သတင်း

ကလေးထောင် နိုင်ကျဉ်းများ ခြေချင်း ၂ နှစ်ခတ်ခံရ၊ ဒိုက်ဦးထောင် သောက်ရေပြတ်

ကလေးမြို့အကျဉ်းထောင်တွင် နိုင်ကျဉ်း ၂၈ ဦးကို ခြေချင်း ကာလရှည် ခတ်ထားသည်၊ သောက်ရေကန့်သတ်ထားသည့် ဒိုက်ဦးထောင်တွင်လည်း သေဒဏ်ကျခံနေရသူများ ပိုမို ခက်ခဲနေသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၈ ဦးကို ခြေချင်းခတ်တိုက်ပိတ်ထားသည်မှာ ၂ နှစ်နီးပါးရှိပြီဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN-M)၊ နိုင်ကျဉ်းမိသားစုဝင်များ၊ ထောင်နှင့် နီးစပ်သူတစ်ဦးတို့ထံမှ သိရသည်။

၂၀၂၂ မတ်လက ကလေးထောင်တွင် ထောင်ဖောက်ပြေးရန် ကြံစည်သည်ဟု စွပ်စွဲခံရသူ နိုင်ကျဉ်း ၂၈ ဦးကို ယခုအချိန်အထိ တိုက်ပိတ်ခဲ့ခြင်းပြီး ခြေကျင်းကိုမူ ယခု ဇန်နဝါရီလ ၄ ရက်နေ့အထိခတ်၎င်းတို့အား ထောင်အာဏာပိုင်မျးကခတ်ထားခဲ့ကြောင်း PPN-M တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

“တစ်ပတ်လောက်ခတ်ခံရတဲ့လူတွေတောင် ဒဏ်ရာရကြတာ၊ လမ်းလျှောက်တိုင်း ပွတ်တိုက်မိနေတော့ သံချေးတွေနဲ့ ခြေထောက်မှာ အနာတွေက ရင်းနေပြီ၊ အတော်ဆိုးဆိုးရွားရွားဖြစ်နေတာ” ဟု သူက ပြောသည်။

အကျဉ်းသားနှင့် အချုပ်သား ၅၀ ခန့်က ထောင်အရာရှိ ၃ ဦးကို ဓားစာခံလုပ်ထွက်ပြေးရန် ကြံစည်မှုကြောင့် ပစ်ခတ်နှိမ်နင်းရာ ၇ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရသည်ဟု စစ်ကောင်စီက ထိုစဉ်က ထုတ်ပြန်သည်။

ပစ်ခတ်နှိမ်နင်းမှုကြောင့် အကျဉ်းသား ကိုမျိုးမင်းထွန်း၊ ကိုဝင်းကိုနိုင်၊ ကိုမောင့်ညီ၊ ကိုချမ်းမင်းကို၊ ကိုတူးခိုင်၊ ကိုဗန်ဒိန်းနှင့် ကိုညွန့်ဝင်းအောင် (ခ) ကိုမျိုးဝင်းအောင်တို့ သေဆုံးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း သေဆုံးသူ အရေအတွက် ၉ ဦး ရှိသည်ဟု PPN-M တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

ကလေးထောင် တိုက် ၂ နှင့် တိုက် ၃ တို့တွင် ထိုနိုင်ကျဉ်း ၂၈ ဦးကို ခွဲထားပြီး တိုက်ပိတ်ခံရသူများအနက် ကိုဂျေညီညီမောင်၊  ကိုအာကာမင်း၊ ကိုကျော်လင်းမောင်၊ ကိုအောင်သူလင်း၊ ကိုရဲလွင်စိုး ၅ ဦး၏ အမည်ကိုသာ သိရသေးသည်။

၎င်းတို့ ၅ ဦးစလုံးသည် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀၊ ၅၂ စသည့် ပုဒ်များအပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးသည်ဆိုကာ ထပ်တိုးထောင်ဒဏ် ၄ နှစ်နှင့် ထောင် ၁၄ နှစ်မှ ၁၆ နှစ်ထိ ကျခံနေရသည်ဟု ကလေးမြို့ အကျဉ်းထောင်မှ လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

၂၀၂၀ ပြည့်နှစ်အတွင်း အကျဉ်းထောင်ဝန်ထမ်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ​ – အကျဉ်းဦးစီးဌာန)

ကလေးထောင်ပစ်ခတ်မှုဖြစ်စဉ်၌ ပါဝင်သည်ဟု စွပ်စွဲခံရသူများကို အရေးကြီးအဆင့်အလိုက် သတ်မှတ်ခဲ့ကြောင်း၊ အောက်ဆုံးဆင့်သတ်မှတ်ခံရသူများကို ၈ လခန့် အကြာတွင် ခြေချင်းပြုတ်ဖြုတ်ပေးခဲ့သည်ဟု ကလေးထောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။

“သံဆိပ်တွေတက်ကြတယ် ခြေချင်းတွေက။ ကျွန်တော်လည်း ခြေချင်းခတ်ခံရဖူးတယ်။ (ကိုဗစ်ကာလမှာ) ထောင်ရောက်ရောက်ချင်း ၂ ပတ် ကွာရတင်း ထားတယ်။ ပုံစံ ၅ မျိုးနဲ့ စည်းကမ်းချက် ၁၃ ချက် ဖြေပြီးမှ​ ခြေချင်းဖြုတ်ပေးတယ်” ဟု သူက ဆက်ပြောသည်။

“ခြေထောက်တွေယောင်၊ အနာတွေဖြစ်တယ်။ ဒါ ခဏတဖြုတ် တစ်လလောက်ပဲ လူတောင် အဲ့လောက်ဖြစ်တာ၊  နှစ်ရှည်လများဆို တွေးကြည့်။ ဆောင်းတွင်းဘက် ခြေချင်းအေးစက်ကြီးနဲ့ အိပ်ရတာ အတော် လူမဆန်တာ” 

သံခြေချင်းခတ်ခြင်းဆိုသည်မှာ ခြေချင်းဝတ်တစ်ဖက်စီတွင် ပစောက်ပုံသံကွင်းကြီး ၂ ခုကို သံချောင်း ၁ ချောင်းဖြင့် ခြေထောက်ပြည့်အောင် တွဲဆက်ထားပြီး ခြေထောက် ၂ ဖက်ကို သံကွင်းများဖြင့် ပြန်လည်ဆက်ထားသည်။

ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့သော အကျဉ်းထောင်များအက်ဥပဒေတွင် အကျဉ်းသားတစ်ဦးကို လုံခြုံစွာထားရှိရန် အကြောင်းပြချက်ရှိပါက ၃ လ ခြေချင်းခတ်ခွင့်ရှိပြီး ၃ လထက် ပိုခတ်မည်ဆိုပါက ထောင်ပိုင်ထံ အကျိုးအကြောင်း တင်ပြရမည်ဟု ဖော်ပြထားသည်။

ကလေးထောင်မှ နိုင်ကျဉ်း ၂၈ ဦးသည် ခြေချင်းခတ်ခံရသည့် ကာလ ၃ လပြည့်တိုင်း ခြေချင်းဖြုတ်ပေးရန် ၄ ကြိမ်တင်ပြတောင်းဆိုခဲ့သော်လည်း လိုက်လျောခြင်း မရှိခဲ့ဟု သိရသည်။

ကိုဗစ်အကြောင်းပြပြီး ၃ နှစ်ကြာ ပိတ်ထားသော ထောင်ဝင်စာလူတွေ့ခွင့်ကို စစ်ကောင်စီက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြန်ခွင့်ပြုလိုက်သည့်နောက် ထိုနိုင်ကျဉ်း ၂၈ ဦးထဲမှ တချို့ မိသားစုနှင့် တစ်လ ၂ ကြိမ် တွေ့ခွင့်ရနေကြောင်း PPN-M ထံမှ သိရသည်။

ထောင်ဝင်စာတွေ့ခွင့်ရရန် ရဲစခန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၏ ထောက်ခံစာများနှင့် ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက် စသည့် စာရွက်စာတမ်း ရရှိရေး လုပ်ငန်းတို့မှာ မိသားစုများအတွက် အခက်အခဲများ ဖြစ်နေသည်။

ခရီးဝေးကွာခြင်း၊ သန်းခေါင်စာရင်းပါမိသားစုအရင်းထဲမှ တစ်ဦးသာ တွေ့ခွင့်ရခြင်းတို့မှာလည်း မလိုလားအပ်သည့် အခက်အခဲများ ဖြစ်သည်ဟု မိသားစုများက ဆိုသည်။

ဇန်နဝါ ၄ တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၉ ထောင်ကျော် ပြန်လွှတ်ပေးခဲ့သော်လည်း ယခင်အကြိမ်များနည်းတူ နိုင်ကျဉ်းပါဝင်မှုမှာ မဆိုသလောက်သာ ဖြစ်သည်။ ကလေးထောင်မှ နိုင်ကျဉ်း ၇ ဦးပြန်လွတ်သည်ဟု သတင်းထွက်နေသော်လည်း အတည်မပြုနိုင်သေးပေ။

ဒိုက်ဦးထောင် အခြေအနေ

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်တွင် လျှပ်စစ်မီးပုံမှန်မလာဟုဆိုကာ ထောင်အာဏာပိုင်များက အကျဉ်းသားတစ်ဦးကို တစ်ရက်လျှင် ရေ ၂ လီတာနှုန်းသာ ပေးတော့သည်ဟု ဒိုက်ဦးထောင်နှင့် အဆက်အသွယ်ရှိသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“မီးတွေပုံမမှန်တဲ့အတွက် ရေမောင်းလို့ မရဘူး၊ ဆီတွေကလည်း ပြတ်တော့ ဝယ်မရဘူးဆိုပြီး ရေစက်မောင်းမပေးတော့ဘူး” ဟု သူက ပြောသည်။

ဒိုက်ဦးထောင်တွင် ယခင်က ရေသန့်စက်မှ သောက်ရေကို လိုအပ်သလောက် ယူသောက်နိုင်ခဲ့သည်ဟု သိရသည်။

သေဒဏ်ကျနိုင်ကျဉ်းများ၏ အခြေအနေက ပုံမှန်အကျဉ်းသားများထက် ပိုဆိုးနေပြီး တစ်ရက်လျှင် ရေ ၁ လီတာသာ ရတော့သည်ဟု စုံစမ်းသိရှိရသည်။

“ရေချိုးတာလည်း ခွက်ချိန်တယ်၊ သုံးရေပေါ့၊ ၁၃ ခွက်ပဲ​ ပေးတော့တယ်၊ အရင်က ၂၅ ခွက်ကို မနက်တစ်ခါ ညတစ်ခါ ချိုးလို့ရတယ်၊ ခုက တစ်နေ့လုံးမှ ၁၃ ခွက်ပဲ” ဟု ထိုနိုင်ကျဉ်းဟောင်းက ပြောသည်။

အကျဉ်းသားများကိုသာ သောက်ရေ၊ သုံးရေ ကန့်သတ်ခြင်းဖြစ်ပြီး ထောင်အာဏာပိုင်များကတော့ ရေကို စိတ်ကြိုက်သုံးစွဲနေသည်ဟု သိရသည်။

ဒိုက်ဦးအကျဉ်းထောင်တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လက နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းဟု ဆိုကာ ခေါ်ထုတ်သွားပြီးနောက် ပစ်သတ်ခဲ့ကာ မိသားစုများထံ သေဆုံးကြောင်း အသိပေးစာ ပေးပို့ခဲ့သည်။ ထိုစဉ်က နိုင်ငံရေးအကျဉ်းသားလူငယ် ၁၀ ဦးထက်မနည်း ပစ်သတ်ခံရကြောင်း အတည်ပြုထားနိုင်သည်။

Show More

Related Articles

Back to top button