သတင်း

ကျောက်မဲမြို့ရှိ စစ်တပ်စခန်းကို TNLA ဝင်တိုက်

ကျောက်မဲ ခမရ ၅၀၂ စခန်းတွင် တိုက်ပွဲပြင်းထန်နေသည်၊ TNLA နှင့် မဟာမိတ်တပ်များ နယ်မြေထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်ကိုလည်း လေတပ်က ပစ်ခတ်သည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ အမှတ် ၅၀၂ ခြေမြန်တပ်ရင်းကို ယနေ့ (နိုဝင်ဘာ ၁၄) တွင် ဝင်ရောက်တိုက်ခိုက်နေသလို နောင်ချိုမြို့နယ် ဂုတ်တွင်းအနီးတစ်ဝိုက်ကို လေတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် ( PSLF/TNLA) ထံမှ သိရသည်။

မွန်းတည့် ၁၂း၄၅ နာရီအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်း မသိမ်းယူနိုင်သေးကြောင်း TNLA ပြန်ကြားရေးရုံးက ပြောသည်။

“စခန်းကို မသိမ်းနိုင်သေးဘူး။ အသေးစိတ်အခြေအနေလည်း မသိရသေးဘူး” ဟု TNLA ပြန်ကြားရေးရုံးမှ ရဲမေတစ်ဦးက Myanmar Now ကို ယနေ့ မွန်းလွဲ ၂ နာရီခန့်က အတည်ပြုသည်။

ကျောက်မဲမြို့ပေါ်တွင် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၅၀၁ နှင့် ၅၀၂ တပ်စခန်းများ အခြေစိုက်သည်။

အလားတူ TNLA နှင့် မဟာမိတ်တပ်များ နယ်မြေထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ဂုတ်တွင်းအနီးတစ်ဝိုက်တွင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်က ယနေ့ နံနက် ၁၀း၁၈ တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ဂုတ်တွင်းအခြေအနေကတော့ စစ်ရေးတင်းမာနေဆဲပဲ။ ဒီတစ်ရက်၊ နှစ်ရက်တော့ တိုက်ပွဲမရှိဘူး။ ဒါပေမဲ့ စကစဘက်ကတော့ လက်နက်ကြီးတွေ ပစ်တာရော ရှိတယ်” ဟု TNLA ရဲမေက ပြောသည်။

နိုဝင်ဘာလဆန်းမှ စတင်၍ နောင်ချိုတစ်ဝိုက်တွင် TNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပူးပေါင်းတိုက်ခိုက်နေရာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

ရှမ်းမြောက်ကို စစ်ကူလာသော၊ ပြင်ဦးလွင်မှ တက်လာသော စစ်တပ်ယာဉ်တန်းကို မိုးကုတ်လမ်းခွဲတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး မန္တလေး- မိုးကုတ်လမ်းနှင့် မန္တလေး-လားရှိုးလမ်းတို့တွင် နှစ်ဖက်ခွဲကာ တိုက်ပွဲများ ဖြစ်နေသည်။

တော်လှန်ရေးအင်အားစုများက သံချပ်ကာကား ၂ စီးပါသော ယာဉ်တန်းကို မန္တလေး-လားရှိုးလမ်းပေါ်ရှိ နောင်ချိုမြို့တောင်ဘက် ၁၀ မိုင်အကွာ ရွှေညောင်ပင်ကျေးရွာအနီး ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ခဲ့သည်။

အလားတူ နောင်ချိုမြို့နယ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားအနီးမှ စစ်တပ်စခန်းကို သိမ်းယူရရှိရေးအတွက် TNLA, MDY-PDF တို့က နိုဝင်ဘာ ၆ မှ စပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များ၊ စခန်းများသာမက မန္တလေး-ရှမ်းနယ်စပ်အထိပါ တိုက်ပွဲများ ကူးစက်လာပြီး စစ်တပ်ခန်းများ သိမ်းယူနိုင်ရေး ကြိုးပမ်းနေကြသည်။

မန္တလေး-လားရှိုးလမ်းပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့သည် တစ်ဆက်တည်းဖြစ်ပြီး ကျောက်မဲနှင့် သီပေါမြို့တို့ကို ဆက်သွယ်ထားသည့် ဘော်ကြိုရွာအနီး ကျင်သီတံတားလည်း တိုက်ပွဲကြောင့် ပျက်စီးနေသည်။

ယခုနှစ် ဇွန်လအစောပိုင်းက တရုတ်၏ တိုက်တွန်းမှုဖြင့် TNLA သည် ကိုးကန့်တပ် MNDAA, ရခိုင်တပ် AA တို့နှင့်အတူ စစ်ကောင်စီ ကိုယ်စားလှယ်များကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံခဲ့သည်။

မိုင်းလားဆွေးနွေးပွဲ သတ်မှတ်ရက်မတိုင်မီ ပြီးဆုံးသွားပြီးနောက်ပိုင်း စစ်တပ်နှင့် TNLA အကြား အပြင်းထန်ဆုံး စစ်ရေးတင်းမာမှုဖြစ်လာခဲ့ပြီး တစ်ကျော့ပြန်တိုက်ပွဲများ ဇူလိုင်နှောင်းပိုင်းတွင် တရုတ်နယ်စပ်အနီး ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများသည် တရုတ်နယ်စပ်အနီး နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသည့် မူဆယ်အနီးသို့ ရောက်ရှိလာခဲ့ကာ အောက်တိုဘာ ၂၇ တွင် “၁၀၂၇” စစ်ဆင်ရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button