
လွှတ်တော်ကိုယ်စားလှယ်လောင်းများအပေါ် အမုန်းစကားပြောဆိုခြင်း၊ လူမျိုးရေးခွဲခြားခြင်းနှင့် ဘာသာရေး ခွဲခြားဆက်ဆံခြင်းတို့ကို ဥပဒေအရ အစွမ်းကုန် တားဆီးကာကွယ်ပေးရန် ဆွီဒင်အခြေစိုက် နိုင်ငံတကာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအဖွဲ့ (International IDEA) က ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းလိုက်သည်။
IDEA သည် ကော်မရှင်ကို ရွေးကောက်ပွဲပညာပေးလုပ်ငန်းများ ကူညီပံ့ပိုးပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပညာပေးနှင့် ကိုယ်စားလှယ်လောင်းဆိုင်ရာအချက်အလက်များ လေ့လာနိုင်သည့် mVoter2020 အက်ပလီကေးရှင်းကို ရေးဆွဲရန် အချက်အလက် စုစည်းတည်ဆောက်ခြင်းတွင်လည်း ပါဝင်ခဲ့သည်။
အဆိုပါ အက်ပလီကေးရှင်းတွင် ကိုယ်စားလှယ်လောင်းများ၏ လူမျိုးနှင့် ကိုးကွယ်မှုကို ထည့်သွင်းဖော်ပြထားသဖြင့် အရပ်ဘက်အဖွဲ့အစည်းအချို့၏ ဝေဖန်မှုခံခဲ့ရပြီးနောက် ယင်းအက်ပလီကေးရှင်းအစီအစဉ်မှ နုတ်ထွက်ကြောင်း IDEA က အောက်တိုဘာ ၁၁ တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ နုတ်ထွက်ပြီးနောက် အက်ပလီကေးရှင်းပါ လူမျိုးနှင့် ကိုးကွယ်မှုအချက်အလက်များကို အသုံးပြုကာ ရွေးကောက်ပွဲကာလအတွင်း ကိုယ်စားလှယ်လောင်းများအပေါ် ဘာသာရေးအခြေပြု အမုန်းစကားများ၊ ခွဲခြားဆက်ဆံမှုများ မဖြစ်ပေါ်လာအောင် ကာကွယ်ပေးရန် IDEA က တိုက်တွန်းထားခြင်းဖြစ်သည်။
IDEA ၏ အတွင်းရေးမှူးချုပ် Kevin Casas-Zamora က အောက်တိုဘာ ၁၆ တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းထံ လိပ်မူရေးသားထားသည့် Myanmar Now က ဖတ်ရှုခဲ့ရသော စာတစ်စောင်တွင် ထိုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။
“ကိုယ်စားလှယ်လောင်းတွေဟာ ၎င်းတို့ရဲ့ ကျား၊မ ဖြစ်တည်မှု၊ လူမျိုးနဲ့ ကိုးကွယ်မှုတို့ပေါ် အခြေခံပြီး ပစ်မှတ်ထားခံရတာတွေ၊ တိုက်ခိုက်နှောင့်ယှက်ခံရတာတွေ လုံးဝ မဖြစ်သင့်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကော်မရှင်က သတင်းစကား ထုတ်ပြန်နိုင်မယ်ဆိုရင် လူမျိုး ဘာသာပေါ်အခြေခံတဲ့ ခွဲခြားဆက်ဆံမှုကို ၂၀၀၈ အခြေခံဥပဒေအရ တားမြစ်ထားတယ်ဆိုတာကို ထင်ရှားစေပါလိမ့်မယ်” ဟု Kevin Casas-Zamora က ဆိုထားသည်။
mVoter2020 အက်ပလီကေးရှင်းကို ဥရောပသမဂ္ဂ (EU) က ငွေကြေးပံ့ပိုးထားသည့် ရှေ့သို့ မြန်မာ (STEP Democracy) အစီအစဉ်အောက်တွင် IDEA က အာရှဖောင်ဒေးရှင်း၊ ရွေးကောက်ပွဲကော်မရှင်တို့နှင့် ပူးပေါင်း အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
လူမျိုးနှင့် ကိုးကွယ်ယုံကြည်မှုကို ကိုယ်စားလှယ်လောင်းအချက်အလက်တွင် ယင်းသို့ ထည့်သွင်းဖော်ပြရန် လက်ရှိရွေးကောက်ပွဲဥပဒေအရ မလိုအပ်ဟု ယုံကြည်ကြောင်း၊ ထို့သို့ ထည့်သွင်းဖော်ပြခြင်းမှာလည်း ကိုယ်စားလှယ်လောင်းများ၏ ဆန္ဒအရသာ ဖြစ်သင့်ပြီး ၎င်းတို့ ခွင့်ပြုမှသာ ထည့်သွင်းကြေညာသင့်ကြောင်း အဆိုပါတိုက်တွန်းစာတွင် ရေးသားထားသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှုဆိုင်ရာ အစီရင်ခံစာများတွင် ဖော်ပြထားသကဲ့သို့ ကိုယ်စားလှယ်လောင်းတစ်ဦး၏ မိဘသည် မည်သည့်လူမျိုးဖြစ်သည်၊ မည်သည့်ဘာသာ ကိုးကွယ်သည်ဆိုသည်မှာလည်း ရွေးကောက်ပွဲအတွက် လျော်ညီမှု မရှိဟု ယုံကြည်ကြောင်းလည်း IDEA ၏ အတွင်းရေးမှူးချုပ်က ဆိုသည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ ဝေဖန်မှုကြောင့် လူမျိုးနှင့် ကိုးကွယ်မှုကို ကိုယ်စားလှယ်လောင်းအချက်အလက်များမှ ဖယ်ရှားပေးရန် ကော်မရှင်ကို IDEA က အကြံပြုခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ ၎င်းတို့တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း၊ ကိုယ်စားလှယ်လောင်းများကိုယ်တိုင် လူမျိုးနှင့် ကိုးကွယ်မှုကို မဖော်ပြလိုပါက ဖယ်ရှားနိုင်ကြောင်း ကော်မရှင်က အကြောင်းပြန်ခဲ့သည်ဟု အက်ပလီကေးရှင်းအစီအစဉ်မှ နုတ်ထွက်သည့် IDEA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ရွေးကောက်ပွဲလုံခြုံရေးနှင့် သမာသမတ်ရှိမှုအပေါ် မလိုလားအပ်သည့် ထိခိုက်နိုင်ခြေရှိခြင်း၊ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေါ်လာနိုင်ခြေရှိခြင်းတို့ကြောင့် ထိုအက်ပလီကေးရှင်း အသုံးပြုမှုကို အားပေးမြှင့်တင်ခြင်းများ မဆောင်ရွက်ရန်နှင့် mVoter2020 အက်ပလီကေးရှင်းတွင် ပါဝင်ပတ်သက်နေခြင်းမှ နုတ်ထွက်ရန်လည်း International IDEA က ဆုံးဖြတ်ခဲ့ပါသည်” ဟု ယင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။
mVoter 2020 အက်ပလီကေးရှင်းစီမံကိန်းမှ IDEA နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။
လူမျိုးရေးခွဲခြားမှုနှင့် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒကို သွေးထိုးလှုံ့ဆော်သည့် mVoter 2020 အက်ပလီကေးရှင်းမှ လူမျိုးနှင့် ကိုးကွယ်မှုဘာသာဆိုင်ရာ အချက်အလက်အားလုံးကို ချက်ချင်းပယ်ဖျက်ရန် ပြည်တွင်းအခြေစိုက် Justice For Myanmar လူ့အခွင့်အရေးအဖွဲ့ကလည်း ထုတ်ပြန်တောင်းဆိုခဲ့ဖူးသည်။
mVoter2020သည် ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ၏ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာအပြင် ကိုယ်စားလှယ်လောင်းများ၏ မိဘများ၏ လူမျိုးနှင့်ဘာသာများကို အလေးပေးဖော်ပြသည့်ထားခြင်းသည် လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးအခြေခံအမျိုးသားရေးဝါဒကို သွေးထိုးလှုံ့ဆော်သည့် အန္တရာယ်များဖြစ်ပေါ်စေနိုင်သည်ဟု Justice for Myanmar အဖွဲ့က ဝေဖန်ထားသည်။