
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုး စတင်တွေ့ရှိခဲ့သည့် မတ် နောက်ဆုံးပတ်မှ မေလကုန်အထိ ရခိုင်ပြည်နယ်တွင် ကျပ် ၂၄ ဘီလျံကျော်ဖိုးရှိသည့် WY မူးယစ်ဆေးပြားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဖမ်းဆီးရမိမှု ရှစ်ကြိမ်အနည်းဆုံးရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ကုန်သွယ်ရေး အဓိကနေရာ မောင်တောမြို့နယ်တွင် အများဆုံးဖြစ်ကာ ကျန်အရေအတွက်အနည်းငယ်ကို ပြည်နယ်မြို့တော် စစ်တွေတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
မတ် ၂၉ ရက်က စစ်တွေမြို့နယ် ကျောက်တန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့သို့ ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးကို တားဆီးစစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအောက် အံဝှက်အတွင်းမှ ကျပ် ၁၉၇ သိန်းကျော်ဖိုးရှိ မူးယစ်ဆေးပြား ၉၈၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက မတ် ၃၀ တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်သည် ရက္ခိုင့်တပ်တော်နှင့်မြန်မာ့တပ်မတော်တို့ ထိတွေ့မှုများ ဖြစ်ပွားရာနေရာတစ်ခုဖြစ်ပြီး စစ်တွေမြို့သို့ သွားရာလမ်းတလျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များဖြင့် လုံခြုံရေးတင်းကျပ်သည့် လမ်းကြောင်းဖြစ်သည်။
ကိုဗစ်နိုင်တင်းရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ မူးယစ်ဆေးအများဆုံးဖမ်းဆီးရမိသည့်ကာလမှာ မေလဖြစ်ပြီး တစ်လအတွင် မူးယစ်ဆေးဖမ်းဆီးရမိမှုဖြစ်စဉ် ၄ ခုရှိခဲ့ကာ WY ဆေးပြားပေါင်း ၇၇ သိန်းကျော်၊ တန်ဖိုး ကျပ် နှစ်ဘီလျံကျော်ဖိုး ဖမ်းဆီးရမိခဲ့သည်။
ပြည်ထဲရေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များအရ WY ဆေးပြားတစ်ပြား၏ ကာလတန်ဖိုးမှာ ယေဘုယျ ကျပ် ၂၀၀၀ ဝန်းကျင် ခန့်မှန်းတွက်ချက်ထားသည်။
မေ ၃၀ က မောင်တောမြို့ ကညင်တန်းရွာမှ နေအိမ်တစ်အိမ်ကို မောင်တောရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ WY ဆေးပြား ခုနစ်သန်းကျော်၊ တန်ဖိုးငွေ ကျပ် ၁၄ ဘီလျံကျော်ဖိုးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင်ရှိသည့် ဒေသခံ မွတ်စလင် နှစ်ဦးကို ဖမ်းဆီးခဲ့သည်။
ထို့အပြင် နောက်တစ်နေ့တွင်လည်း မောင်တောမြို့ ကန်သာယာအထက်ကျေးရွာရှိ ဦးမောင်ရွှေသိန်း၏ နေအိမ်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် ကာလတန်ဖိုး ကျပ် ၄ ဒသမ ၈ ဘီလျံခန့်တန်ဖိုးရှိ WY ဆေးပြား ၂၄ သိန်းကျော်နှင့် ပစ္စတိုတစ်လက်နှင့် ၎င်းကျည်ဆန် ၅ တောင့်ကို ဖမ်းဆီးရမိခဲ့သည်။
ကျန်ဖြစ်စဉ် လေးခုတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးပြား တန်ဖိုး လေးဘီလျံရှိသည်ဟု ထုတ်ပြန်ချက်များတွင် တွေ့ရသည်။
ဖမ်းဆီးမိသည့် တရားခံအများစုမှာ ဒေသခံရခိုင်များနှင့် မွတ်စလင်အရပ်သားများဖြစ်ပြီး အစိုးရက အကြမ်းဖက်အဖြစ်ကြေညာထားသည့် ARSA (Arakan Rohingya Salvation Army) အဖွဲ့ထံမှလည်း မူးယစ်ဆေးဖမ်းဆီးရမိမှုများရှိခဲ့သည်ကို တွေ့ရသည်။
ဧပြီ ၂၉ က ဘင်္ဂလားဒေ့ရှ်၊ မြန်မာနယ်စပ်အနီးတွင် ARSA အဖွဲ့ဝင်နှစ်ဦးကို WY ဆေးပြားပေါင်း လေးသောင်းကျော်နှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၃၀ တွင် ထုတ်ပြန်ခဲ့သည်။