ဆောင်းပါး

စစ်ကောင်စီခေတ်တွင် စျေးပေါ၊ ပစ္စည်းပေါလာသည့် ယာဘဆေးပြား

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ပိုမို ပစ်မှတ်ထားဖမ်းဆီးနေချိန်၊ ကုန်ပစ္စည်းများ စျေးတက်နေချိန်တွင် စျေးပေါသော၊ အန္တရာယ်ကင်းကင်း အလွယ်တကူ ဝယ်ယူနိုင်သော ပစ္စည်းမှာ မူးယစ်ဆေး ဖြစ်လာသည်။

နိုင်ငံပိုင်သတင်းစာများ နေ့စဉ် ဖော်ပြနေသည့် မှုခင်းသတင်းမှာ Facebook သုံးသူတစ်ဦးက အွန်လိုင်းတွင် ဝေဖန်ရေးသားသဖြင့် အာဏာသိမ်းစစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချနိုင်သည့် ပုဒ်မမျိုးစုံဖြင့် ဖမ်းလိုက်သည့် သတင်းဖြစ်သည်။

ယခင်က မကြာခဏ ဖော်ပြခဲ့သည့် မှုခင်းသတင်းမှာ ရဲတပ်ဖွဲ့က မူးယစ်ဆေး လက်လီရောင်းချသူ၊ သယ်ယူပို့ဆောင်သူတို့ကို ဖမ်းဆီးရမိသည့်သတင်းမျိုး ဖြစ်သော်လည်း စစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် ရဲတပ်ဖွဲ့ဦးစားပေး နှိမ်နင်းရမည့်ပစ်မှတ် ပြောင်းသွားခြင်း ဖြစ်သည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကိုသာ ဦးစားပေး နှိမ်နင်းနေသည့် ယနေ့အချိန်တွင် မူးယစ်ဆေးမှာ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သည့် အခြေအနေတွင် ရှိလာနေသည်။

လူသုံးများလာသည့် WY ဆေးပြား ခေါ် စိတ်ကြွရူးသွပ်ဆေး ယာဘသည် စျေးကွက်တွင် အရည်အသွေးမျိုးစုံနှင့် ပေါပေါများများရနိုင်သည့် မူးယစ်ဆေးဟု မန္တလေးမှ အသက် ၃၅ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“WY ယာဘက အခု တစ်ပြားကို ၁၀၀၀ ကနေ စဝယ်လို့ရတယ်။ အစားစားပေါ့။ ၁၀၀၀ ကတော့ အမျိုးအစား အညံ့ဆုံးပေါ့” ဟု မူးယစ်ဆေးသုံးစွဲခဲ့ဖူးသူ ထိုအမျိုးသားက ပြောသည်။

“ဝယ်တာက ၄၉ လမ်း တမန်းကုန်းမှာ။ ဘိ ခေါ်တာပေါ့။ အဲ့လို ဘိတွေမှာ သွားပြီးသုံးလို့ရတာပေါ့ အလွယ်တကူ။ သူတို့က ရဲလာရင်‌ ကြိုသတိပေးပြီး အပြင်ထွက်ခိုင်းတယ်။ အဲဒီလိုဘိတွေမှာ သွားသုံးကြတယ်”

မွန်ပြည်နယ်ဒေသခံတစ်ဦးကလည်း ၎င်းတို့ထံတွင် ဝယ်ယူသုံးစွဲရန် များစွာ ခက်ခဲမှုမရှိဟု သိရကြောင်း၊ အရည်အသွေးအပေါ် မူတည်ပြီး စျေးနှုန်းမတူညီကြောင်း ပြောသည်။

“ဈေးနည်းတဲ့ဟာတွေက ကွာလတီမကောင်းဘူးတဲ့။ ၅၀၀၀ တန်ကတော့ အလုံးကြီး၊ ကွာလတီ (အရည်အသွေး) ကောင်းတယ် ပြောပါတယ်၊ မြဝတီမှာ‌တော့ သုံးလုံးမှ တစ်ထောင်ပဲတဲ့။ အလုံးသေးလေးတွေ” ဟု အဆိုပါ ဒေသခံက ပြောသည်။

၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်နေ့က ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် ပြသထားသော ဖမ်းမိမူးယစ်ဆေးများကို တွေ့ရစဉ်။ (ဓာတ်ပုံ – EPA)

စျေးပေါသည့်ဆေး

လူသုံးကုန်ပစ္စည်း စျေးတက်၊ ရှားပါးသော်လည်း ယာဘဆေးပြားမှာ ထိုအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်လာသည်။

စျေးအလွန်သက်သာခြင်း၊ လက်လီရောင်းသူ များလာခြင်းတို့ကြောင့် သုံးလိုသူများက အလွယ်တကူ ဝယ်ယူလာနိုင်ကြသည်ဟု သိရသည်။

လက်နက်ကိုင်တော်လှန်ရေးသမားများ၊ မြို့ပြပြောက်ကျားတပ်သားများ၏ရန်ကြောင့် ရဲများသည် စခန်းအပြင်ဘက်တွင် သွားလာခြင်း နည်းပါးလာသော်လည်း မူးယစ်ဆေးနှင့် ပတ်သက်ပြီး ရံဖန်ရံခါ စောင့်ကြည့် ဖမ်းဆီးတတ်သည်ကို သတင်းများတွင် တွေ့ရသည်။

ရန်ကုန်နှင့် နေပြည်တော်အပါအဝင် မြို့ကြီးများတွင် မူးယစ်ဆေး ရှာဖွေဖမ်းဆီးသည့်စီမံချက် ရှိသည်ဟု သတင်းထွက်သည့် ကာလမျိုးတွင် ဝယ်ယူရ ခက်လေ့ရှိကြောင်း မူးယစ်ဆေးသုံးစွဲခဲ့ဖူးသည့် လူငယ်သုံးဦးက ပြောသည်။

အဖမ်းဆီးများရှိနေချိန်တွင် စျေးကွက်တွင် အလွယ်တကူ ရှာမရနိုင်သော၊ ငွေကုန်ကြေးကျများသော မူးယစ်ဆေးဝါးမျိုးစုံကို သုံးနိုင်သည့် နေရာမှာ မြို့ကြီးများရှိ ကလပ်များဖြစ်ကြောင်း နေပြည်တော်မှ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက ဆိုသည်။

“နေပြည်တော်မှာ ဟိုတယ်တွေမှာ ဖွင့်တဲ့ ကလပ်တွေမှာတော့ ရတယ်၊ ပိုက်ဆံရှိတဲ့သူတွေပဲ သုံးနိုင်တာ။ ဆေးက သိန်းဂဏန်းရှိတော့ ကျွန်တော်တို့ မသုံးနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်၊ မူဆယ်မြို့ရှိ ကေတီဗီတစ်ခုတွင် မူးယစ်ဆေးသုံးစွဲနေသူများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီအတွင်းက တွေ့ရစဉ်။

ဆေးလမ်းကြောင်း

ရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင်အဖွဲ့များသည် ရွှေတြိဂံဒေသဟု ထင်ရှားသော လာအို၊ ထိုင်းနှင့် မြန်မာ သုံးနိုင်ငံဆုံသည့် နေရာတွင် ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ မူးယစ်ဆေး တိုးချဲ့ထုတ်လုပ်နေကြကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၂ နှစ်လယ်ပိုင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အာဏာသိမ်းပြီး နောက်ဆက်တွဲအခြေအနေများကြောင့် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးထုတ်လုပ်မှု လွန်စွာများပြားလာသည်ဟု UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောဆိုကြောင်း Al Jazeera သတင်းဌာန၏ နိုဝင်ဘာ ၇ ရက်နေ့ထုတ် ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မှ ထွက်သော မူးယစ်ဆေးသည် မဲခေါင်မြစ်ခြားပြီး တည်ရှိသည့် လာအိုနိုင်ငံသို့ အလုံးအရင်း စီးဝင်နေရာ ထိုလမ်းကြောင်းသည် နိုင်ငံတကာမူးယစ်ဆေးစျေးကွက်သို့ စီးဆင်းသည့် လမ်းကြောင်းကြီးတစ်ခုအဖြစ် ဆက်လက် တည်ရှိနေသည်ဟု ထိုအရာရှိက ဆိုသည်။

လာအိုတွင် မူးယစ်ဆေးဝင်ရောက်မှုမှာ ခန့်မှန်းရ မလွယ်ကူသည့်အဆင့်အထိ ဖြစ်လာသည်၊ ယခင်ကထက် ပိုမို ဝင်ရောက်နေသည်ဟု ဆိုသည်။

၂၀၂၁ အောက်တိုဘာလတွင် ယာဘဆေးပြား ၅၅ သန်း၊ ICE မူးယစ်ဆေး တစ်တန်ခွဲကို တာချီလိတ်မြို့နှင့် ကပ်လျက်တည်ရှိသော Bokeo ပြည်နယ်အတွင်း လာအိုအာဏာပိုင်တို့ ဖမ်းဆီးရမိခဲ့ဖူးသည်။

အလုံးအရင်းဝင်ရောက်မှုကြောင့် ယာဘဆေးပြားမှာ မြန်မာပြည်ထက် ထက်ဝက် စျေးပေါနေသည်ကို တွေ့ရသည်။

ယာဘဆေးပြား တစ်ပြားလျှင် ကစ် ၅,၀၀၀ မှ ၇,၀၀၀ ကြားသာ ပေးရသည်ဟု ဆေးသမားများထံမှ သိရကြောင်း လာအိုနိုင်ငံမူးယစ်ဆေးဖြတ်ဌာနတစ်ခု၏ လက်ထောက်ညွှန်ကြားရေးမှူး Bounme ဆိုသူက ပြောသည်။ မြန်မာငွေနှင့် တွက်လျှင် ကျပ် ၅၀၀ နှင့် ၇၀၀ ကြား ဖြစ်သည်။

မြန်မာ၊ လာအိုတို့၏ အိမ်နီးချင်း ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်နေသူ မြန်မာများကြားတွင်လည်း ယာဘဆေးပြား သုံးစွဲသူများ ရှိနေသည်။

မြို့တချို့တွင် မြန်မာအလုပ်သမားများက ဒေသခံ ထိုင်းတို့ထက်ပင် ယာဘဆေးပြား ပိုမိုသုံးစွဲကြသည်ကို ထိုင်းအွန်လိုင်းလူမှုကွန်ရက်တွင် ရေးသား ထောက်ပြနေကြသည်ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

“ထိုင်းမှာ မူးယစ်ဆေးနဲ့ အရက် နှစ်ပင်လိမ်သုံးစွဲမှုကြောင့် ရာဇဝတ်မှုအများဆုံးက ထိုင်းအရှေ့ပိုင်း၊ ချွန်ဘူရီပြည်နယ် ပတ္တရားမြို့နဲ့ ထိုင်းအလယ်ပိုင်းဒေသ၊ ဆမွတ်ပရာကန်ပြည်နယ်၊ ဘန့်ဖီးမြို့နယ်တို့မှာပဲ” ဟု ဦးမိုးကြိုးက ပြောသည်။

ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးထုတ်လုပ်ရေးလုပ်ငန်းသုံး ဓာတုဆေးများ၊ ကိရိယာများကို ၂၀၂၀ မတ်လ ၆ ရက်နေ့က ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တွင် ပြသထားစဉ်။

ဝယ်ရလွယ်ကူခြင်း  

ထိုင်းနိုင်ငံတွင်လည်း ယာဘဆေးပြားစျေးနှုန်းမှာ ဒေသတချို့တွင် ၁ ဒေါ်လာ (ကျပ် ၃၂၀၀) အောက်သို့ ရောက်နေသည်ဟု လူမှုကျန်းမာရေးဝန်ထမ်းများထံမှ သိရကြောင်း ချင်းမိုင်တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်သူ Apinun Aramrattana က ပြောဆိုသည်ဟု VOA သတင်းဌာန၏ ဖေဖော်ဝါရီလ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

“ဆေးပြား ဝယ်ရတာက စီးကရက်ဝယ်ရတာထက် ပိုပြီးလွယ်တယ်လို့တောင် တချို့က ပြောကြတယ်” ဟု သူက ဆိုသည်။

ထိုင်းတွင် အသက် ၂၀ အထက် ရှိသူကိုသာ ဆေးလိပ်ရောင်းချရမည်ဟု ဥပဒေပြဋ္ဌာန်းထားသည်။

မူးယစ်ဆေး တလွဲအသုံးချမှုတိုက်ဖျက်ရေး အားလျော့လာသည့် မြန်မာနိုင်ငံတွင်လည်း ယာဘဆေးပြားမှာ ဝယ်ရ လွယ်ကူနေသည်။ မန္တလေးမှ အမည်မဖော်လိုသည့် အထက်ပါ လူလတ်ပိုင်းအမျိုးသားက မူးယစ်ဆေးအရောင်းအဝယ်သည် ကြားလူကို များစွာမလိုအပ်တော့ဘဲ အလုပ်ဖြစ်နေကြသည်ဟု ဆိုသည်။

“ခုကျ ပေါ်တင်ရောင်းနေကြတာပေါ့။ အရင်ကတော့ ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့မှ ဝယ်ရတာပေါ့” ဟု သူက ရှင်းပြသည်။

“အပြင်က သူ့အချိတ်အဆက်နဲ့သူ ရောင်းတဲ့သူတွေရှိတယ်။ အွန်လိုင်းကလည်း သူချိတ်နဲ့သူ ချိတ်ဆက်ဝယ်ကြတယ်။ ဆယ်လုံး အနည်းဆုံးဝယ်ရတယ်”

အာဏာသိမ်းမှု ဆန့်ကျင်ခြင်းက ပုဒ်မများစွာတပ်ပြီး ထောင်ချခံရနိုင်သည့် လုပ်ရပ်ဖြစ်နေချိန်၊ နိုင်ငံရေးအကျဉ်းသားအရေအတွက် ၁၉,၆၆၀ ထက်မနည်း ရှိနေချိန်တွင် မူးယစ်ဆေးအရောင်းအဝယ်လုပ်ခြင်းသည် သေးငယ်သည့်အမှု ဖြစ်လာသည်။ နိုင်ငံတွင်း ထုတ်လုပ်သည့် ယာဘဆေးပြားကို နိုင်ငံအနှံ့တွင် ရောင်းနေကြသလို မူးယစ်ဥပဒေအရ တားမြစ်ထားသည့် ဆေးခြောက်ကို သုံးစွဲသူတချို့က ကိုယ်တိုင်စိုက်ပျိုးလာသည်ဟု သတင်းရင်းမြစ်တချို့က ဆိုသည်။

ရန်ကုန်မှ အသက် ၂၀ကျော်အရွယ် အမျိုးသားတစ်ဦးကလည်း မူးယစ်ဆေး ဝယ်ယူသုံးစွဲမှုကို ခိုးကြောင်ခိုးဝှက်လုပ်ရခြင်းသည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု ပြောသည်။

“ရန်ကုန်မှာ ဆေးခြောက်သုံးတယ်ဆိုတာ ဘာမှကို ဟုတ်မနေဘူး၊ facebook (messenger) ကနေလည်း မှာလို့ရတယ်၊ အိမ်တိုင်ရာရောက်လည်း လာပို့ပေးတယ်“ ဟု ထိုလူငယ်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button