ဆောင်းပါး

အသံတိတ် သံတမန်ရေးနှင့် အာဆီယံ၏ လမ်းဆုံးနေသော မြန်မာ့အရေး

အင်ဒိုနီးရှားက မြန်မာပြည်အရေးတွင် အာဆီယံ အရိုးစွဲကျင့်သုံးလာခဲ့သော အသံတိတ်သံတမန်ရေးနည်းလမ်း (Quiet Diplomacy) ကျင့်သုံးနေသည်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ရယူပြီး ၃ လ အကြာတွင် ရှင်းရှင်းလင်းလင်း တွေ့မြင်လာရသည်။

ထို့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယူကရိန်းအရေးအပါအဝင် ကမ္ဘာ့အရေးအခင်းများတွင် သဘောကွဲလွဲတတ်ကြပြီး အစည်းအဝေးအတွင်းနှင့်အပြင် အသံကျယ်လောင်စွာ ငြင်းခုံတတ်ကြသော်လည်း၊ မြန်မာ့အရေးတွင်မူ တံခါးပိတ်အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ပြီး၊ တိုးတိတ်စွာ ပြီးဆုံးသွားတတ်သည်မှာ ယခုနောက်ဆုံး မတ်လ ၁၃ ရက်နေ့ တံခါးပိတ်အစည်းအဝေးအထိ ဖြစ်သည်။

မြန်မာ့အရေးက လမ်းဆုံးနေပြီလားဟု မေးခွန်းထုတ်ရပေတော့မည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာ့အရေး လမ်းသစ်ဖောက် ဖြေရှင်းလိုသော စိတ်ဆန္ဒမရှိ ဖြစ်နေသည်မှာ လွန်စွာ သိသာလှပါသည်။ လမ်းသစ်ဖောက်မည်ဆိုပါက ယူရမည့် တာဝန်များကို မထမ်းလိုသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

ယနေ့အချိန်ထိ မြန်မာ့အရေးကို အာဆီယံအသင်းကြီးနှင့် မျက်နှာလွှဲထားသည့်သဘော ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ပြုမူနေသည်။ ထိုသို့ ပြုမူနေသည်မှာ အကြောင်းမဲ့ မဟုတ်ပါ။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ နိုင်ငံရေးပြဿနာများ မဖြစ်ပွားမီ အချိန်ကတည်းက အာဆီယံသည် ဒေသဆိုင်ရာအရေးကိစ္စများတွင် ဒေသတွင်း ဦးဆောင်အဖွဲ့ကြီးအဖြစ် ရည်မှန်းပြီး အာဆီယံဗဟိုပြုမှု (ASEAN Centrality) မူဝါဒကို ချမှတ်ထားခဲ့သည်။

အဖွဲ့ဝင် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ပေါ်ပေါက်လာသည့်အခါ ထိုမူဝါဒကြောင့် မဖြစ်မနေ ဝင်ရောက်ဖြေရှင်းရန် တာဝန်ရှိလာခဲ့ရပြီး၊ ထိုသို့ မဖြေရှင်းဘဲ အာဆီယံ၏အစဉ်အလာအတိုင်း ပြည်တွင်းရေးအဖြစ် သဘောထားနေပါက အာဆီယံဗဟိုပြုမူဝါဒအပေါ် နိုင်ငံတကာက လှောင်ပြောင်ကြတော့မည် ဖြစ်သည်။

ထို့ကြောင့် အာဏာသိမ်းပြီး ၃ လခန့်အကြာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးစိုက်ရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ ခေါ်ယူတွေ့ဆုံပြီး “တူညီဆန္ဒ ၅ ရပ်” ဖော်ထုတ်ကာ မြန်မာ့အရေးကို အာဆီယံက ဦးဆောင်ဖြေရှင်းရန် ခြေလှမ်းစခဲ့သည်။

ချမှတ်ခဲ့သည့်အတိုင်း ဖြေရှင်းနိုင်ပါက အာဆီယံဗဟိုပြုမှု မူဝါဒ အလုပ်ဖြစ်ပုံကို အာဆီယံခေါင်းဆောင်များ သက်သေထူနိုင်မည်ဖြစ်သလို အဖွဲ့ဝင်နိုင်ငံများအရေး အဖွဲ့ကြီး၏ ထိထိရောက်ရောက် ဦးဆောင်ဖြေရှင်းနိုင်စွမ်းကို တစ်ကမ္ဘာလုံးက လေးစားလက်ခံလာကြမည် ဖြစ်သည်။

သို့သော် ၂ နှစ်ကျော်လာသည်အထိ အာဆီယံတွင် အလှည့်ကျဥက္ကဋ္ဌ ၃ ကြိမ် ပြောင်းလဲသွားသော်လည်း မြန်မာ့ပြဿနာကို မဖြေရှင်းနိုင်သည့်အပြင် ၎င်းတို့ချမှတ်ထားသော အာဆီယံဗဟိုပြုမှု မူဝါဒ ထောင်ချောက်ထဲ ပိတ်မိသကဲ့သို့ ဖြစ်သွားသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် အဆင့်မြင့်တာဝန်များ ထမ်းဆောင်ခဲ့ဖူးသော ဝါရင့်ဥပဒေပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၁၄ ရက်နေ့တွင် The Jakarta Post သတင်းစာကြီးမှတစ်ဆင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကို သတိပေးဆောင်းပါး The clock is ticking for ASEAN on Myanmar တစ်ပုဒ် ရေးသားခဲ့သည်။

ထိုဆောင်းပါးတွင် “မြန်မာပြည်သူများက နိုင်ငံတကာအသိုက်အဝန်းကို စစ်ကောင်စီ၏ အကြမ်းဖက်မှုများမှ အကာအကွယ်ပေးရန် တောင်းဆိုခဲ့သည်မှာ ၂ နှစ် ကြာမြင့်လာပြီဖြစ်သော်လည်း ၎င်းတို့သည် သစ္စာဖောက်ခံနေရပြီဟု ခံစားနေရသည်” ဟု ရေးသားခဲ့ပြီး၊ ဆောင်းပါး၏အဆုံးတွင် အာဆီယံကို အောက်ပါအတိုင်း တိုက်တွန်းထားသည်။

“ယခုနှစ် ကုန်ဆုံးချိန်အထိ အာဆီယံသည် မြန်မာ့အရေးတွင် ခိုင်မာသော တိုးတက်မှု မရရှိပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ လွှဲပြောင်းပေးသင့်ပြီး၊ လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂပဋိညာဉ် အခန်း (၇) တွင် ပြဋ္ဌာန်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မြန်မာပြည်သူများကို အကာအကွယ်ပေးသင့်သည်။” ဟု တိုက်တွန်းထားသည်။

SAC-M ၏ တိုက်တွန်းချက်အတိုင်း မြန်မာ့အရေး လုံခြုံရေးကောင်စီထံ အာဆီယံ လွှဲပြောင်းပေးသင့်ပြီ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ကတည်းက Myanmar Now က ရေးသားတိုက်တွန်းခဲ့ဖူးသည်။ အာဆီယံတွင် မင်းအောင်လှိုင်၏ အကြမ်းဖက်မှုကို ထိရောက်စွာ ဟန့်တားနိုင်မည့် အစွမ်းအစမရှိကြောင်း မြန်မာပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသောကြောင့် ဖြစ်သည်။

ယခုအခါ အာဆီယံ၏ တူညီဆန္ဒ ၅ ရပ်သည် “မွေးလာကတည်းက သေနေပြီ” ဟုပင် လှောင်ပြောင် ဝေဖန်ခြင်း ခံနေရပြီ ဖြစ်သည်။

စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသော စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခု

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ၏ အခြေမဟန်သော မြန်မာ့အရေး ချဉ်းကပ်မှုပုံသဏ္ဌာန်

မတ်လအလယ်ပိုင်း စင်ကာပူနိုင်ငံခရီးစဉ်အတွင်း The Straits Times သတင်းစာကြီးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အင်ဒိုသမ္မတ ဂျိုကိုဝီက “မြန်မာ့အရေးမှာ အလွန်ရှုပ်ထွေးပြီး အချိန်ယူရမည်” ဟု ပြောဆိုခဲ့သည်။ စင်စစ် ထိုစကားမှာ အာဆီယံခေါင်းဆောင်တိုင်း ထုံးစံအတိုင်း ပြောနေကျဖြစ်ပြီး၊ မနှစ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကလည်း ထိုအတိုင်း ပြောခဲ့ဖူးသည်။

အင်ဒိုနီးရှားက အလှည့်ကျဥက္ကဋ္ဌတာဝန် ၁ နှစ်သက်တမ်း၏ ၃ လနီးပါး ကြာမြင့်လာချိန်တွင် မြန်မာ့အရေးကို မည်ကဲ့သို့ လက်တွေ့ကျကျ ကိုင်တွယ်ဖြေရှင်းနေကြောင်း မည်သူကမျှ တိတိကျကျ မသိရှိရဘဲ၊ သမ္မတ ဂျိုကိုဝီက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းကြောင့် အင်ဒိုနီးရှားသည် ၎င်း၏ ဥက္ကဋ္ဌသက်တမ်းအတွင်း ရလဒ်တစ်ခု ထွက်ပေါ်ရန် လုပ်ဆောင်နိုင်စွမ်းအပေါ် သံသယရှိနေကြောင်း ပြသနေသည်။  

ဖေဖော်ဝါရီလဆန်းက ကျင်းပခဲ့သော ၂၀၂၃ ခုနှစ်အတွက် ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး အင်ဒိုဝန်ကြီး၏ ထုတ်ပြန်ချက်ကို လေ့လာကြည့်ရာတွင် ထူးခြားသော မူဝါဒဆိုင်ရာ ပြောင်းလဲချဉ်းကပ်မှုအသစ်ကို မတွေ့ရပေ။ ၂ နှစ်ကြာ အလုပ်မဖြစ်သော “တူညီဆန္ဒ ၅ ရပ်” ကို မည်သို့ အကောင်အထည်ဖော်မည်ဆိုသည့်အကြောင်း လှည့်ပတ်ပြောဆိုနေခြင်းကိုသာ တွေ့ရှိရသည်။

အင်ဒိုဝန်ကြီးက မြန်မာ့အရေးကို ချဉ်းကပ်မှု (၃) ဆင့်ဖြင့် လုပ်ဆောင်မည်ဟု ထုတ်ဖော်ကြေညာလာပါသည်။ ယေဘုယျဆန်သော အဆိုပါ အဆင့် ၃ ဆင့် အကောင်အထည်ဖော်မည့် အစီအစဉ် (Implementation Plan) အသေးစိတ်ကိုမူ လျှို့ဝှက်ထားသည်။

ပထမအဆင့် – “အားလုံးပါဝင်သော နိုင်ငံအဆင့် တွေ့ဆုံဆွေးနွေးပွဲ” (Inclusive National Dialogue) ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီနိုင်ရန် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုကို ပြုလုပ်မည်ဟု ဖော်ပြထားပြီး၊ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေပြီဟု ဆိုသည်။

သို့သော် စစ်ကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှစ်ဖက်လုံးကို ထိတွေ့ဆက်ဆံနေသလော၊ မည်သည့်အဆင့်များမှာ ထိတွေ့ဆက်ဆံနေသနည်း၊ အင်ဒိုနီးရှားက ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ လျှို့ဝှက်ထားသည်။  

ဒုတိယအဆင့် – အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အထောက်အကူပြုသော အခြေအနေနှစ်ရပ်ကို တည်ဆောက်သွားမည်ဟု ဆိုသည်။ ယင်းအခြေအနေ နှစ်ရပ်မှာ (၁) အကြမ်းဖက်မှုများ လျှော့ချရေး (Reducing violence) နှင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက် ပေးအပ်ရေး (Continuing humanitarian assistance) ဟု ဖော်ပြထားသည်။

ယနေ့အချိန်ထိ အဆိုပါ အခြေအနေနှစ်ရပ် ပြောင်းလဲဖြစ်ထွန်းမှုကို မြေပြင်တွင် မတွေ့မြင်ရသည့်အပြင် စစ်ကောင်စီဘက်က အကြမ်းဖက်မှုများ ပိုမိုပြုလုပ်လာခြင်း၊ ပြည်သူများ အစာရေစာပြတ်လပ်ပြီး ငတ်မွတ်သေဆုံးနိုင်သော ဖြတ်လေးဖြတ်စနစ်ကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာခြင်းတို့ကိုပင် တွေ့မြင်နေရသည်။

အမှန်စင်စစ် ပထမနှင့် ဒုတိယအဆင့်များတွင် ဖော်ပြထားသော အချက်များသည် တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်ရန် နည်းလမ်းတစ်မျိုးဖြင့် ဖော်ပြခြင်းသာ ဖြစ်သည်။ ကမ္ဘောဒီးယားနှင့် မတူသော အချက်မှာ “သက်ဆိုင်သူအားလုံး” နှင့် ထိတွေ့ဆက်ဆံမည် ဆိုသည့်အချက်ဖြစ်သည်။ ကမ္ဘောဒီးယား အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့် ယမန်နှစ်က စစ်ကောင်စီကိုသာ တစ်ဖက်သတ် ထိတွေ့ဆက်ဆံခဲ့သည်။

သို့သော် ယနေ့အချိန်ထိ အင်ဒိုနီးရှားသည် NUG, CRPH, NUCC, တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း (EROs) များနှင့် ထိတွေ့ဆက်ဆံနေကြောင်း တရားဝင်ထုတ်ပြန်ကြေညာမှု မပြုပါ။ ထို့ကြောင့် အမည်ခံသက်သက် ဆက်ဆံနေသလား၊ အဓိပ္ပာယ်ရှိရှိ ဆက်ဆံနေသလား ဆိုသည်မှာ မသဲကွဲပါ။

NUG, CRPH, NUCC နှင့် EROs များဘက်ကလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနှင့် မည်မျှ နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံနေသည် ဆိုသည့် သတင်းထုတ်ပြန်ခြင်းမျိုး မရှိပါ။ ဤနေရာတွင် အင်ဒိုနီးရှားဘက်က တတိယအဆင့်ကို မည်သည့်နိုင်ငံများနှင့် လုပ်ဆောင်နေကြောင်း အထူးသတိပြု စောင့်ကြည့်ရန် လိုအပ်ပါသည်။

တတိယအဆင့် – မြန်မာ့အရေးစိုးရိမ်မှုရှိသော အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ အခြားနိုင်ငံများ၏ အကူအညီများနှင့် အာဆီယံ၏ကြိုးပမ်းမှုတို့ကို ပေါင်းစပ်သွားမည်ဟု ဖော်ပြထားသည်။

သံတမန်အသိုင်းအဝိုင်းထံမှ ရရှိသော သတင်းများအရ အင်ဒိုနီးရှားသည် စစ်ကောင်စီနှင့် အဆင်ပြေသော တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း၊ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆာဆာကာဝါတို့နှင့် ထိတွေ့ဆက်ဆံမှုများ ရှိနေသည်ဟု သိရှိရသည်။

တရုတ်နှင့် ဂျပန် အထူးကိုယ်စားလှယ်များသည် စစ်ကောင်စီဥက္ကဋ္ဌနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်သူများဖြစ်သဖြင့်၊ အင်ဒိုနီးရှားသည် အဆိုပါ အထူးကိုယ်စားလှယ်နှစ်ဦးနှင့် ပို၍ အနီးကပ်လုပ်ဆောင်နေပုံရသည်။ 

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ့အရေးတွင် တရုတ်နိုင်ငံသည် အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို ထောက်ခံခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ခြင်းကို လေ့လာတွေ့ရှိရသည်။

ကုလအထူးကိုယ်စားလှယ် နိုလင်ဟေဇာသည် မကြာသေးမီက ကုလအထွေထွေညီလာခံ ရှေ့မှောက်တွင် စစ်ကောင်စီကို အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ဝေဖန်ခဲ့သည်၊ ၎င်းကိုယ်တိုင်လည်း အဓိပ္ပာယ်ရှိသော တွေ့ဆုံမှုမျိုး မဟုတ်လျှင် မြန်မာနိုင်ငံကို ပြန်သွားမည်မဟုတ်ဟု ပြောကြားထားသည်။ ထို့ကြောင့် အင်ဒိုနီးရှား၏ အသံတိတ်သံတမန်နည်းချဉ်းကပ်မှုနှင့် ကုလအထူးကိုယ်စားလှယ်၏ စစ်ကောင်စီကို ကုလသမဂ္ဂစင်မြင့်ထက်က ကျယ်လောင်စွာ ဝေဖန်ပြစ်တင်မှုတို့သည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

ထို့ပြင် မြန်မာ့အရေးတွင် အမေရိကန်နိုင်ငံ ပို၍ ပါဝင်ပတ်သက်လာမည်ကို အင်ဒိုနီးရှားက မလိုလားကြောင်း သံတမန်အသိုင်းအဝိုင်းထံမှ သိရှိရသည်။ မြန်မာ့အရေးကို အကြောင်းပြု၍ အမေရိကန်နှင့် တရုတ် အားပြိုင်မှု ဖြစ်လာမည်ဆိုလျှင် အာဆီယံသည် မြန်မာ့ပြဿနာဖြေရှင်းရန် ပိုမိုခက်ခဲသွားမည့်အပြင် ထိုအားပြိုင်မှုတွင် အာဆီယံ အသုံးချခံဖြစ်လာမည်ကို အင်ဒိုနီးရှားက လက်မခံနိုင်ပါ။

သမ္မတ ဂျိုကိုဝီက အာဆီယံသည် အင်အားကြီးနိုင်ငံများအကြား အင်အားပြိုင်ဆိုင်သော “ကြားခံနယ်” (Proxy) အဖြစ်မခံနိုင်ဟူသော ၎င်း၏ ရှင်းလင်းပြတ်သားသော သဘောထားကို အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဖေဖော်ဝါရီလဆန်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာသော နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အာဆီယံသည် မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနေရသည့် တစ်ချိန်တည်းမှာပင် ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများတွင် အသင်းကြီး၏ လွတ်လပ်မှု၊ ကြားနေမှုနှင့် ဗဟိုပြုမှု စသည့် မူဝါဒများကိုပါ ကြိုးစား ကာကွယ်နေရသည်။

စစ်ကိုင်းတိုင်း မီးလောင်ပြင်တစ်ခုတွင် တဲထိုးနေထိုင်ကြသူများ

ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား ချဉ်းကပ်မှု ကွာခြားချက်

၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့သော ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ၂၀၂၃ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီအကြား မြန်မာ့အရေးတွင် အဓိကကွာခြားချက်ကို လေ့လာကြည့်ဖြစ်သည်။ 

ဟွန်ဆန်သည် အာဆီယံ၏ အစဉ်အလာအတိုင်း စစ်အာဏာသိမ်းမှုများကို ပြည်တွင်းရေးအဖြစ် သဘောထားပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ နိုင်ငံအကြီးအကဲအဖြစ် လက်ခံလိုက်လျှင် မြန်မာ့အရေးက အာဆီယံအတွက် ထိုမျှ မရှုပ်ထွေးနိုင်၊ ဝန်ထုပ်ဝန်ပိုး မကြီးနိုင်ဟု တွက်ဆခဲ့ပုံရသည်။

၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံတွင် ပရာယွတ် ချန်အိုချာ စစ်အာဏာသိမ်းခဲ့ပြီး ယနေ့တိုင် ဝန်ကြီးချုပ်ရာထူး ယူထားခြင်းကို လက်ခံသော်လည်း မင်းအောင်လှိုင်ကို လက်မခံခြင်းက စံနှုန်းနှစ်မျိုး ကျင့်သုံးနေခြင်း ဖြစ်သည်ဟု ကမ္ဘောဒီးယားက အာဆီယံကို ဝေဖန်ခဲ့သည်။ သို့သော် ထိုင်းနှင့် မြန်မာ မတူညီသည့်အချက်မှာ ထိုင်းသည် ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်ပြီး၊ ဘုရင်က လက်ခံသည့် အစိုးရသည် တရားဝင်အစိုးရဖြစ်ပြီး အာဆီယံက လက်ခံရခြင်း ဖြစ်သည်။

သို့သော် မင်းအောင်လှိုင်ကသာ တစ်စုံတစ်ရာ လိုက်လျောမှုပြုလျှင် အာဆီယံကလည်း ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပြုလာရန် ၎င်းအနေဖြင့် ကြိုးပမ်းနိုင်လိမ့်မည်ဆိုသည့် ယုံကြည်ချက်ဖြင့် အလှည်ကျဥက္ကဋ္ဌတာဝန်ယူအပြီး ရက်ပိုင်းအတွင်း နေပြည်တော်သို့ ဟွန်ဆန် သွားခဲ့သော်လည်း၊ မည်သည့်ရလဒ်မျှ ထွက်မလာခဲ့ပါ။

ဟွန်ဆန်က မင်းအောင်လှိုင်ကို ထိုသို့ရှုမြင်ခဲ့သော်လည်း သမ္မတ ဂျိုကိုဝီနှင့် အာဆီယံကို ပူးတွဲထူထောင်ခဲ့သော မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်ခေါင်းဆောင်တို့က ထိုသို့ရှုမြင်ခြင်း မရှိပါ။ စင်စစ် မင်းအောင်လှိုင်ကို နိုင်ငံအကြီးအကဲအဖြစ် လက်ခံလျှင် အာဆီယံပဋိညာဉ် အခြေခံစည်းမျဉ်းများ၊ စံနှုန်းများ၏ အနှစ်သာရနှင့် ဂုဏ်သိက္ခာ ပျက်ယွင်းမည်ကို အဓိက စိုးရိမ်ကြသည်။ ထိုသို့ဖြစ်လာပါက အာဆီယံကို ၎င်း၏ ဆွေးနွေးဖက် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အထင်အမြင်သေးခြင်း၊ မလေးစားတော့ခြင်းနှင့် ရင်ဆိုင်ရနိုင်သည်။

တစ်နည်းအားဖြင့် မြန်မာ့အရေး အာဆီယံကြားဝင်ဆောင်ရွက်နေရခြင်းမှာ အာဆီယံ၏ ဂုဏ်သိက္ခာနှင့် ဗဟိုအချက်အချာကျရေးကို ကာကွယ်နေခြင်းက ပိုများပြီး၊ မြန်မာပြည်တွင်းက နိုင်ငံရေးပြဿနာကို ၎င်းတို့ ကြားဝင်ဖြေရှင်းရန် တာဝန်မရှိဆိုသည့် အမြင်က အာဆီယံခေါင်းဆောင်အားလုံးတွင် ရှိနေသည်။

အသေးငယ်ဆုံး အဖွဲ့ဝင် ဘရူနိုင်း၏ စံချိန်ကို မကျော်နိုင်သေးသော အာဆီယံဥက္ကဋ္ဌများ

မြန်မာ့အရေး အာဆီယံကြိုးပမ်းဖြေရှင်းလာခဲ့ရာတွင် အင်ဒိုနီးရှားသည် ၃ ဆက်မြောက် အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌ ဖြစ်ခဲ့သော ဘရူနိုင်းနိုင်ငံသည် အာဆီယံထဲတွင် အငယ်ဆုံးနိုင်ငံဖြစ်ပြီး ဒေသတွင်းနိုင်ငံရေးအကျပ်အတည်းများကို ဦးဆောင်ကိုင်တွယ်ဖြေရှင်းခဲ့ဖူးသော အတွေ့အကြုံ နည်းပါးပါသည်။ 

သို့သော် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေစဉ် မျှော်လင့်မထားဘဲ မြန်မာ့အရေးနှင့် ရင်ဆိုင်ခဲ့ရပြီး၊ ဘရူနိုင်း၏ ခေါင်းဆောင်မှုအောက်တွင် မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ဂျကာတာမြို့တော်သို့ ခေါ်ယူဆွေးနွေးကာ “တူညီဆန္ဒ ၅ ရပ်” ကို သဘောတူလိုက်နာရန် လုပ်ဆောင်ခဲ့သည်။

မင်းအောင်လှိုင်က မလိုက်နာသည့်အခါ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပပြီး၊ ၎င်းကို အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ မတက်ရောက်နိုင်ရန် အရေးယူဆောင်ရွက်ခဲ့မှုသည် အာဆီယံသမိုင်းတွင် မမျှော်လင့်သော ထူးခြားသည့် လုပ်ဆောင်ချက်အဖြစ် ကျန်ရစ်ခဲ့သည်။

ဘရူနိုင်းက စတင်ခဲ့သော စစ်ကောင်စီအပေါ် အရေးယူဆောင်ရွက်ခဲ့မှုသည် အာဆီယံ၏ ‘စ’ မှတ် ဆိုလျှင်၊ နောင် ၂ နှစ်ကျော်လာသည်အထိ အဆိုပါ ‘စ’ မှတ်မှ ‘တာ’ မထွက်နိုင်ခြင်းက ယခုအခါ အာဆီယံခေါင်းဆောင်များကို ကြီးစွာ အရှက်ရစေလျက် ရှိသည်။

ထိုအချက်ကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ ခရီးစဉ်အတွင်း အာဆီယံ ဦးဆောင်သော မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ် တိုးတက်မှုမရှိခြင်းအတွက် အာဆီယံခေါင်းဆောင်များ စိတ်မသက်မသာ ဖြစ်နေရကြောင်း ရိုက်တာသတင်းဌာနကို ဖွင့်ဟပြောကြားခဲ့သည်။

မြန်မာတွင် အာဏာသိမ်းမှု ပေါ်ပေါက်သည့်အချိန် အလျင်အမြန်တုံ့ပြန်နိုင်ရန် အဓိကကြိုးပမ်းခဲ့သူ အင်ဒိုနီးရှားသည် ၎င်းကိုယ်တိုင် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်အတွင်း အာဆီယံ၏ မြန်မာ့အရေးဖြေရှင်းမှုတွင် သိသာထင်ရှားသော အရွေ့များ ရှိလာနိုင်သည်ဟု မြန်မာပြည်သူများက မျှော်လင့်ချက်ထားခဲ့ကြသည်။

လက်ရှိအခြေအနေအရ အာဆီယံ၏ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းပုံမှာ လမ်းဆုံးနေပြီး၊ SAC-M က အကြံပြုသကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ လွှဲပြောင်းရတော့မည့် အခြေဆိုက်နေသည်။

သို့သော် G-20 အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ယူကရိန်း-ရုရှားအရေးတွင် အသုံးတည့်ခဲ့သော သမ္မတ ဂျိုကိုဝီ၏ “အသံတိတ်သံတမန်ရေး” က မြန်မာ့အရေးတွင် အသုံးတည့်နိုင်ပါမည်လား၊ လက်ကျန် ဥက္ကဋ္ဌသက်တမ်း ၉ လအတွင်း မြန်မာ့အရေး ခိုင်မာသော ရလဒ် ထွက်ပေါ်လာသည်အထိ ဖြေရှင်းနိုင်ပါမည်လား ဆိုသည့် မေးခွန်းများဖြင့် အင်ဒိုနီးရှားကို သံသယများစွာဖြင့် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button