မေးမြန်းခန်း

“လက်နက်တွေ ယူနီဖောင်းတွေကို မြှုပ်ပြီးတော့ အရပ်သားအနေနဲ့ ပြေးချင်တာပေါ့”

မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် အစည်ကားဆုံးနှင့် အတိုးတက်ဆုံးမြို့ဖြစ်သော လောက်ကိုင်သည် တရုတ်နိုင်ငံ၏ ကျားဖြန့်နှိမ်နင်းရေးနှင့် မြောက်ပိုင်းမဟာမိတ်တို့၏ စစ်ဆင်ရေးတို့ကြောင့် လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်သွားသည်။

မကြာမီ စစ်တလင်းဖြစ်တော့မည့် အခြေအနေကြောင့် ထောင်နှင့်သောင်းနှင့်ချီသော မြို့ခံများနှင့် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းအလုပ်သမားများ လောက်ကိုင်ကို စွန့်ခွာထွက်ပြေးကြရသည်။ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်ကို စွန့်ခွာလာသူများအနက် လူငယ်တစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ ရန်ကုန်မြို့ဇာတိ အသက် ၃၀ အရွယ် ထိုလူငယ်မှာ လောက်ကိုင်ရှိ စားသောက်ဆိုင်တစ်ခုမှ ဝန်ထမ်းဖြစ်သည်။

နိုဝင်ဘာ ၉ ရက်နေ့တွင် လောက်ကိုင်မြို့မှ ထွက်ခွာလာပြီးနောက် သီတင်းနှစ်ပတ် ခက်ခက်ခဲခဲကျော်ဖြတ်ပြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။ လမ်းခရီးတွင် အရပ်ဝတ်ဖြင့် ထွက်ပြေးရန် ကြိုးစားသည့် စစ်သားများလည်း တွေ့ခဲ့ရသည်ဟု ထိုလူငယ်က ပြောသည်။ ဆက်သွယ်မေးမြန်းထားသည်များအနက် စိတ်ဝင်စားဖွယ်အကြောင်းအရာတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ကျားဖြန့်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကြောင့် လောက်ကိုင်သည် မြန်မာ-တရုတ်နယ်စပ်တွင် အစည်ကားဆုံးနှင့် အတိုးတက်ဆုံးဖြစ်ခဲ့သည်။ (ဓာတ်ပုံ – Fully Light)

မေး – လောက်ကိုင်မြို့က ဘယ်နေ့က ထွက်လာကြလဲ။

ဖြေ – ကျွန်တော်တို့အဖွဲ့က လူ ၁၀ ယောက်၊ ဆိုင်ကယ် လေးစီးနဲ့။ မိန်းကလေးက တစ်ယောက်ပါတယ်။ နိုဝင်ဘာ ၉ ရက်မှာ စထွက်ကြတာ။ ကျွန်တော်တို့ မရောက်ခင်လေးမှာပဲ (လောက်ကိုင်နဲ့ ၇ မိုင်ဝေးတဲ့ ပါစင်ကျော်ရွာက ကိုးကန့်တပ် MNDAA) ဂိတ်က ပိတ်သွားတာ ပေးမထွက်တော့ဘူး၊ လောက်ကိုင်မြို့ကလည်း ပေးမဝင်တော့ဘူး။ စစ်တပ်က ပိတ်လိုက်တာ။

ကျွန်တော်တို့ကလည်း လောက်ကိုင်ထဲ ပြန်မဝင်ချင်တော့ လောက်ကိုင်နဲ့ နီးနီးလေးမှာရှိတဲ့ ပါစင်ကျော်ရွာမှာ နေနေကြတာ။

အဲဒီပါစင်ကျော်ရွာလေးက လူတွေက မရှိတော့ဘူး အကုန်လုံးက ပြေးကုန်ကြပြီ။ အဲဒီရွာက အိမ်တွေကို သူခိုးတွေက အကုန်ဖောက်ထားပြီးကြပြီ။ တံခါးတွေပွင့်ပြီး အကုန်လုံး ဖွထားကြပြီးပြီ။ ကျွန်တော်တို့အပြင် တခြားအဖွဲ့တွေလည်း အဲဒီလိုပဲ တချို့အိမ်တွေထဲ ဝင်နေနေကြတယ်။ ပြေးလာတဲ့သူတွေက အားလုံးဆိုရင် ရာကြီးပိုင်းလောက်ပေါ့ တစ်ထောင်ဝန်းကျင်လောက်တော့ရှိမယ်။ ပါစင်ကျော်ရွာအဝင် ကုန်းလေးနားမှာ စစ်တပ်စခန်းတစ်ခုရှိတယ်၊ အဲဒီစခန်းကို သိမ်းနေတဲ့အချိန်မှာပဲ ကျွန်တော်တို့က ပိတ်မိသွားတာ။

ပထမပိုင်းရက်တွေမှာက ဖွင့်ပေးမလား၊ ဖွင့်ပေးမလားနဲ့ မနက်ခင်းပိုင်းမှာဆိုရင် အုပ်လိုက်လေးတွေ ထွက်လာကြတာ ဟိုကထွက်လာ၊ ဒီကထွက်လာကြနဲ့။ ၁၀ ရက်နေ့ မနက်ခင်းပိုင်းဆိုရင်လည်း ဂိတ်ကို လာလာကြည့်ကြတာရှိတယ်။ ဟိုက ဖွင့်မပေးဘူးလို့ ပြောရင် ပြန်သွားလိုက်၊ နောက်တစ်ရက်လာလိုက်နဲ့ ၁၂ ရက်နေ့လောက်ကျတော့ ဘယ်သူမှ မသွားတော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်က တိုက်ပွဲတွေလည်း တော်တော်ပြင်းနေပြီဆိုတော့ ဘယ်သူမှ မသွားကြတော့ဘူး။

မေး – မြို့ကထွက်တဲ့သူတွေအကုန်လုံး ဆိုင်ကယ်တွေနဲ့ပဲ ထွက်ကြတာလား။

ဖြေ – အများကြီးပဲဗျ။ တချို့တွေဆို ခြေကျင်သမားတွေ အုပ်လိုက်ကြီးပေါ့။ အယောက် ၃၀၊ ၅၀ အဲဒီလို အုပ်လိုက်ကြီးတွေရှိတယ်။ တချို့ကျတော့ ၆ ဘီးကားတွေ၊ အလုပ်ကားတွေနဲ့ အုံလိုက်ကျင်းလိုက် ပြန်ကြတဲ့ဟာတွေလည်း ရှိတယ်။ အမျိုးစုံပဲ။ ကျွန်တော်တို့ကကျတော့ ပြန်တဲ့စရိတ်က ကြီးလို့လေ။ ပြန်စရိတ်က (လောင်ကိုင်ကနေ) လားရှိုးအရောက် တစ်ယောက်ကို ယွမ် ၂၅၀၀ (ကျပ် ၁၂ သိန်းဝန်းကျင်) လောက်ဆိုတော့ ဆိုင်ကယ်အသစ်တစ်စီးက ၂၅၀၀ လောက်ရှိတော့ ဆိုင်ကယ်တွေနဲ့ ဝယ်ပြန်ကြတာရှိတယ်။

လောက်ကိုင်အနီးမှ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ- ကိုးကန့်စစ်ကောင်စီ)

မေး – ပါစင်ကျော်မှာ ပိတ်မိနေတဲ့အချိန် စားသောက်ရေးကို ဘယ်လိုဖြေရှင်းကြလဲ။

ဖြေ – စားရေးသောက်ရေးက ဆန်ရှာရတာပေါ့လေ၊ ဆန်တို့ဆီတို့ပေါ့။ ရွာရဲ့ ဘေးပတ်ပတ်လည်က အိမ်လေးတွေထဲ ငရုတ်သီးမှုန့်တို့ဘာတို့ ရှာရတာပေါ့။ အဲဒီရွာလေးက အဓိကက လောက်ကိုင်ကို မွေးမြူရေးနဲ့ ကြက်၊ ဝက် ပို့တဲ့ လုပ်ငန်းလုပ်ကြတာဆိုတော့ အိမ်တိုင်းမှာ ဝက်ခြံတွေ၊ ကြက်တွေရှိတယ်။ ပြီးတော့ ဆလတ်ရွက်၊ ငရုတ်သီး၊ ပဲသီး အဲဒီလိုအသီးတွေဘာတွေကလည်း အိမ်တိုင်းမှာ စိုက်ထားတာဆိုတော့ ကျွန်တော်တို့က ဆွဲပြီးပဲ ချက်စားကြတာပေါ့။

ဆန်တော့ အဲဒီလိုမျိုး ဟိုအိမ်သွားရှာ ဒီအိမ်သွားရှာနဲ့ အဲဒီလိုပဲ ရှာရတာ။ အိမ်တွေက အကုန်လုံး သူများတွေဖွင့်ပြီးသား သော့တွေဘာတွေ အကုန်ရိုက်ပြီးတော့ ဖွင့်ပြီးသား။ ဘာဖြစ်လို့လည်းဆိုတော့ လောက်ကိုင်စစ်ဖြစ်တော့မယ်ဆိုတော့ ခိုးဖို့ သီးသန့်တက်လာတဲ့ အဖွဲ့တွေလည်း အများကြီးရှိတယ်ဗျာ။ အဲဒီလိုလူတွေက ရုတ်ရုတ်ဖြစ်ပြီဆိုကတည်းက အိမ်တွေထဲကို မွှေပြီးတော့ သူတို့လိုချင်တဲ့ပစ္စည်းတွေ အကုန်ယူသွားပြီးတော့ အိမ်တွေက ပွင့်လျက်ကြီး ကျန်ခဲ့ကြတာ။

သူတို့က အစားအသောက်ရှာသွားတာမဟုတ်ဘူး။ စားစရာတွေက ကျန်ခဲ့တယ်။ အဲတော့ ဟိုအိမ်က ဆန်လေးငါးပြည် ဒီက နှစ်ပြည် အဲဒီလိုမျိုးတွေ စုပြီးတော့ ဘေးနားက အသီးအရွက်တွေ ခူးစားတာပေါ့။ သူတို့က ယာသမားတွေဆိုတော့ ထင်းတွေလည်း အိမ်တိုင်းမှာ ရှိတယ်။ ရေဆိုရင်လည်း တောင်ပေါ်ဒေသဆိုတော့ မိုးရေခံထားတဲ့ ကန်အကြီးကြီးတွေက အိမ်တိုင်းမှာ ရှိကြတယ်။ တစ်အိမ်ဝင်လိုက်တာနဲ့ သိပ်ပြီးတော့ ပူစရာမလိုတော့ဘူး။

မေး – ပါစင်ကျော်ရွာမှာ ပိတ်မိနေတဲ့အချိန် တိုက်ပွဲအခြေအနေဘာတွေ သိရလဲ။

ဖြေ – (စစ်ကောင်စီတပ်စခန်း) တောင်ကုန်းပတ်ပတ်လည်မှာက လေယာဉ်က အချိန်ပြည့်ဝဲနေတာ။ တစ်ခါတလေ တိုက်ပွဲကြမ်းတဲ့ရက်တွေမှာဆိုရင် အချိန်ပြည့်လာတယ်။ (စစ်တပ်က) သူတို့ရဲ့ လက်နက်ကြီးစခန်းရှိတဲ့နေရာတွေ၊ တောင်ကုန်းတွေကို ဟိုဘက်က တက်သိမ်းလည်းပြီးရော သူတို့လက်လွှတ်လိုက်ရတဲ့ စခန်းတွေကို လေယာဉ်နဲ့ အကြိမ်ကြိမ်လာပြီး ဗုံးကြဲပြီးရင် လူနေအိမ်တွေကိုလည်း ကြဲထားတာ။

ကျွန်တော်တို့ အဲဒီမှာနေခဲ့တဲ့ ရက်တွေမှာ လေယာဉ်ကိုပဲ ကြောက်နေရတာပေါ့။ သူတို့က ည ၁၁ နာရီဆိုလည်း လာတာပဲ။ ၁ နာရီဆိုလည်း လာတာပဲ။ သူတို့လာချင်တဲ့အချိန် လာတာ။ (နိုဝင်ဘာ) ၁၀ ရက်နေ့လောက်ကစပြီး တော်တော်ကြမ်းတယ်၊ အဲဒီလောက်ကိုင်ဘက်က လက်နက်ကြီးရော ဒီဘက်က လေယာဉ်တွေရော လာကြတယ်။ ၁၃ ရက် ၁၄ ရက်မှာ ရဟတ်ယာဉ်တွေရော လာတယ်။ ရိက္ခာတွေလည်း လာချတယ်။ တိုက်ပွဲ တော်တော်ပြင်းတယ်။ ၁၆ ရက်နေ့လောက်မှာတော့ စစ်တပ်ကလောက်ကိုင်မြို့ထဲ ပြန်ဝင်သွားတယ်။ အဲဒီကတည်းက လေယာဉ်မလာတော့ဘူး။

ပထမတော့ စစ်တပ်က တောင့်ခံသေးတယ်။ မရဘူး။ နှစ်ရက်သုံးရက်နေတော့ အကုန်ဆုတ်သွားတယ်။ အဲဒီကုန်းတွေကိုလည်း စစ်တပ်ဘက်က တိုက်စစ်နဲ့ ပြန်ပြီးသိမ်းတဲ့ အခြေအနေလည်း ရှိတယ်။ ဒါပေမဲ့ မရပါဘူး။ အကုန်လုံးက အလဲလဲအကွဲကွဲနဲ့ ပြေးကြရတယ်၊ ရုပ်ဖျက်ပြီး ပြန်ပြေးလာကြရတယ်။

တစ်ချိန်က လောက်ကိုင်မြို့လယ် ညရှုခင်း (ဓာတ်ပုံ – ပေးပို့)

မေး – ပါစင်ကျော်ရွာထဲမှာ ပိတ်မိနေတဲ့အချိန် ဘာတွေ တွေ့ကြုံခဲ့ရသေးလဲ။

ဖြေ – ကျွန်တော်တို့က ၉ ရက်နေ့ရောက်ပြီး ၁၁ ရက်နေ့လောက်မှာ ကျွန်တော်တို့ပထမဦးဆုံး အကူအညီတောင်းပြီး တည်းတဲ့အိမ်မှာ လင်မယားနှစ်ယောက်ရှိတယ်။ တရုတ်သူဌေးရဲ့ အစောင့်တွေပေါ့။ အဲဒီလင်မယားနှစ်ယောက်က ကျွန်တော်တို့ကို ထမင်းတွေဘာတွေ ကျွေးပြီး ခေါ်ထားတယ်။ အဲဒီညပဲ ညကြီး ၁၂ လောက်မှာ စစ်သား ၆ ယောက် လက်နက်တွေနဲ့ ယူနီဖောင်းအပြည့်အစုံနဲ့။ အစပိုင်းကတော့ သူတို့က ခဏလောက်ခိုလှုံခွင့်ပေးပါ ဘာညာဆိုပြီးတော့။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော်တို့က နေလို့မရတော့ဘူးဆိုတာ သိလိုက်တယ်။

ဘာလို့လည်းဆို‌တော့ သူတို့ထမင်းစားတယ်၊ ပြီးတော့ အဝတ်အစားတွေလဲပြီး အဲဒီမှာပဲ အိပ်မယ်လို့ ပြောတယ်။ ပြောတော့ ကျွန်တော်တို့လည်း ချက်ချင်းထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာက (MNDAA) ကင်းအဖွဲ့တွေက ဟိုဘက်ဒီဘက်မှာကို ရှိနေတာ။ သူတို့နဲ့ တစ်ညလောက်အိပ်လိုက်ရင်ကို (MNDAA) ဟိုဘက်အဖွဲ့က ကြုံးမှာပဲဆိုပြီး ကျွန်တော်တို့လည်း ပြေးရတယ်။

ပြေးရပြီးတော့ ပါစင်ကျော်ရွာထဲက အုတ် (ထုတ်တဲ့) ကွင်းမှာပဲ သွားအိပ်ရတယ်။ နောက်နေ့ညနေ ရောက်တော့ အဲဒီထဲက စစ်သားနှစ်ယောက် အရပ်ဝတ်နဲ့ ရောက်လာတယ်။ ငါတို့လည်း ဒီမှာနေတော့မယ်တဲ့။ ငါတို့ကိုလည်း အရပ်သားအနေနဲ့ပဲ လက်ခံပေးပါ ဘာညာနဲ့ ထပ်ပြီးပြောတယ်။ အဲဒီအုတ်ကွင်းထိပါ ထပ်ပြီးလိုက်လာတော့ ကျနော်တို့လည်း တစ်ညအိပ်ပြီး ထပ်ပြီးပြေးရပြန်ရော။

မေး – အဲဒီစစ်သားနှစ်ယောက်ဆီက ဘာတွေသိရလဲ၊ သူတို့ဘာတွေပြောကြလဲ။

ဖြေ – မှတ်မိသလောက်က အဲဒီထဲက စစ်သားတစ်ယောက်က ပြောတာ ပစ်လိုက်တဲ့ ဗုံးတချို့က လေပေါ်မှာတင်ကွဲတဲ့ ဗုံးတွေ၊ အဲဒီဗုံးတွေက အဆိပ်ဗုံးတွေတဲ့။ အဲဒီအငွေ့တွေကို ကြာကြာရှူလို့မရဘူးတဲ့။ ပြီးတော့ အဲဒီထဲက ယမ်းစသေးသေးလေးတစ်စဆိုရင် သူတို့တပ်ထဲက တစ်ယောက်ကို သွားစိုက်မိတာတောင်မှ အဆိပ်တက်ပြီးတော့ သေတယ်ပေါ့နော် အဲဒါတွေပြောတယ်။

သူတို့ပြောနေတာတွေက တောင်စဉ်ရေမရတွေ။ ဆေးကြောင်ကြောင်ပြီးတော့မှ ပြောနေတဲ့ ပုံစံတွေ။ ဘာမှ အမှန်ယူလို့မရဘူး။ ဘာတွေလျှောက်ပြောလို့ ပြောမှန်းလဲမသိဘူး။ တစ်ခါတလေကျရင် အရမ်းရန်လိုပြီးတော့ နိုင်ထက်စီးနင်းစကားသံတွေထွက်လာလိုက်၊ တစ်ခါတလေကျရင်လည်း အရမ်းကြောက်သွားလိုက်နဲ့။ အပြင်ဘက်က ချွတ်ချွတ်အသံကြားရင်ကိုပဲ ထပြေးတော့မလိုလို ဖြစ်သွားတဲ့ ပုံစံတွေ။ ကျွန်တော်တို့ဆီ ရောက်လာပြီးတော့ သူတို့စကားထိုင်ပြောနေတာကို ကျွန်တော်တို့က ဟိုဘက်ကနေ လှမ်းကြည့်ပြီး နားထောင်နေတာ။ နားထောင်ပြီးတော့ ကျွန်တော်တို့ တန်းရွှေ့လာတာပဲ။ သူတို့ကတော့ ကြောင်နေပြီ ဘာတွေလုပ်မှန်းလည်း မသိဘူး။

လောက်ကိုင်အနီးမှ စစ်ဘေးရှောင်များ (ဓာတ်ပုံ – ကိုးကန့်စစ်ကောင်စီ)

မေး – အဲ့ဒီစစ်သားတွေက ဘယ်လိုပြေးလာလဲ။ ဘယ်တပ်ကလဲ။ ရာထူးတံဆိပ်တွေရော မြင်ရလား။

ဖြေ – မြင်ရတော့ဘူးဗျ၊ အဲဒီနေ့ ညနေမှာပဲ မီးတွေပြတ်သွားတော့ သူတို့ကို ဘာမှမမြင်ရတော့ဘူး။ အိမ်ရှင်လင်မယားနှစ်ယောက်ကတော့ ထွက်တွေ့တယ်။ ကျွန်တော်တို့ကတော့ အခန်းထဲမှာပဲ နေနေရင်းနဲ့ တိုးတိုးတိတ်တိတ် တိုင်ပင်ကြရတာပေါ့။ တိုင်ပင်ပြီး ကျွန်တော်တို့ ဟိုဘက်ကို ထွက်ဖို့အတွက် အဝတ်အစားထုပ်တွေယူပြီး အခန်းပြင်ထွက်တဲ့အချိန်မှပဲ မြင်ရတာပေါ့။ အဲဒီအချိန်မှာ သူတို့က အဝတ်အစားတွေ လဲပြီးပြီ။ အဲဒီအချိန်မှာ ပတ်ပတ်လည်မှာ ကိုးကန့်တပ်တွေ ရှိထားတာဆိုတော့ သူတို့လည်း အရမ်းကြောက်နေပြီ။ သူတို့ထက် ကျွန်တော်တို့က ပိုကြောက်တယ်ဗျာ။ သူတို့ကို လက်ခံထားတာဆိုရင် မလွယ်ဘူးလေ။ တပ်တွေကတော့ ဟိုဘက်ရော ဒီဘက်ရော ရှိကြတယ်။ ကျွန်တော်တို့က တိုက်ပွဲရဲ့ အလယ်ကြီးထဲမှာ ပိတ်မိနေကြတာ။ တစ်ခုကောင်းတာက နှစ်ဖက်လုံးက ပြည်သူကို သိပ်ပြီး ဒုက္ခမပေးကြဘူး။

ကျွန်တော်တို့ ပြောသံကြားတာကတော့ နောက်ဆုံးစခန်းကုန်းမှာ ၉ ယောက်လောက်ပဲ ကျန်တာကို နှစ်ရက်လောက်ကြာတယ် ပြောတယ်။ အဲဒီတပ်စခန်းကို စွန့်ပြီးပြေးလာတဲ့ဟာတွေ။ သူတို့က လောက်ကိုင်ထဲကို ပြန်မဝင်တော့ဘဲ သူတို့လက်နက်တွေ၊ ယူနီဖောင်းတွေကို မြှုပ်ပြီးတော့ အရပ်သားအနေနဲ့ ပြေးချင်တာပေါ့။ သူတို့ ဘာဆက်ဖြစ်လဲ‌တော့ မသိတော့ဘူး။ ကျွန်တော်တို့က သူတို့နဲ့ ဝေးဝေးရှောင်မှပဲ၊ ဘယ်ဘက်နဲ့မှ နီးမနေတာ အကောင်းဆုံးထင်လို့ပါ။

မေး – MNDAA က ဘယ်နေ့မှာ လမ်းပြန်ဖွင့်ပေးလဲ။

ဖြေ – လောက်ကိုင်အထွက်က ၁၀ တန်ဂိတ်မှာ စစ်ကောင်စီတပ်က လူတွေကို ပေးမဝင်ဘဲနဲ့ စစ်ဘေးရှောင်စခန်းလိုမျိုး ကွင်းထဲမှာ ထားထားတယ်။ အဲဒီလူအုပ်ကြီးက အဲဒီနေ့ (နိုဝင်ဘာ ၂၀) မနက်မှာ ကားတွေ ဆိုင်ကယ်တွေနဲ့ ပါစင်ကျော်ရွာထဲကဖြတ်သွားတော့ ဒါဆိုရင်တော့ ထူးပြီဆိုပြီးတော့ ဆိုင်ကယ်တွေနဲ့ လိုက်ကြတော့ ပါစင်ကျော်အထွက်မှာ MNDAA တပ်ရှိတယ်။ အဲဒီတပ်ထဲကို ကျွန်တော်တို့ ကားတွေ ဆိုင်ကယ်တွေ စုတယ်။ စုပြီးတော့ ဖုန်းတွေအကုန်လုံးကို ထုတ်ပြီး တန်းစီပြီး ချခိုင်းတယ်။

ပြီးတော့ ဗမာနဲ့ တရုတ် ခွဲလိုက်ပြီးတော့ တရုတ်တွေကိုတော့ သူတို့အဆင်ပြေသလို ပေးပြန်တယ်၊ ဗမာတွေကိုတော့ ၁၂ ဘီးကား အစီးသုံးဆယ်လောက် စီစဉ်ထားတယ်။ ဖုန်းတစ်ခုတည်းကိုပဲ ယူပြီးတော့ ဖျက်ဆီးလိုက်တယ်၊ ဆင်းကတ်ယူထားလို့ရတယ်၊ ဖုန်းကိုပဲ သတင်းတွေ ဘာတွေ မပြန့်ဖို့လုပ်တယ်၊ ကျန်တာကတော့ သူတို့ဘာမှ မလုပ်ဘူး။ အကုန်ကူညီပါတယ်။

အဲဒီနေ့ မနက်မှာပဲ လူစုပြီးတော့ ၁၂ ဘီးကားတွေနဲ့ ‘ဝ’ ပြည်ထဲကို ပို့လိုက်တာ။ ကျွန်တော်တို့ ပါစင်နယ်ပစ္စည်းတွေ အကုန်ယူသွားလို့ ရတယ်။ ဖုန်းကလွဲပြီး အကုန်လုံး ထားခဲ့ဆိုပြီးတော့ ပို့ပေးတယ် အကုန်လုံး အဆင်ပြေပြေပါပဲ။

မေး – ရက်ပေါင်းတော်တော်ကြာ ပိတ်ထားပြီးမှ လမ်းပြန်ဖွင့်ပေးရတဲ့အကြောင်းကို MNDAA က ဘာပြောလဲ။

ဖြေ – (MNDAA) သူတို့ အပြောအရတော့ သူတို့ထိုးစစ်စတော့မှာတဲ့။ အဲဒါကြောင့်မို့ ဒီရွာထဲကို လေယာဉ်ဗုံးလာကြဲနိုင်တယ်ပေါ့နော်။ မင်းတို့လုံခြုံရေးအတွက်ပဲ သွားကြပါတဲ့။ သူတို့ကတော့ ဖုန်းတွေကို ယူမှာလည်းမဟုတ်ဘူး။ ဘာမှလည်းမလုပ်ဘူးတဲ့ ဖုန်းတွေကိုတော့ ထားခဲ့ပေးတဲ့။ သူတို့စစ်လို့ မိရင်တော့ အပြစ်ပေးခံရမယ်တဲ့။ အဲဒီလိုတော့ ပြောတယ်။ ပြောပြီး ဖုန်းတွေကို ထားခဲ့ခိုင်းတယ်။ သူတို့ကိုယ်တိုင် ဖုန်းကို စစ်တာဆေးတာတော့ ဘာမှမလုပ်ဘူး။

ဆိုင်ကယ်နဲ့ ပြန်တဲ့ သူတွေကတော့ ဆိုင်ကယ်တွေ ထားခဲ့ရတယ်။ အဲဒီဆိုင်ကယ်တွေကိုလည်း သူတို့က ဘာမှမလုပ်ဘူး ချောက်ထဲကို အကုန်လုံး တွန်းချပစ်တာ။ ဆိုင်ကယ်တွေအတော်များများက အသစ်တွေ။ မြို့ထဲမှာရှိတဲ့ ဆိုင်ကယ်ဆိုင်က ဆိုင်ကယ်တွေအကုန်လုံးပဲ။ ကျွန်တော်တို့အဖွဲ့တင် ၄ စီး၊ ကျနော်တို့နဲ့ မျက်မှန်းတန်းမိတဲ့ ဆိုင်ကယ်သမားတွေနဲ့တင်ကို အစီး ၁၀၀ လောက်က အေးဆေးရှိတယ်။ ဆိုင်ကယ်တွေကတော့ အများကြီးပဲ။ အရှေ့က သွားတဲ့သူတွေလည်း ဆိုင်ကယ်တွေ ဖုန်းတွေ ထားခဲ့ရတာပဲ။

လောက်ကိုင်အနီးမှ စစ်ဘေးရှောင်များ (ဓာတ်ပုံ – ကိုးကန့်စစ်ကောင်စီ)

မေး – ’ဝ’ ပြည် နမ့်တစ်မြို့ကို ရောက်ပြီးတော့ ဘာဆက်လုပ်ကြလဲ။

ဖြေ – ’ဝ’ပြည် နမ့်တစ်ထဲ ရောက်တော့ ဆောက်လက်စတိုက်တစ်ခုမှာ နေရာပေးတယ်။ စောင်တွေ စားစရာတွေ ပေးတယ်။ ကျွန်တော်တို့က အဲဒီကိုရောက်တော့ အသိကားသမားနဲ့ တွေ့လို့ တစ်ခါတည်း ဆင်းမယ်ဆိုတော့လည်း သူတို့ဆင်းခွင့်ပြုတယ်။

အဲဒါ မနေ့က မနက်က (နိုဝင်ဘာ ၂၁) ဆင်းလာတာ။ ‘ဝ’ ပြည်ထဲကနေပဲ တန့်ယန်းကို ဖြတ်ပြီး လားရှိုးကို ညနေလောက် ရောက်တယ်။ လမ်းမှာ ‘ဝ’ အဖွဲ့ကတော့ သူတို့ပြည်ထဲ အဝင်အထွက်လောက်ပဲ စစ်တာ။ ကြားထဲက ဂိတ်တွေက ဘာမှမစစ်ဘူး။

ဒီဘက်က ဗမာဂိတ်ကတော့ ‘ဝ’ ဘက်က ထွက်ထွက်ချင်း ဓာတ်ပုံရိုက်ထားတယ်၊ မှတ်ပုံတင် တောင်းပြီး အချက်အလက်ကို ယူထားတယ်။ တန့်ယန်းမြို့အဝင်မှာ ကားသမားကို ခေါ်စစ်တာရှိတယ်။ လားရှိုးအဝင်မှာ တစ်ခါစစ်တယ်။ ဒီလောက်ပါပဲ။

Show More

Related Articles

Back to top button