
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးခု၏ စစ်ဆင်ရေး လေးရက်မြောက်နေ့တွင် စစ်တပ်နယ်မြေ ပြင်ဦးလွင်မြို့နှင့် အလွန်နီးကပ်နေသော နောင်ချိုမြို့နှင့် ဂုတ်ထိပ်တံတားတို့ကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်လိုက်ပြီဟု သိရသည်။
ယနေ့ (အောက်တိုဘာ ၃၀) နံနက်အစောပိုင်းတွင် နောင်ချိုမှ သုံးမိုင်ခန့်အကွာ ကျောက်ကြမ်းကျေးရွာရှိ စစ်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေးတိုင်း-MDY PDF) တို့ ဝင်ရောက်တိုက်ခိုက်သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်၊ မြို့ပေါ်ရှိ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများရှိ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့များ၊ ဝန်ထမ်းများ၊ မိသားစုဝင်များ နောင်ချို-ရပ်စောက်လမ်းပေါ်ရှိ စစ်တပ်စခန်းတစ်ခုဆီ ထွက်ပြေးသွားသည်ဟု မြို့ခံများက ဆိုသည်။
“တစ်မြို့လုံးမှာ စစ်တပ်ရော ဂိတ်တွေရော ဘာမှမရှိတော့ဘူး။ ရဲစခန်းမှာဆို အချုပ်သားတွေကို ၁၂ ဘီးကားတွေနဲ့ ထည့်ပြီး ပြေးကုန်ကြတာ။ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီ” ဟု နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ယနေ့ ပြောသည်။
TNLA/PDF ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ပေါ်သို့ ဝင်ရောက်တပ်စွဲခြင်း မရှိသေးဘဲ မြို့ပတ်လည်တွင် လှုပ်ရှားနေသည်ဟု သိရသည်။
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ အချက်အချာကျ နေရာတစ်ခုဖြစ်သော ဂုတ်ထိပ်လမ်းပိုင်းနှင့် တံတားရှိ စစ်သားနှင့် ရဲများကို ယမန်နေ့ ညပိုင်းတွင် TNLA နှင့် PDF ပူးပေါင်းအဖွဲ့က စီးနင်း တိုက်ခိုက်ခဲ့သည်။ လက်ရှိတွင် ဂုတ်တွင်းတံတားကို TNLA/PDF ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားပြီး ပြည်ထောင်စုလမ်းမကြီး အသုံးပြုခွင့်ကို ပိတ်ပင်ထားဆဲဖြစ်သောကြောင့် ကုန်ကားများ ပိတ်မိနေသည်ဟု သိရသည်။
“စကစစစ်ကြောင်းက ကျောက်မဲကနေ ဂုတ်တွင်းဘက် သွားနေတာရှိတယ်။ တော်လှန်ရေးတပ်ဘက်က ကားတာယာတွေနဲ့ လမ်းကို ပိတ်ထားတာ။ ကျောက်မဲမြို့ကနေလည်း လက်နက်ကြီးတွေ ပစ်ကူသွားတယ်” ဟု ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
နောင်ချိုမှ ပြင်ဦးလွင်မြို့သို့ ပြန်ရောက်လာသော ခရီးသွားတစ်ဦးအဆိုအရ လမ်းတစ်လျှောက်တွင် PDF ဂိတ် နှစ်ခုထက်မနည်း တွေ့ရသည်ဟု ဆိုသည်။
“မြို့ခံတွေ ပြောတာကတော့ ရဲစခန်းပစ်ခံရလို့ စခန်းမိသားစုတွေ ညတွင်းချင်း တပ်ထဲ ပြောင်းပြေးတယ် ကြားတယ်။ ဒီမနက်တော့ ဂုတ်တွင်းက နောင်ချိုအဝင် ပိတ်ထားတယ်။ နောင်ချိုအထွက် တပ်တောင်ဂိတ်မှာ PDF တွေ ရှိတယ်။ အားလုံးက (PDF, TNLA) ယူနီဖောင်းတွေနဲ့ချည်းပဲ။ တပ်က ဝက်ဝံဂိတ်ပဲ ရှိတော့တာ။ ကျန်တဲ့နေရာ မတွေ့ရဘူး”
ယနေ့ မွန်းလွဲပိုင်းတွင် နောင်ချို-ပြင်ဦးလွင်လမ်းပိုင်း ဘန့်ဗွေးရွာအနီးရှိ TNLA/PDF ပူးပေါင်းတပ်ဖွဲ့များကို စစ်တပ်က လေကြောင်းမှ ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့တွင်လည်း နောင်ချိုမြို့တွင်း ဝင်ရန် ကြိုးစားသည့် ပူးပေါင်းအဖွဲ့ကို လေကြောင်းမှ အကြိမ် ၂၀ ထက်မနည်း တိုက်ခိုက်ခဲ့ကာ ဂုတ်ထိပ်ဘက်ရှိ စစ်တပ်စခန်းများမှနေ၍ တစ်နေကုန်နီးပါး လက်နက်ကြီးများ ပစ်ခတ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ညီနောင်သုံးဖွဲ့ဟု အမည်တွင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းကာ “၁၀၂၇” အမည်ရ စစ်ဆင်ရေးဖြင့် ယခုလ ၂၇ ရက်နေ့မှစ၍ စစ်ကောင်စီလက်အောက်ခံစခန်းများကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေသည်။
သိန္နီမြို့အဝင်တံတားကို ဖောက်ခွဲဖျက်ဆီး

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထိန်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ မြို့အဝင်တံတားကို ယနေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးအဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု သိရသည်။
သိန္နီမြို့အဝင်တံတားသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များသွားရာ လမ်းကြောင်းပေါ်မှ လားရှိုး-မူဆယ်လမ်းပိုင်းနှင့် လားရှိုး-ချင်းရွှေဟော်လမ်းပိုင်းတို့ ဖြတ်သန်းသွားလာရမည့် တံတားတစ်စင်းဖြစ်သည်။
လက်ရှိအချိန်တွင် သိန္နီမြို့အနီးရှိ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်စခန်းများနှင့် တရုတ်-မြန်မာ သွင်းကုန်ပို့ကုန် ရေပူစစ်ဆေးရေးဂိတ်ရှိ စစ်တပ်စခန်းတို့ကို ဆက်လက်စီးနင်းတိုက်ခိုက်နေကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ယနေ့ နံနက်တွင် ပြောသည်။
“စစ်ဆင်ရေးနဲ့ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေပါတယ်။ သိန္နီမြို့နယ်အားလုံးကို လုံးဝ သိမ်းပိုက်သွားတဲ့အနေအထားတော့ မရှိသေးပါဘူး”
သိန္နီမြို့နယ်အတွင်းရှိ စစ်တပ်၏ မိုင်းလီတပ်စခန်းကို ယမန်နေ့ည ၈ နာရီတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မိုးကျက်တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေသည်ဟု TNLA က ယနေ့ ထုတ်ပြန်သည်။
တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေရာ လားရှိုးမြို့မှ မိုင်အနည်းငယ်သာ ကွာဝေးသည့် နမ့်ပေါင်တိုက်နယ် ရဲစခန်းကိုလည်း ပူးပေါင်းတပ်များက ယမန်နေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်နည်းတူ ယနေ့ နံနက်ပိုင်း၌ လားရှိုး-တန့်ယန်းလမ်းပိုင်းရှိ နမ္မဗောဒရွာတံတားကိုလည်း ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

ချင်းရွှေဟော်ကို ဆက်လက်ထိန်းချုပ်ထား
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ချင်းရွှေဟော်မြို့ကို MNDAA နှင့် ပူးပေါင်းတပ်များက ဆက်လက်ထိန်းချုပ်ထားပြီး မြို့အနီးရှိ စစ်တပ်စခန်း အသေးအကြီး ၁၀ ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု MNDAA က ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။
လူမှုကွန်ရက်တွင် တွေ့ရသည့် ရုပ်သံဖိုင်များအရ ချင်းရွှေဟော်မြို့တွင်း၌ MNDAA တပ်ဖွဲ့ဝင်များ နေရာယူထားသည့်အပြင် ချင်းရွှေဟော်-မိန်းတိန် နယ်စပ်ဂိတ်တွင်လည်း MNDAA အလံလွှင့်ထူထားသည်ကို တွေ့ရသည်။
ချင်းရွှေဟော်မှ မိုင် ၂၀ ခန့်အကွာရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်ကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
“၁၀၂၇” စစ်ဆင်ရေး၏ သုံးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီစခန်းများမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကိုလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဆက်တိုက်ထုတ်ပြန်နေသည်ကို တွေ့ရသည်။ စစ်ကောင်စီ၏ သံချပ်ကာယာဉ်နှစ်စီးကို ဖျက်ဆီးနိုင်သည့်အပြင် လက်နက်ခဲယမ်းမျိုးစုံ အမြောက်အမြားကို သိမ်းဆည်းထားသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဖမ်းဆီးရမိသူများ ရှိသည်ကို တွေ့ရသော်လည်း နှစ်ဖက် ထိခိုက် သေဆုံးမှုများနှင့် ပတ်သက်၍ အတိအကျ မသိရပေ။
“၁၀၂၇ စစ်ဆင်ရေး” အရ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ မော်ကွန်းတောင် အနောက်ဘက်တောင်ရိုးတစ်လျှောက်တွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နေကြောင်းလည်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယနေ့ထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရပြီး တိုက်ပွဲအရှိန် ဆက်လက်မြင့်တက်နေကြောင်း၊ နှစ်ဖက်အထိအခိုက်ရှိကြောင်း ပါရှိသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)