ကိုးကန့်ဒေသမြို့တော် လောက်ကိုင်တွင် ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်ပိုင်းက ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
လောက်ကိုင်မြို့အဝင်မှ ကားဖြင့်သွားပါက ၇ မိနစ်ခန့်အကွာအဝေးတွင်ရှိသည့် ကိုးကန့်အခေါ် လောက်ရှမ့်ထန်း၊ ထင်ပါကျိုင်းကျေးရွာအုပ်စုအတွင်းရှိ တောင်ညီနောင်စေတီနှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်နေသည်ဟု လောက်ကိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“၁၀ နာရီလောက်က စချနေတယ်၊ လေယာဉ်လာပြီးပြီ။ အခုထိ ဖြစ်နေတုန်းပဲ အခုလည်း လေယာဉ်ထပ်လာပြီ” ဟု အဆိုပါအမျိုးသားက ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ပြောသည်။
တောင်ညီနောင်စေတီသည် လောက်ကိုင်မြို့နှင့် နယ်စပ်ဂိတ် ရန်လုံကျိုင်းအကြား တည်ရှိသည်။ ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို ကိုးကန့်တပ် MNDAA က ပြီးခဲ့သည့် တနင်္လာနေ့တွင် ထိန်းချုပ်ခဲ့သည်။
လောက်ကိုင်မြို့တွင်း၌လည်း ယနေ့နံနက် အစောပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကာ မြို့တွင်း၌ လုံခြုံရေးတင်းကျပ်ထားသည်ဟု အထက်ပါ လောက်ကိုင်မြို့ခံ အမျိုးသားက ပြောသည်။
“တိုက်ပွဲတော့ တော်တော်ကြီးတယ်၊ စစ်တပ်က အရင်ထက် တိုက်စစ်ဆင်လာတယ် ထင်မိတယ်ဗျာ့၊ အခုဆို လမ်းတိုင်းမှာ စစ်သားတွေရှိနေတယ်” ဟု အဆိုပါ မြို့ခံ အမျိုးသားက ပြောသည်။
ဒေသခံအများစုသည် ပြီးခဲ့သည့်သတင်းပတ်များအတွင်း မြို့ကို စွန့်ခွာသွားသော်လည်း ကျန်နေခဲ့သူများသည် တိုက်ပွဲကြောင့် နေအိမ်များအတွင်း ပုန်းအောင်းနေကြရပြီး ဈေးဆိုင်များ အားလုံးပိတ်ထားကြသည်ဟု သိရသည်။
တိုက်ပွဲအခြေအနေကို ဒီဇင်ဘာ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီအထိ စစ်ကောင်စီနှင့် MNDAA နှစ်ဖက်စလုံးက တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
တရုတ်၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များက ကိုးကန့် MNDAA အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၁၁ နောက်ပိုင်း ကိုးကန့်ဒေသတွင် သီတင်းတစ်ပတ်ခန့် တိုက်ပွဲများ ငြိမ်သက်နေခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ စတင်လုပ်ဆောင်လာပြီးနောက် တိုက်ပွဲများဆက်လက် ပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၁၈ ရက်က လောက်ကိုင်မြို့အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိသည့် ရန်လုံကျိုင်းနယ်စပ်ဂိတ်မှ စစ်ကောင်စီတပ်သားများ လက်နက်ချပြီးနောက် အဆိုပါ နယ်စပ်ဂိတ်ကို MNDAA က အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။
နယ်စပ်ဂိတ်လက်လွှတ်လိုက်ရသည့် ထိုနေ့တွင်ပင် လောက်ကိုင်မြို့ မြောက်ဘက်ရှိ ကိုးကန့်တပ် (MNDAA) တပ်စခန်းနေရာများကို စစ်ကောင်စီတပ်က လေကြောင်းမှ သုံးကြိမ်ခန့် ဗုံးကြဲခဲ့ပြီး လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု MNDAA က ယမန်နေ့က ထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ကိုးကန့်ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၂၀ ကျော်ကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်များက သိမ်းပိုက်ထားပြီး ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုန်းကိုး၊ ပန်ဆိုင်း (ကြူကုတ်) စသည့် မြို့များကိုလည်း အလုံးစုံ သိမ်းပိုက် ထိန်းချုပ်ထားသည်။
လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများအားလုံးနီးပါးကို MNDAA အဖွဲ့က သိမ်းပိုက်ထားပြီး လောက်ကိုင်မြို့ကို ပိတ်ဆို့ ထိန်းချုပ်ထားကာ မြို့တောင်ဘက်ရှိ တုန်ချိန်ရပ်ကွက်ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။



