အတွေးအမြင်

အသေမွေး အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို အသက်ရှိသယောင် ဟန်ဆောင်နေကြသူများ

ဧပြီလ ၂၄ ရက်နေ့သည် အရှေ.တောင်အာရှနိုင်ငံများအသင်း ခေါ် အာဆီယံအဖွဲ့၏ ခေါင်းဆောင်များ ချမှတ်ခဲ့သော မြန်မာ့အရေး ဖြေရှင်းရန် တူညီဆန္ဒ ၅ ရပ် အကောင်အထည်မဖော်နိုင်သည့် နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ အာဏာသိမ်းအပြီး စစ်ကောင်စီ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ခေါ်ယူတွေ့ဆုံ၍ အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော အချက် ၅ ချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးမှုများ ပြုလုပ်ရန် ဟူသော အချက်များ ပါရှိခဲ့သည်။ 

ထိုအချိန်မှစ၍ နှစ်နှစ် အချိန်ကာလအတွင်း အာဏာသိမ်းစစ်တပ်၏ နေ့စဉ်အကြမ်းဖက်သတ်ဖြတ်များမှ နေရပ်စွန့်ခွာ၍ အသက်လု ထွက်ပြေးနေရသော ပြည်သူ ၁.၈ သန်းအထိ မြင့်တက်လာနေသည်။ ထိုအခြေအနေတွင် ကမ္ဘာကြီးက ဝမ်းနည်းစကားဆိုရုံမှတစ်ပါး စစ်တပ်၏ အကြမ်းဖက်မှုများကို ထိရောက်သော ကြားဝင်တားဆီးမှုမျိုး မလုပ်ဘဲ လက်ပိုက်ကြည့်နေခဲ့ကြသည်။ 

မြန်မာပြည်သူများ၏ အသက်ရှင်သန်ခွင့်ကို “ပြည်တွင်းရေး” အဖြစ် သတ်မှတ်သည်။ မြန်မာ့အရေးမှာ ထိုနေရာတွင်ပင် အဆုံးသတ်လျက်ရှိသည်။ 

တစ်ပါတီအာဏာရှင်နိုင်ငံများဖြစ်သော ရုရှားနှင့် တရုတ်တို့က မြန်မာ့အရေးသည် ပြည်တွင်းရေးဖြစ်သည်ဆိုကာ အခြားနိုင်ငံတို့၏ ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်နေသည်၊ 

ကမ္ဘာတစ်ဝန်း ဒီမိုကရေစီထွန်းကားရေး ကြိုးပမ်းနေသော အမေရိကန်၊ ဥရောပနှင့် အနောက်အင်အားကြီးနိုင်ငံများသည် မွေးကတည်းက သေနေပြီးသား (Stillborn) တူညီဆန္ဒ ၅ ရပ်ကို ထောက်ခံပါသည်ဟုဆိုကာ အာဆီယံကို ခုတုံးလုပ်ပြီး ၎င်းတို့၏ ကျင့်ဝတ်သိက္ခာအရ တာဝန်ရှိမှုကို မျက်ကွယ်ပြုနေခဲ့ကြသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ ရွာလုံးကျွတ် မီးတင်ရှို့သတ်ဖြတ်မှုသတင်းများ ပေါ်ပေါက်တိုင်း အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်သို့ ပြန်သွားရန်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက်ကို လိုက်နာကြပါရန် တိုက်တွန်းပါသည်ဟုသာ ထိုနိုင်ငံများက ထုတ်ပြန်နေကြသည်။ 

အသက်မရှိသော အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို အသက်ရှိနေသယောင်၊ အာဆီယံသည် မြန်မာ့ပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသယောင် ထောက်ခံနေကြသော ကမ္ဘာ့ကုလသမဂ္ဂနှင့် ဒီမိုကရေစီအင်အားကြီးနိုင်ငံများ၏ အပြုအမူမှာ အံ့ဩစိတ်ပျက်စရာ ကောင်းလေစွ။

၂၀၂၃ ဖေဖော်ဝါရီလဆန်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားပြုမှုကို ချန်လှပ်ထားစဉ်။ ဓာတ်ပုံ – EPA

တူညီဆန္ဒ ၅ ရပ် ၏ အားနည်းချက်များ

ယနေ့အချိန်ထိ တူညီဆန္ဒ ၅ ရပ်၏ အားနည်းချက်ကို ဝေဖန်ထောက်ပြသော နိုင်ငံ့ခေါင်းဆောင်တစ်ဦးတစ်ယောက်မျှ မတွေ့မြင်ရသေးပါ။

တူညီဆန္ဒ ၅ ရပ် အကောင်အထည်မဖော်နိုင်ခြင်းသည် စစ်ကောင်စီတွင်သာ တာဝန်ရှိပြီး၊ အာဆီယံသည် ၎င်းလုပ်ဆောင်ရမည့် အလုပ်များကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက လွန်ခဲ့သောနှစ် နိုဝင်ဘာလက ပြောခဲ့ဖူးသည်။ ထိုအချိန်က အင်ဒိုနီးရှားသည် အလှည့်ကျဥက္ကဋ္ဌတာဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်များကို ရယူရန် ပြင်ဆင်နေချိန် ဖြစ်သည်။  

ရတ်နိုမာဆူဒီ၏ အဆိုပါ ပြောကြားချက်က ၅၀ ရာခိုင်နှုန်းသာ မှန်သည်။ တူညီဆန္ဒ ၅ ရပ် အကောင်အထည်မဖော်နိုင်ခြင်းမှာ အာဆီယံတွင် တာဝန်မရှိဟူသော အချက်မှာ လုံးဝ မှားယွင်းသည်။ 

စင်စစ် တူညီဆန္ဒ ၅ ရပ် ချမှတ်စဉ် ၂၀၂၁ ဧပြီလကတည်းက အားနည်းချက်များ ပါလာပြီး၊ ထိုအတွက် အာဆီယံခေါင်းဆောင်များတွင် လုံးဝ တာဝန်ရှိပါသည်။

အဘယ်ကြောင့်ဆိုသော် တူညီဆန္ဒ ၅ ရပ်တွင် အာဆီယံဘက်က ဖော်ဆောင်ရမည့် နှစ်ချက် ပါဝင်သည်။ ၎င်းတို့မှာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ခြင်းနှင့် အဆိုပါ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံး (All Parties) နှင့် ထိတွေ့ဆက်ဆံရေး ဖြစ်သည်။  

ပထမအချက်ဖြစ်သော အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေးကို အာဆီယံခေါင်းဆောင်များ ဖန်တီးခဲ့ကြသော်လည်း၊ ထိုအစည်းအဝေးပြီးကတည်းက မည်သူ့ကို အထူးကိုယ်စားလှယ် ခန့်အပ်မည်ဆိုသည့် ကိစ္စအပေါ် အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားခဲ့သဖြင့် ၆ လခန့် နှောင့်နှေးခဲ့ရသည့်အချက်ကို မမေ့သင့်ပါ။ 

ထိုအချက်က ပြသနေသည်မှာ အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေး ဖြေရှင်းရန် မူဝါဒ ၅ ချက် ချမှတ်ခဲ့ခြင်း အလုပ်ကိုသာ လုပ်ခဲ့ကြပြီး၊ အကောင်အထည်ဖော်မည့် နည်းလမ်းများကို မစဉ်းစားခဲ့ကြသည်မှာ ထင်ရှားပါသည်။

နောက်ဆုံးအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးကို အထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ရာမှစ၍ ယင်းမှာ နောင်တွင် အာဆီယံဥက္ကဋ္ဌအဖြစ် အလှည့်ကျ တာဝန်ယူသည့် နိုင်ငံများအတွက် အစဉ်အလာသဖွယ်ဖြစ်ခဲ့သည်။

ဘရူနိုင်းအပြီး ၂၀၂၂ တွင် ဥက္ကဋ္ဌ တာဝန်ယူသည့် ကမ္ဘောဒီးယားကလည်း ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်ခဲ့သည်။၂၀၂၃ ခုနှစ် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း အလားတူပင်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ။ ဓာတ်ပုံ-EPA

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးဆိုသည့် အခင်းအကျင်းတစ်ခုကို ဖန်တီးခဲ့သည်။ သို့သော် ၎င်းကိုယ်တိုင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တာဝန်ယူထားခြင်း ရှိမရှိမှာမူ မရှင်းမလင်းဖြစ်နေသည်။

အင်ဒိုနီးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် လူပုဂ္ဂိုလ်တစ်ဦးကို ခန့်အပ်သည့် ပုံစံမျိုး မမြင်ရသေးဘဲ အထူးကိုယ်စားလှယ်ရုံးအမည်ဖြင့်သာ အလုပ်လုပ်နေသည်ကို တွေ့နေရသည်။

အမှန်အားဖြင့် အထူးကိုယ်စားလှယ်သည် အာဆီယံအသင်းကြီး၏ ကိုယ်စားလှယ် (ASEAN’s Special Envoy) သာ ဖြစ်သင့်ပြီး၊ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ၏ ကိုယ်စားလှယ် (ASEAN Chair’s Special Envoy) မဖြစ်သင့်ပါ။ 

အာဆီယံစနစ်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက တစ်နှစ်တစ်ကြိမ် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရသဖြင့် ထိုနိုင်ငံ၏ ခေါင်းဆောင်သဘောဆန္ဒအတိုင်း မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းပုံ တစ်နှစ်တစ်ခါ ပြောင်းလဲနေခြင်းက အဓိပ္ပာယ်မရှိပါ။ မြန်မာပြည်သူများ ခံစားနေရသော ဆိုးရွားလှသည့် လူမှုဒုက္ခများကို လှောင်ပြောင်နေသကဲ့သို့ပင်ဖြစ်သည်။ 

မြန်မာတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ် အာဏာသိမ်းပြီးနောက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့သည့် အထက်ပါ နိုင်ငံသုံးနိုင်ငံစလုံးက မြန်မာ့အရေးကို ကိုယ့်နည်း၊ ကိုယ့်ဟန်၊ ကိုယ့်ပုံစံ သုံးမျိုးသုံးစားဖြင့် ဖြေရှင်းနေခဲ့ကြသည်မှာ အာဆီယံ၏ အဆိုးရွားဆုံးအားနည်းချက်ဖြစ်သည်။ ထိုသို့ အလုပ်မဖြစ်သော အားနည်းချက်ကို အာဆီယံခေါင်းဆောင်များက လူသိရှင်ကြား ဝန်ခံသင့်သည်။

စင်စစ်တွင် အာဆီယံခေါင်းဆောင်များသည် တူညီဆန္ဒ ၅ ရပ် ချမှတ်ခဲ့စဉ်က အထူးကိုယ်စားလှယ်ခန့်အပ်ရေးကိုသာ သဘောတူခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အထူးကိုယ်စားလှယ်ကို အာဆီယံ၏ အမြင့်ဆုံးထိပ်သီးအစည်းအဝေးက တာဝန်ယူခန့်အပ်ခြင်း၊ အထူးကိုယ်စားလှယ်၏ သက်တမ်း၊ လုပ်ပိုင်ခွင့်နှင့် တာဝန်တို့ကို သတ်မှတ်ခြင်း စသည့် လက်တွေ့လုပ်ငန်းစဉ်များကို စဉ်းစားဆုံးဖြတ်ခဲ့ခြင်း မရှိခဲ့ပါ။ ယင်းသည် အာဆီယံခေါင်းဆောင်များက အဖွဲ့ဝင် မြန်မာနိုင်ငံအရေးကိစ္စအပေါ် ပေါ့ပေါ့ဆဆ စဉ်းစားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၁၉၉၇ ခုနှစ် အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံကို လက်ခံခဲ့ချိန်ကတည်းက ရှိနေခဲ့သော နိုင်ငံရေးပြဿနာများသည် ယခုနောက်ဆုံး စစ်အာဏာသိမ်းမှုနှင့် သီးခြားဖြစ်ပျက်နေခြင်းမဟုတ်ဘဲ တစ်ဆက်တစ်စပ်တည်းသာဖြစ်သည်။ သို့ဖြစ်ရာ အာဆီယံခေါင်းဆောင်များအကြား မြန်မာ့နိုင်ငံရေးပြဿနာနှင့် အစိမ်းသက်သက်မဟုတ်ပါ။

ဧပြီ ၁၁ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၍ ကလေး ၄၀ အပါအဝင် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် တွေ့ရသည့် အပျက်အစီးနှင့် ရုပ်ကြွင်းများ။ ဓာတ်ပုံ – ပေးပို့

သို့သော် အာဆီယံက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှု တစ်ကျော့ပြန် ဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို လျော့တွက်ခဲ့ကြသည်။ ယခင်တုန်းကကဲ့သို့ နောက်ဆုံး၌ မြန်မာပြည်သူများက ပိုနေမြဲကျားနေမြဲအဖြစ် သဘောထား၍ စစ်တပ်၏ အုပ်ချုပ်မှုကို လက်ခံသွားကြလိမ့်မည်ဟု အာဆီယံက လျှော့တွက်ခဲ့သည်မှာ သိသာလွန်းလှသည်။

ထို့ပြင် မြန်မာ့အရေးတွင် သက်ဆိုင်သူအားလုံး (All Parties) နှင့် ထိတွေ့ဆက်ဆံရေး “မူ” ကို အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော်လည်း၊ ယနေ့အချိန်ထိ ထို “မူ” အတိုင်း အကောင်အထည်မဖော်ဘဲ အရပ်သားအစိုးရထံမှ တရားမဝင် အာဏာလုယူထားသော စစ်ကောင်စီနှင့်သာ ထိတွေ့ဆက်ဆံနေခြင်းက အာဆီယံ၏ အခြေခံကျကျ မှားယွင်းသောလုပ်ရပ် ဖြစ်သည်။

ယနေ့အချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရကို “တရားဝင်” ထိတွေ့ဆက်ဆံခြင်း မပြုခြင်းက ချမှတ်ခဲ့သော “မူ” အတိုင်း အာဆီယံခေါင်းဆောင်များကိုယ်တိုင် မလိုက်နာခြင်း ဖြစ်သည်။ 

ထိုအချက်ကို အထင်အရှားတွေ့နေရပါလျက် စည်းမျဉ်းဥပဒေသအခြေပြုစနစ် (Rule-based Order) ကို ယုံကြည်လက်ခံထားကြသော ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် ကမ္ဘာကြီးက မသိကျိုးကျွန်ပြုလျက် အာဆီယံကသာ မြန်မာ့အရေးဖြေရှင်းနိုင်စွမ်းရှိသယောင် လေသံပစ်၍ တူညီဆန္ဒ ၅ ရပ်ကို မျက်စိစုံမှိတ် ထောက်ခံလျက်ရှိသည်။

ထို့အတူ အာဆီယံသည် ၎င်းတို့ ဖော်ဆောင်ရမည့် တူညီဆန္ဒ ၅ ရပ်ထဲမှ အထက်ပါ ကိစ္စနှစ်ရပ်ကို မှားယွင်းစွာ အကောင်အထည်ဖော်နေခြင်းကြောင့် ကျန်သုံးရပ်ဖြစ်သော အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးရေးတို့ အကောင်အထည်ပေါ်မလာတော့သည့် ဆိုးကျိုးသက်ရောက်မှုရှိနေသည်ကို ဝန်ခံရမည် ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ ၄ လကြာ ကာလအတွင်း အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံသည် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံနေပါသည်ဟု ပြောနေသော်လည်း သမ္မတ ဂျိုကိုဝီ၏ အသံတိတ်သံတမန်ရေးနှင့် အာဆီယံလမ်းဆုံးနေပြီလား ဟု မေးခွန်းထုတ်ရပေတော့မည်။

အဘယ်ကြောင့်ဆိုသော် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား တာဝန်ယူသည့် ကာလရောက်ချိန်တွင် မြန်မာ့အရေး အာဆီယံကိုင်တွယ်ဖြေရှင်းပုံမှာ တွင်းနက်ကြီး (Black Hole) ထဲ သက်ဆင်းသွားသကဲ့သို့ သတင်းအစအန ပျောက်ခြင်းမလှပျောက်ဆုံးနေသည်။ 

မြန်မာ့အရေး ဖြေရှင်းရာတွင် အင်ဒိုနီးရှား၏ ပွင့်လင်းမြင်သာမှု လုံးဝကင်းမဲ့နေခြင်းက အာဆီယံ၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သော အန္တရာယ်အဆင့်သို့ ရောက်ရှိလာနေပြီ ဖြစ်သည်။ ကုလသမဂ္ဂ၊ အမေရိကန်နှင့် အနောက်နိုင်ငံများအနေဖြင့်လည်း အာဆီယံတံတိုင်းနောက်တွင် အကာအကွယ်ယူပြီး ၎င်းတို့၏ ကျင့်ဝတ်သိက္ခာအရ တာဝန်ရှိမှုကို ရှောင်ရှားနေခြင်းက အရုပ်ဆိုးလှသည်။

၂၀၂၂ ဩဂုတ်လတွင် နေပြည်တော်၌ အာဏာသိမ်းစစ်ခေါင်းဆောင်ကို လာတွေ့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် နိုလင်းဟေဇာ။ ဓာတ်ပုံ – စစ်ကောင်စီ

ယဉ်ကျေးသော ကမ္ဘာကြီးက လက်မခံနိုင်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာနိုင်ငံက စစ်မိစ္ဆာအုပ်စု၏ အဆုံးမဲ့အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ကုသသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တာဝန်ရှိသည်။ 

ကမ္ဘာကြီး၏ တစ်နေရာတွင် လူသားထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေမှုသည် ကမ္ဘာ့လူ့ယဉ်ကျေးမှုတစ်ခုလုံးကို အကြမ်းဖက်သတ်ဖြတ်မှုပင် ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများက မြန်မာ့အရေးကိုလည်းကောင်း၊ မြန်မာပြည်သူတို့ကိုလည်းကောင်း အမှန်တကယ်ကူညီရန် ဆန္ဒမရှိခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ သံခင်းတမန်ခင်းဆိုသည်မှာလည်း စစ်ကောင်စီ၏ အနှစ်မဲ့ နိုင်ငံရေးကစားကွက်များထက် မပိုပါ။ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့ပြီးနောက်ပိုင်း ပြည်တွင်းပြည်ပ ဝေဖန်မှုများမြင့်တက်နေချိန်တွင် စစ်ကောင်စီသည် ယခင်ကုလအတွင်းရေးမှုးချုပ်ဖြစ်ခဲ့သူ ဘန်ကီမွန်းကို ယမန်နေ့က နေပြည်တော်သို့ လာခွင့်ပြုခဲ့ခြင်း၊ စစ်ကောင်စီ ပါဝင်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီတွင် မနက်ဖြန် ပြုလုပ်မည့် မြန်မာ့အရေးဆွေးနွေးပွဲတို့သည် သံတမန်ရေးရာတွင် အကျပ်ရိုက်နေသော စစ်ကောင်စီ၊ မြန်မာပြည်သူတို့အတွက် ဟန်ပြသာ ပြုလုပ်ချင်သော ကမ္ဘာ့နိုင်ငံများအတွက်သာ တစ်စုံတစ်ရာအနက်အဓိပ္ပာယ်ရှိမည်ဖြစ်သော်လည်း မြန်မာလူထုအတွက်မူ မည်သည့်အပြောင်းအလဲမျှ ဖြစ်လာလိမ့်မည်မဟုတ်ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button