သတင်း

မူးယစ်ဆေးဝါး ခိုးမသွင်းစေရန် ထောင်များတွင် Body Scanner စက်များဖြင့် စတင်စစ်ဆေး 

အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါး ခိုးသွင်းမှု မရှိစေရန် အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် မန္တလေးအကျဉ်းထောင်တွင် Body Scanner (ခန္ဓာကိုယ်ရှာဖွေသည့်စက်) စက်များဖြင့် စမ်းသပ်အသုံးပြုနေပြီ ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနတာဝန်ရှိသူက ပြောသည်။ 

ရုရှားနိုင်ငံထုတ် အဆိုပါစက်များကို ဇွန်လဆန်းပိုင်းတွင် စတင်အသုံးပြုခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာပါက စက်၏မှန်သားပြင်မှတဆင့် တွေ့မြင့်နိုင်မည်ဖြစ်ကာ အချက်ပေးသံ မြည်လာမည်ဟု ဆိုသည်။   

“ရုံးက ပြန်လာတဲ့အဖွဲ့တွေ တရားရုံးက ပြန်လာတဲ့အဖွဲ့တွေကို စစ်မှာ။ အကျဉ်းထောင်နဲ့ အဝင်အထွက်ရှိတဲ့လူတွေ အဲ့ဒီမှာ တွေ့ရင် မူးယစ်ဆေးမှ မဟုတ်ဘူး ဘာပဲနေနေပေါ်မှာ”ဟု အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးရဲရင့်နိုင်က ပြောသည်။ 

ယင်းစက် အသုံးပြုမည့် ရှာဖွေရေးအဖွဲ့ဝန်ထမ်းများကို တစ်လသင်တန်းပေးနေပြီး အကျဉ်းသား အဝင်အထွက်များပြားသည့် အင်းစိန်ထောင်နှင့် မန္တလေးထောင်မှ နေ့စဉ်တရားရုံးထုတ်သူ တစ်ထောင်ခန့်ကို အဆိုပါစက်များဖြင့် စမ်းသပ်စစ်နေသည်ဟု ၎င်းက ပြောသည်။ 

အကျဉ်းထောင်များတွင် မူးယစ်ဆေးဝါးရှာဖွေရန် အဆိုပါစက်များတပ်ဆင့်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီ နှစ်ခု၏ အမည်များကိုမူ အကျဉ်းဦးစီးဌာနတာဝန်ရှိသူများနှင့် ထောင်တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခြင်းမရှိသော်လည်း အကျဉ်းဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် ၂၀၁၉-၂၀ တွင် တင်ဒါအောင်မြင်သော ကုမ္ပဏီ ၉၁ ခု ရှိသည်ဟု သိရသည်။

ထောင်အတွင်း မူးယစ်ဆေးပြဿနာနှင့် ပတ်သက်ပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှူးအပါအဝင် မန္တလေး၊ မြင်းခြံ၊ မြောင်းမြ၊ ဟင်္သာတထောင် စသည့်ထောင်ငါးခုမှ အကျဉ်းထောင်ဝန်ထမ်းများကို  ဇွန်လကုန်ပိုင်းတွင် အရေးယူလိုက်ပြီး အင်းစိန်ဗဟိုအကျဉ်းထောင်မှူးကို ထောင်ပြောင်းရွှေ့ခြင်းဖြင့် အရေးယူခဲ့သည်ဟု ဗဟိုအကျဉ်းဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ထောင်ဝင်စာလာတွေ့သူများထံမှတဆင့် မူးယစ်ဆေးမဝင်ရောက်နိုင်ရန် အကျဉ်းထောင် ၇ ခု၌ အကျဉ်းသားများထံ ပေးပို့သည့် ပါဆယ်ထုပ်များကို ဇွန်လဆန်းမှစ၍ X-ray စက်များဖြင့်လည်း စစ်ဆေးနေသည်ဟု ဦးရဲရင့်နိုင်က ပြောသည်။ 

အဆိုပါ ထောင် ၇ ခုမှာ အင်းစိန်၊ မန္တလေး၊ မြင်းခြံ၊ ဒိုက်ဦး၊ မြစ်ကြီးနား၊ ပုသိမ်၊ ဗန်းမော်ထောင်တို့ ဖြစ်ပြီး  ပါဆယ်စစ် X-ray စက်များအတွက် နိုင်ငံတော်ဘတ်ဂျက် မည်မျှသုံးစွဲထားသည်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိပေ။ 

အကျဉ်းထောင်အတွင်း စစ်ဆေးရာတွင် စအိုအတွင်း လက်ဖြင့်နှိုက်ရှာခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မညီညွတ်ပါသဖြင့် X-ray စက်ဖြင့် ရှာဖွေခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည်ဆိုသော မေးခွန်းကို ၂၀၁၉ မတ်လအတွင်း ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သန်လျင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က မေးမြန်းခဲ့သည်။ 

အကျဉ်းထောင်များတွင် အသုံးပြုရန် Body Search Scanner သုံးစုံနှင့် X-ray Baggage Expression Machine စက်သုံးလုံးကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလရန်ပုံငွေတွင် ထည့်သွင်းလျာထားကာ တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူက ပြန်လည်ဖြေကြားခဲ့သည်။ 

ထိုသို့လွှတ်တော်တွင် ပြောကြားခဲ့ကြစဉ်က Body Search Scanner တစ်စုံအတွက် ငွေကျပ် ၅၇ ဒသမ ၇၅ သန်း၊ X-ray စက်နှစ်စုံအတွက် ငွေကျပ် သန်း ၃၀ ဟု ထည့်သွင်းတင်ပြခဲ့သည်။ 

ထောင်အတွင်း မူးယစ်ဆေးဝါး ဝင်ရောက်မှုတားဆီးနိုင်ရန် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာလာရောက်တွေ့ဆုံသူများကိုလည်း ယခုလဆန်းမှစ၍ ၁၄ ရက်လျှင် တစ်ကြိမ်သာ တွေ့ဆုံခွင့်ပြုရန် သတ်မှတ်လိုက်ပြီး ထောင်အတွင်းသို့ပေးပို့မည့် ပါဆယ်ထုပ်ပမာဏကိုလည်း ကန့်သတ်လိုက်သည်။

အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်ခြင်းမရှိစေရန် ယခင်က ထောင်ဝန်ထမ်းများဖြင့်သာ ကြပ်မတ်စစ်ဆေးခဲ့သော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်နေသဖြင့် ယခုလို စက်ဖြင့်စစ်ဆေးခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။

အကျဉ်းထောင်အဝင်အထွက်ရှိသူများသည် မူးယစ်ဆေးကို မျိုချခြင်းနှင့် စအိုတွင် ထည့်သွင်းခြင်း၊ ပြင်ပအနေဖြင့် ဖိနပ်ကြားညှပ်ကာ သယ်ဆောင်ခြင်းတို့ဖြင့် ခိုးသွင်းတတ်ကြပြီး ယခင်က စအိုထဲ လက်နှိုက်၍ မူးယစ်ဆေးရှာသည့်နည်းကို လူ့အခွင့်အရေးရှုထောင့်က ကန့်ကွက်ခံရသဖြင့် တရားရုံးအသွားအပြန် ဓာတ်မှန်ရိုက်စစ်ဆေးနေသည်ဟု အကျဉ်းဦးစီးဌာန မှသိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အလုပ်အကျဉ်းစခန်း ၉၃ ခုတွင် အကျဉ်းသား ၆၆,၀၀၀ ဦးသာ ထားရှိနိုင်သော်လည်း လက်တွေ့တွင် ထောင်ကျနှင့် အချုပ်ကျအကျဉ်းသား ၁၀၀,၀၀၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ (AAPP-B) ၏ ရန်ကုန်တိုင်းတာဝန်ခံ ကိုအောင်မျိုးကျော်က ပြောသည်။

Show More

Related Articles

Back to top button