သတင်း

၈ နှစ်အရွယ်ကလေးငယ်အဓမ္မပြုကျင့်ခံရမှု သံသယတရားခံကို ရဲလိုက်ရှာနေ

(မန္တလေး) – အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်အား ခိုးယူ အဓမ္မကျင့်ပြုကျင့်ပြီး မန္တလေး – ပြင်ဦးလွင် ကားလမ်းဘေးတွင် ပစ်ထားခဲ့သည်ဟု သံသယရှိသူကို တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းသို့ သတင်းပေးရန် ပြင်ဦးလွင် ပြင်စာရဲစခန်းမှူးက ပြောသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂) မှ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်သည် ဒီဇင်ဘာ ၁၄ နေ့လယ် ၁ နာရီခန့်တွင် သူ၏ မိဘများ၏ အလုပ်ရုံမှ စက်ဘီးဖြင့် တစ်ယောက်တည်း စျေးဝယ်ထွက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

ကလေးငယ်အား နောက်တစ်ရက်အကြာတွင် ပျောက်ဆုံးသွားသည့် နေရာမှ မိုင် ၃၀ ခန့်အကွာ မန္တလေး – ပြင်ဦးလွင် ကားလမ်းဘေး ချုံပုတ်ထဲတွင် အဓမ္မပြုကျင့်ခံခဲ့ရဖွယ်ရှိသည့် လက္ခဏာများဖြင့် ပြန်လည်တွေ့ရှိခဲ့သည်။

ကလေးငယ် ပျောက်ဆုံးသွားသည့် လမ်းကြောင်းတလျှောက်ရှိ လုံခြုံရေးကင်မရာ CCTV မှတ်တမ်းများအရ အသက် ၃၀ မှ ၄၀ အတွင်းရှိသည့် ဆံပင် အဝါရောင်ဆေးဆိုးထားသည့် အမျိုးသားသည် ကလေးငယ်အား ဆိုင်ကယ်ဖြင့် ခေါ်ယူသွားသည်ကို တွေ့ရှိခဲ့ရသည်။

အမှုအတွက် ရဲက ယင်းအမျိုးသားကို သံသယဝင်နေပြီး အပူတပြင်းရှာဖွေနေသည်။

“ အဲဒီ CCTV ထဲကလူဆိုတာ မှန်ပါတယ်။ သိတဲ့သူတွေလည်း တွေ့တဲ့နေရာ ချက်ချင်းသတင်းပေးစေချင်ပါတယ်၊ သတင်းပေးတဲ့သူကိုလည်း အန္တရာယ်မဖြစ်အောင် ကျွန်တော်တို့က လျှို့ဝှက်ထားမှာပါ” ဟု ပြင်စာရဲစခန်း စခန်းမှူး ရဲအုပ်ဝင်းဗိုလ်ကပြောသည်။

အဆိုပါအမှုအတွက် ရဲက ထောင်ဒဏ်နှစ်၂ဝအထိ ချမှတ်နိုင်သည့် အဓမ္မကျင့်မှု အမြင့်ဆုံးထောင်ဒဏ် ၇နှစ်စီ ချမှတ်နိုင်သည့် ကလေးခိုးမှု သာမန်လက်နက်ဖြင့် နာကျင်စေမှုတို့ဖြင့် အမှုဖွင့်ထားသည်။

ကလေးငယ်၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်လာသော်လည်း ပြင်ဦးလွင်ဆေးရုံတွင် ဆေးဝါး ဆက်လက်ကုသနေကြောင်း လိုက်ပါကူညီပေးနေသည့် ဓမ္မိကလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်နိုင်က ပြောသည်။

Show More

Related Articles

Back to top button