ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို တော်လှန်ရေးတပ်များ စိုးမိုးထားပြီးနောက် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အခရာကျသည့် မြဝတီနယ်စပ်ဂိတ်အစား အခြားလမ်းကြောင်းမှ ကုန်သွယ်ကြရန် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
နယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်ထားရန် အာရှလမ်းမကြီးဘေးရှိ စစ်တပ်အခြေစိုက်စခန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်။
တစ်လကျော်ကြာ ပိတ်ဆို့ခံထားရပြီးနောက် မြဝတီနယ်စပ်ဂိတ်အတွက် လိုင်စင်ခွင့်ပြုထားသည့် ပို့ကုန်သွင်းကုန်များကို အခြားလမ်းကြောင်းများမှ ပြောင်းလဲကုန်သွယ်ခွင့်ပြုသည်ဟု စစ်ကောင်စီ၏ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုလ ၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။
တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါဆုံးသော မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများကို “၁၀၂၇” စစ်ဆင်ရေးစတင်ပြီနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ခဲ့ရာ အခြားလမ်းကြောင်းများမှ ပြောင်းလဲကုန်သွယ်ကြရန် စစ်ကောင်စီက နိုဝင်ဘာလတွင် အလားတူကြေညာခဲ့ရသည်။
ရှမ်းမြောက်ဒေသရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်ပြီးနောက် မြဝတီမှတစ်ဆင့်ကုန်သွယ်ရန်လည်း အခွင့်မသာတော့သဖြင့် စစ်ကောင်စီအနေဖြင့် အခြားလမ်းကြောင်းများမှ ကုန်သွယ်ကြရန် တိုက်တွန်းလာခြင်းဖြစ်သည်။
၂၀၂၃ ဒီဇင်ဘာ ၁၉ မတိုင်မီ လိုင်စင်ကျထားသည့် သွင်းကုန်ပစ္စည်းများအတွက် မြဝတီလမ်းအစား အခြားလမ်းကြောင်းများမှ ကုန်သွယ်ခွင့်ပြုရာတွင် ပင်လယ်ရေကြောင်းမှ တင်သွင်းလိုပါက ရင်းနှီးမြှုပ်နှံမှုနင့် ထုတ်လုပ်မှုလုပ်ငန်းသုံးပစ္စည်း၊ ကွန်တိန်နာဖြင့် သယ်ယူရသည့် စက်မှုကုန်ကြမ်းများကိုသာ စိစစ်ခွင့်ပြုမည်ဟု စစ်ကောင်စီက ကန့်သတ်ထားသည်။
အာရှလမ်းမကြီး ပိတ်ဆို့ခံထားရသဖြင့် မြဝတီမှ ကော့ကရိတ်သို့ သွားနိုင်သည့် လမ်းပိုင်းတစ်ခုဖြစ်သော ထို့ကော်ကိုးလမ်းကို အသုံးပြုနေရရသည်ဟု မြဝတီမှ အမည်မဖော်လိုသည့် ကုန်စည်ပို့ဆောင်နေရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ထို့ကော်ကိုးလမ်းမှာ KNU ထိန်းချုပ်နယ်မြေအတွင်း ရှိပြီး ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် DKBA နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တို့အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့အစည်းများလည်း ရှိနေသည်ဟု သိရသည်။
စစ်ကောင်စီက လမ်းကြောင်းပြောင်း ကုန်သွယ်စေသော်လည်း လမ်းခုလတ်ရောက်နေသည့် ပို့ကုန်သွင်းကုန်များကို ချက်ချင်းပြောင်းရွှေ့ရန် မလွယ်ကူနိုင်ကြောင်း၊ အာရှလမ်းမကြီးပြန်ဖွင့်ရန်သာ ကုန်သည်များက စောင့်ဆိုင်းနေကြောင်း မြဝတီမှ အထက်ပါ အမျိုးသားက ဆိုသည်။
“အကုန်လုံးက လမ်းဖွင့်တာကို စောင့်နေကြတယ်။ အာရှလမ်းဖွင့်ဖို့ပဲ စောင့်နေကြတယ်။ ဒီလမ်းဖွင့်မှပဲ အားလုံးက ချောချောရှူရှူနဲ့ အဆင်ပြေမယ်”
ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုခွင့်ရသော်လည်း အကန့်အသတ်များရှိပြီး ဒေသတွင်းလှုပ်ရှားသည့် လက်နက်ကိုင်အဖွဲ့များကို လမ်းကြေးအများအပြားပေးနေရသဖြင့် ကုန်ကျစရိတ်တက်လာကာ ပြည်တွင်း၌ ထိုင်းသွင်းကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာသည်ဟု သိရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ မူဝါဒအလွဲများကြောင့် ကုန်သွယ်မှုလုပ်ငန်းများ ထိခိုက်နေပြီး ယခုကဲ့သို့ လမ်းကြောင်းပိတ်ဆို့ခံနေရသဖြင့် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီတွင် ကုန်သွယ်မှုအကြီးအကျယ်ကျဆင်းသွားကြောင်း ၎င်းက ဆိုသည်။
ကီလိုမီတာပေါင်း ၂၀၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မောတောင်ဟူ၍ တရားဝင်နယ်စပ်ဂိတ် ၆ ခုရှိပြီး မြဝတီကုန်သွယ်ရေးဇုန်မှာ အရေးအပါဆုံးဖြစ်သည်။
စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာန စာရင်းများအရ ၂၀၂၃ ဧပြီမှ ဒီဇင်ဘာအထိ ၉ လအတွင်း မြဝတီနယ်စပ်မှ ဒေါ်လာ ၉၉၇ သန်းကျော်ဖိုး ကုန်သွယ်ခဲ့ရာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဒေါ်သာ သန်း ၆၀၀ နီးပါးအထိ ကျဆင်းခဲ့သည်။ ၂၀၂၂ ကာလတူ၌ ကုန်သွယ်မှုတန်းဖိုး ၁ ဒသမ ၅ ဘီလျံကျော် ရှိခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတစ်လျှောက် တိုက်ပွဲဖြစ်နေသဖြင့် အခက်အခဲဖြစ်နေသည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် နော်မူတာကပေါက ပြီးခဲ့သည့်လတွင် Myanmar Now ကို ပြောသည်။
“ကုန်သွယ်မှုမြှင့်တင်ဖို့အတွက်က ကုန်သွယ်လမ်းကြောင်းတွေ လျင်မြန်ဖို့၊ လုံခြုံဖို့၊ ချောမွေ့ဖို့ လိုတာပေါ့။ အဲ့ဒါကျတော့ နည်းနည်းလေး အခက်အခဲတော့ ရှိတာပေါ့။ (ကုစားဖို့ နည်းလမ်းတွေ) လုပ်နေတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုအပြင် ကုန်းမြေနယ်နိမိတ် ထိစပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ကုန်သွယ်မှုပြုသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုအထိရှိသော်လည်း စစ်ကောင်စီဘက်က စစ်ရေးအရ ဆက်တိုက်အရေးနိမ့်လာခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ထိခိုက်နေသည်။
လက်နက်ကိုင်ခုခံမှုအားကောင်းသော စစ်ကိုင်းတိုင်းနှင့် မဏိပူပြည်နယ်ကြားရှိ တမူးနယ်စပ်ဂိတ်မှာ တိုက်ပွဲများကြောင့် ကုန်သွယ်မှုမရှိသလောက် နည်းသွားကာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ရှိ ရိဒ်ခေါဒါရ်နယ်စပ်ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့က နိုဝင်ဘာလဆန်းပိုင်းတွင် သိမ်းပိုက်ထားသည်။
ထိုင်းနှင့် ကုန်သွယ်သည့်ဂိတ်တချို့မှလွှဲ၍ အခြားနယ်စပ်လမ်းကြောင်းအားလုံး ကုန်သွယ်မှုအခက်အခဲရှိနေပြီး နယ်စပ်ကုန်သွယ်ရေးမှ စစ်ကောင်စီရရှိနေသည့် နိုင်ငံခြားဝင်ငွေနှင့် အခွန်အခများဆုံးရှုံးနိုင်သည်ဟု မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။