင့်ပါသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် MNDAA သည် ကိုးကန့်ဒေသတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ပြီးချိန်၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ၎င်းတို့ကို လက်ခံထားသော ကိုးကန့်သူဌေးမိသားစုများကို ဖမ်းဆီး သို့မဟုတ် ကိုးကန့်မြေမှ မောင်းထုတ်ပြီးချိန်တွင် ဟိုင်ဂင်သဘောတူညီချက် မဖြစ်မနေရရှိရန် တရုတ်တို့ ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဟိုင်ဂင်သဘောတူညီချက်ပါ အချက်များကို လေ့လာရာတွင် “တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန်” ဆိုသည့် အချက်အား စစ်ဖြစ်နေသော နှစ်ဖက်စလုံး လိုက်နာရန် ထည့်သွင်းခဲ့သည်။
ထို့ကြောင့် တရုတ်သည် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား အပစ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းပေးရုံသက်သက်မဟုတ်ပဲ၊ ထိုအခြေအနေကို အမိအရအသုံးချကာ မြန်မာပြည်တွင်းရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအတွက် လုံခြုံရေးအာမခံချက်ကိုပါ အရယူနိုင်ခဲ့သည်။
အကယ်၍ ထိုသဘောတူညီချက် ကျိုးပျက်ပြီး တိုက်ပွဲများ ပြန်ဖြစ်ခဲ့လျှင်တောင်မှ နှစ်ဖက်စလုံးသည် တရုတ်အစိုးရကို ကတိပေးခဲ့သော သဘောတူညီချက်အရ တရုတ်ရင်းနှီးမြှုပ်နှံမှုများ လုံခြုံရေးကို အာမခံကြပေလိမ့်မည်။ ယင်းသည် ဟိုင်ဂင်သဘောတူညီချက်မှ တရုတ်အစိုးရ ရရှိလိုက်သော အကျိုးအမြတ် ဖြစ်သည်။

ဟိုင်ဂင်သဘောတူညီမှုရရှိပြီး ၂ ရက်အကြာ ဇန်နဝါရီလ ၁၃ ရက်နေ့ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် “အပစ်အခတ်ရပ်စဲရေးကို ရှောင်လွှဲမရသည့် အခြေအနေအောက်တွင် ပြုလုပ်ခဲ့ရသည်” ဟု ထုတ်ဖော် ပြောကြားလာသည်။ ထိုပြောဆိုချက်၏ နောက်ကွယ်က အခြေအနေမှန်ကို မြန်မာပြည်သူများ မသိရှိနိုင်သော်လည်း စစ်ရှိန်တန့်သွားခြင်းကြောင့် စစ်ကောင်စီ အသက်ရှုခွင့် ရသွားစေသည်။
ထို့အတူ ထိုသဘောတူညီချက်ကို လက်ခံပြီးကတည်းက စစ်ကောင်စီသည် တစ်ရက်မျှ လိုက်နာခြင်းမရှိဘဲ ရှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်နယ်မြေများကို လေကြောင်းမှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ဆက်တိုက်ပြုလုပ်နေခဲ့သည်။
တစ်ဖန် တရုတ်အစိုးရသည် ဟိုင်ဂင်သဘောတူညီချက်၏ နောက်ဆက်တွဲအဖြစ် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို အမြန်ဆုံး ပြန်လည်စတင်နိုင်ရန် တစ်ဆင့်တိုး ဖိအားပေးနိုင်ဖွယ် ရှိနေပါသည်။ အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးကိုသာ လုပ်ဆောင်လိုသော တရုတ်သည် “၁၀၂၇ စစ်ဆင်ရေး” ကြောင့် နယ်စပ်ကုန်သွယ်ရေး အခိုက်အတန့်အားဖြင့် ရပ်တန့်သွားနိုင်သည်ကို မျှော်လင့်ထားခဲ့နိုင်ပါသည်။
သို့သော် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးရည်မှန်းချက်များက ကိုးကန့်ဒေသတစ်ခုတည်း မဟုတ်ပါ။ ရှမ်းမြောက်တစ်ခွင်လုံးကို သိမ်းပိုက်ထိန်းချုပ်ရန်နှင့် စစ်အာဏာရှင်ဖယ်ရှားရေးအထိ ရည်ရွယ်ထားသည်ဖြစ်၍ နယ်စပ်ကုန်သွယ်ရေး ကာလကြာရှည် ရပ်တန့်နိုင်သည့် အခြေအနေကို တရုတ်အစိုးရ မြင်တွေ့လာရသည်။
မြန်မာနယ်စပ်မတည်ငြိမ်မှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သွားခြင်းကြောင့် ယူနန်ပြည်နယ်ရှိ တရုတ်စီးပွားရေးလုပ်ငန်းများသည် နေ့စဉ် ဒေါ်လာ သန်းဆယ်ဂဏန်း၊ လစဉ် ရာဂဏန်းအထိ ထိခိုက်နစ်နာ ဆုံးရှုံးလျက်ရှိသည်။ ထိုအခြေအနေကို ဖြေရှင်းရန် တရုတ်အစိုးရသည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ရည်မှန်းချက်များနှင့် မြန်မာပြည်သူများ၏ဆန္ဒထက် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေး လုပ်ဆောင်လာသည်ကို တွေ့မြင်လာရသည်။
ထိုမျှ ပဋိပက္ခများဖြင့် မတည်ငြိမ်သော အခြေအနေတွင် တရုတ်အစိုးရသည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြုပ်နှံရမည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနှင့် ထပ်မံချုပ်ဆိုခဲ့သည်။ ယင်းအပြုအမူသည် ပဋိပက္ခကြားမှ အခွင့်အလမ်းရှာတတ်သော တရုတ်တို့၏ သရုပ်မှန် ဖြစ်သည်။
တရုတ်အစိုးရ၏ အပြုအမူသည် စစ်ကောင်စီကို မြန်မာနိုင်ငံ၏ အုပ်ချုပ်သူအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဆက်ဆံနေပြီး နိုင်ငံ၏ နယ်မြေအတော်များများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သော NUG နှင့် တော်လှန်ရေးအင်အားစုများကိုမူ တန်းတူထား၍ မဆက်ဆံသည်ကို ရှင်းလင်းစွာ လက်ခံရန် အချိန်ကျပြီ ဖြစ်သည်။
ထိုအခြေအနေတွင် “အိမ်နီးချင်းကို ရွေးချယ်ခွင့်မရှိ” အယူအဆအောက်တွင် တရုတ်အစိုးရနှင့် အဆင်ပြေပြေနေမှဖြစ်မည်ဆိုသော အစဉ်အလာ အတွေးအခေါ်ကြောင့် တော်လှန်ရေးအရှိန် လျော့ကျသွားမည့်အခြေအနေမှာ အပူတပြင်းစိုးရိမ်ဖွယ်ရာဖြစ်လာသည်။
တရုတ်စွက်ဖက်မှု တိုးချဲ့လာနေခြင်းနှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရန် တရုတ်က အခွင့်အလမ်းများ တိုး၍ ဖန်တီးပေးနေခြင်းများကို တုံ့ပြန်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။

တရုတ်ထောက်ခံမှုထက် တရုတ်စွက်ဖက်မှုကင်းရန် ပို၍ အရေးကြီး
“အိမ်နီးချင်းကို ရွေးချယ်ခွင့်မရှိ၊ ကမ္ဘာတည်သ၍ အဆင်ပြေပြေ အတူယှဉ်တွဲနေထိုင်သွားရန် အရေးကြီးသည်” ဟူသော အိမ်နီးချင်း သံတမန်ဆက်ဆံရေး (Neighboring Diplomacy) အယူအဆကို ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များက လက်ခံကျင့်သုံးလာခဲ့ကြသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်ကတည်းက ထိုအယူအဆ အားကောင်းစွာ လွှမ်းမိုးခဲ့ရခြင်းမှာ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အာရှတိုက်၏ မဟာအင်အားကြီး တရုတ်နှင့် အိန္ဒိယနိုင်ငံအကြား တည်ရှိခြင်းဟူသော ပထဝီနိုင်ငံရေး နောက်ခံအကြောင်းတရားပေါ်တွင် အခြေခံသည်။
မျက်မှောက်ကာလတွင်လည်း NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အဆင်ပြေပြေဆက်ဆံရေးကိုပင် ဦးစားပေး လက်ခံကျင့်သုံးနေခဲ့ကြသည်။ ဟိုင်ဂင်သဘောတူညီချက်ကို မလွှဲသာ၍ လက်မှတ်ထိုးခဲ့ရသည်ဟူသော အချက်က သက်သေပင် ဖြစ်သည်။
အိမ်နီးချင်းများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းကို အားပေးသော ထိုအယူအဆသည် အပြစ်ဆိုဖွယ် မရှိပါ။ ငြိမ်းချမ်းသောကာလများတွင် ထိုအယူအဆသည် ပျားသကာလို ချိုမြိန်သော သံခင်းတမန်ခင်း နည်းနာ ဖြစ်သည်။ သို့သော် ပဋိပက္ခကာလများတွင် အိမ်နီးချင်း၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ တစ်ဖက်သားက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားမြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ရှေ့တန်းတင်နိုင်သည့် အခွင့်အလမ်းဖြစ်သွားနိုင်သည်။
ထိုအခြေအနေကို အထက်တွင် ဖော်ပြခဲ့သော လတ်တလော မြန်မာ-တရုတ် ဆက်ဆံရေးတွင် ရှင်းလင်းစွာ တွေ့မြင်ရသည်။ မြန်မာနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးအဖြစ် အမွှမ်းတင်ခဲ့ကြပြီး ထိုဆက်ဆံရေးကို မြန်မာဘက်က ကျင့်သုံးရာတွင် “အိမ်နီးချင်းကို ရွေးချယ်ခွင့်မရှိ” ဆိုသည့် အယူအဆအခြေခံပေါ်တွင် တည်မှီထားကြောင်း ကောက်ချက်ဆွဲနိုင်ပါသည်။
ဆယ်စုနှစ်များစွာ နိုင်ငံရေးတည်ငြိမ်မှု အားနည်းခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ကွဲပြားမှုများရှိနေခြင်းကို ကောင်းစွာသိထားသော တရုတ်အစိုးရသည် ထိုအခြေအနေကို အခွင့်ကောင်းယူလျက် ဘက်အသီးသီးအပေါ် ဩဇာလွှမ်းမိုးထားနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းခဲ့သည်။ “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးကို သိမ်မွေ့စွာ အသုံးချခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှု အဆိုးရွာဆုံးအဆင့်သို့ ရောက်ရှိလာပြီး ပြည်တွင်းစစ်မီးမှာ တရုတ်နယ်စပ်အထိ ကျယ်ပြန့်လာခဲ့သည်။ ထိုအခါ မြန်မာပြည်တွင်းရှိ ၎င်းတို့၏အကျိုးစီးပွားများ လုံခြုံရေးသည် မည်သည့်ကာလနှင့် မတူသော ခြိမ်းခြောက်ခံရမှုများ ဖြစ်ပေါ်လာသည်ကို တရုတ်အစိုးရ ရင်ဆိုင်ကြုံတွေ့ရသည်။

ထိုအခြေအနေတွင် တရုတ်၏ “ဆွေမျိုး- ပေါက်ဖော်” သံတမန်ဆက်ဆံရေး “သရုပ်မှန်” ကို မြင်တွေ့လာရသည်။ ယင်းမှာ တရုတ်က ၎င်းတို့၏ အကျိုးစီးပွားများ ကာကွယ်ရေးကို ထိုဆက်ဆံရေး၏ “ဗဟိုချက်” အဖြစ် အသုံးပြုလာခြင်း ဖြစ်သည်။ ထိုအချက်ကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး တိုက်ပွဲဝင်နေသော မြန်မာ့ စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များက ရှင်းလင်းစွာ သဘောပေါက် ကြည့်မြင်သင့်သည်။
လက်ရှိအခြေအနေတွင် တော်လှန်ရေးအင်အားစုများက တရုတ်၏ထောက်ခံရပ်တည်မှုသာ ရရှိမည်ဆိုလျှင် နေပြည်တော်က စစ်ဗိုလ်ချုပ်များ၏ ခေတ်တစ်ခေတ်ကို အဆုံးသတ်နိုင်ပေလိမ့်မည်။ မြန်မာပြည်သူများ၏ဆန္ဒများ မြန်မြန်ဆန်ဆန် ပြည့်ဝနိုင် ပါသည်။
ထိုသို့မဟုတ်ပဲ တရုတ်က စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံနေပြီး တော်လှန်ရေးအရှိန်ကို လျော့ချရန် ကြိုးစားလာပါက စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေး ပြည်သူအများစု လိုလားချက်ကို အကောင်အထည်ဖော်ရန် ကြီးမားသောအဟန့်အတားဖြစ်လာပါလိမ့်မည်။
ထို့ကြောင့် တရုတ်ထောက်ခံမှု မရရှိသည့်တိုင်၊ တရုတ်စွက်ဖက်မှုကင်းရန် လိုအပ်ပေသည်။ ထိုအခြေအနေကို စစ်အာဏာရှင်စနစ် ဖယ်ရှားရေးဦးဆောင်နေသော စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ သတိမူရမည်ဖြစ်၍ တရုတ်စွက်ဖက်မှုကို ပါးနပ်စွာ တုန့်ပြန်ရန် လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။