
ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ခြောက်ရက်မြောက်နေ့တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်အစပ်ရှိ နောင်ချိုမြို့နယ်တို့အကြားတွင် တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးနေသည်ဟု သိရသည်။
စစ်တက္ကသိုလ်များနှင့် တပ်ရင်းတပ်ဖွဲ့များရှိရာ ပြင်ဦးလွင်နှင့် အနီးဆုံး နောင်ချိုမြို့နယ်က ကျေးရွာများအနီးတွင် ယနေ့ (နိုဝင်ဘာ ၁) နံနက်အစောပိုင်းမှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (PDF-MDY) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေခြင်းပင်။
ပြင်ဦးလွင် – နောင်ချိုလမ်းအတိုင်း တက်လာသည့် စစ်တပ်ယာဉ်တန်းတစ်ခု မိုးကုတ်လမ်းခွဲ (ပြင်ဦးလွင် – မိုးကုတ်လမ်းသစ်) သို့ ရောက်ချိန်တွင် တိုက်ပွဲစတင်သည်ဟု ဒေသခံများက ဆိုသည်။
ပြင်ဦးလွင်မှ လာသည့် သံချပ်ကာယာဉ်နှစ်စီး၊ စစ်ကား (FAW) ဆယ်စီးခန့်နှင့် တွဲကားနှစ်စီး ပါဝင်သော စစ်တပ်ယာဉ်တန်းက နောင်ချိုမြို့နယ်၊ ရေဝင်နှင့် သဲခေါ်ကျေးရွာတို့တွင် အထိုင်ချထားသည့် စစ်တပ်နှင့် ပူးပေါင်းခဲ့သည်ဟုလည်း သိရသည်။
စစ်တပ်အထိုင်ချနေရာမှ မြောက်ဘက် နှစ်မိုင်ခန့်အကွာ ဆမ္မဆယ်ရွာဘက်တွင် မန္တလေး PDF ရှိနေပြီး၊ ထိုမှ လေးမိုင်ခန့်အကွာ အုမ္မခါးရွာတွင် TNLA ရှိနေပြီး သုံးပွင့်ဆိုင် တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။
“မနက် ၁၀ နာရီလောက်မှာ ဘန့်ဘွေးကို ဖြတ်ပြီးတော့ (စစ်တပ်ယာဉ်တန်း) ရေဝင်နှင့် သဲခေါ်ရွာဘက်ကို ထွက်သွားတယ်။ အဲ့ဒီနောက်ပိုင်း တိုက်ပွဲဖြစ်နေတာပဲ။ တိုက်လေယာဉ်နဲ့ ဝဲပြီးတော့လည်း ပစ်သွားသေးတယ်” ဟု အနီးဝန်းကျင်ရွာမှ လူငယ်တစ်ဦးက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်တွင် အုမ္မခါးကျေးရွာနှင့် ဆမ္မဆယ်ရွာအနီး စစ်တပ်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း TNLA က ထုတ်ပြန်ထားပြီး ကျောက်မဲမြို့နယ်၊ နောင်ပစ်ကျေးရွာအနီးကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဖော်ပြသည်။
နံနက် ၃ နာရီကတည်းက လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံ အမျိုးသမီးကလည်း ဆိုသည်။
“မနက် ၃ နာရီလောက်ဆို လက်နက်ကြီးတွေနဲ့ ပစ်တဲ့အသံတွေကတော့ ကြားနေကျ။ ဒီနေ့က ဗမာစစ်တပ်ကလည်း သူတို့တပ်ကို အင်အားဖြည့်ပြီးတော့ ရေဝင်မှာ လာတယ်။ လေယာဉ်ကလည်း ရေဝင် တန်းရွာပေါ်မှာ အဝိုင်းကြီး ပတ်ပျံပြီးတော့ ကွေ့ပြီဆိုတဲ့အချိန်မှာ ပစ်…ပစ်သွားတာ။ ကျွန်မတို့က သုံးပွင့်ဆိုင်ကြားထဲ ရောက်နေတာ”
ပြင်ဦးလွင်မြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ်ရှိ ကျေးရွာများတွင် နေထိုင်သူများအနေဖြင့် ယမန်နေ့ (အောက်တိုဘာ ၃၁) မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားကာ ဘေးလွတ်ရာ တိမ်းရှောင်ကြရန် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများက လာရောက်သတိပေးခဲ့သည်ဟုလည်း သိရသည်။
ထို့ကြောင့် ပြင်ဦးလွင်မြို့ပေါ်နှင့် မန္တလေးမြို့သို့ တိမ်းရှောင်သွားကြသူများရှိကာ မတိမ်းရှောင်ဘဲ ဆက်လက်နေထိုင်နေသူများလည်း ရှိသည်ဟု သိရသည်။
ရှမ်းအခြေစိုက် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေး စတုတ္ထမြောက်နေ့ဖြစ်သော အောက်တိုဘာ ၃၀ ရက်နေ့ကတည်းက ပြင်ဦးလွင်နှင့် အနီးဆုံး နောင်ချိုမြို့နှင့် ဂုတ်ထိပ်လမ်းပိုင်းကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)