သတင်း

ဒေသတွင်း စံချိန်တင် မူးယစ်ဆေးဝါးပမာဏ မြန်မာနိုင်ငံ ရှမ်းမြောက်တွင် ဖမ်းမိ

မြန်မာနှင့်ဒေသတွင်းသမိုင်းနှစ်ခုစလုံးတွင် အကြီးဆုံးနှင့်အအောင်မြင်ဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးကိုပြုလုပ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က အတည်ပြုလိုက်ကြောင်း ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) က မေ ၁၈ တွင် ထုတ်ပြန် ကြေညာသည်။

မက်သမ်ဖက်တမင်း ၁၈ တန်နီးပါးအပါအဝင် မီသိုင်းဖန်တယ်နိုင်း (methyl fentanyl) နှင့် အခြား မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ၊ ဓာတ်ခွဲခန်း စသည့် ဆက်စပ်ပစ္စည်းနှင့် အဆောက်အအုံများကိုလည်း တစ်ခါမျှမမိဖူးသေးသည့် ပမာဏဖြင့် သိမ်းဆည်းရမိသည်ဟု ထိုကြေညာချက်တွင် ဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် မြန်မာ့တပ်မတော်၏ အကူအညီဖြင့် ဖေဖော်ဝါရီ ၂၀ မှ ဧပြီ ၉ အထိ ဝင်ခဲ့သည့် စစ်ဆေးရေးအတွင်း ဤမျှများပြားသည့် မူးယစ်ဆေးဝါးလုပ်ငန်းစုကြီးကို ဖော်ထုတ်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မက်သမ်ဖက်တမင်း ၁၇ ဒသမ ၄ တန်နှင့်ညီသော ယာဘမူးယစ်ဆေးပြား ၁၉၃ ဒသမ ၅၅ သန်း၊ ခရစ္စတယ် မက်သမ်ဖက်တမင်း ၅၀၀ ကီလိုဂရမ်ကျော်၊ အက်ဖက်ဒရင်း ၆၃၀ ကီလိုဂရမ်၊ မီသိုင်း ဖန်တယ်နိုင်း ၃,၇၄၈ လီတာ၊ ဘိန်းဖြူ ၂၉၂ ကီလိုဂရမ်၊ ဘိန်းမည်း ၅၈၈ ကီလိုဂရမ်နှင့် မော်ဖင်း ၄၉ ကီလိုဂရမ်၊ ကက်တမင်း ၆ ဒသမ ၈ ကီလိုဂရမ်နှင့် အခြားဓာတုဆေးပစ္စည်းများ ၃၅ တန်ခွဲ၊ အရည် ၁၆၃ လီတာ သိမ်းဆည်းရမိသည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ မြန်မာနှင့်ဒေသတွင်း နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုရင်ဆိုင်နေရသည့် ဘိန်းအာနိသင်ရှိဆေးဝါး (opioids) များ သုံးစွဲမှုမတွင်ကျယ်သေးသော်လည်း ဘိန်းဖြူကဲ့သို့သော သဘာဝမှ ရရှိထုတ်လုပ်သည့် မူးယစ်ဆေးများနေရာတွင် ဓာတုဒြပ်ပေါင်းများဖြင့်ထုတ်လုပ်သည့် ဘိန်းအာနိသင်ရှိဆေးဝါး (synthetic opioids) များ အစားထိုးထုတ်လုပ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးဖူးကြောင်း CNN သတင်းတွင် ဆိုထားသည်။ ဖန်တယ်နိုင်း (fentanyl) ကို မီသိုင်းဖန်တယ်နိုင်း အရည်မှထုတ်လုပ်ပြီး ၎င်းသည် ဘိန်းဖြူထက် အဆ ၅၀ ပိုပြင်းထန်ကာ မော်ဖင်းထက် အဆ ၁၀၀ စွမ်းအားပိုပြည့်သည်ဟု BBC သတင်းတစ်ပုဒ်ကဆိုသည်။ ၎င်းတို့ကို သမားရိုးကျမူးယစ်ဆေးဝါးအမှတ်ဖြင့် သုံးစွဲမိလျှင် ဆေးလွန်နိုင်ခြေပိုနီးသည်။ “အခု မူးယစ်စစ်ဆင်ရေးရဲ့ရလဒ်တွေကို UNODC နဲ့အတူ ထုတ်ပြန်ရတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ မူးယစ်ဆေးဝါးဂိုဏ်းသားတွေကို ပြောချင်တာက မြန်မာပြည်မှာ သူတို့ အတွက် ဒီအလုပ်တွေ လုပ်ခွင့်ရမယ့်ရက်တွေ သိပ်မကျန်တော့ဘူးဆိုတာပါပဲ” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC Myanmar) မှ ရဲမှူးကြီးဇော်လင်းက ပြောသည်ဟုလည်း ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။ “ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ထိုးထားတဲ့ မဲခေါင် MOU နဲ့တကွ နိုင်ငံတကာမိတ်ဖက်တွေကို ပေးထားတဲ့ ကတိကဝတ်အတိုင်း ဖြည့်ဆည်းနေတဲ့အပြင် ဒီနိုင်ငံနဲ့တကွ ဒေသတွင်းကို ခြိမ်းခြောက်နေတဲ့ ဘိန်းအာနိသင်ရှိ ဓာတုဆေးတွေများပြားလာနေတဲ့ ကိစ္စကိုလည်း တုံ့ပြန်ကိုင်တွယ်နေပါတယ်။ အိမ်နီးချင်း နိုင်ငံတွေအနေနဲ့လည်း ဒါကို သတိပြုမိပြီး ပူးပေါင်းဆောင်းရွက်မယ်၊ အလားတူဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ စစ်ဆင်ရေးအတွင်း မြန်မာနှင့်နိုင်ငံခြားသား ၃၃ ဦးဖမ်းဆီးရမိသလို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည်ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးအချို့ကို မတ် ၆ က တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော်/ Myanmar Now)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဧပြီ ၉ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၈ မှ ဧပြီ ၉ အထိ ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေး၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများမှာ ကျပ် ၄၁၄ ဘီလျံကျော် တန်ဖိုးရှိသည်။ Reuters သတင်းတစ်ပုဒ်တွင်မူ အဆိုပါမူးယစ်ဆေးဝါးများကို မြန်မာပြည်တွင်းနှင့် ဒေသတွင်း နိုင်ငံများတွင် ရောင်းချရန်ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဖမ်းခံရသူများက ရဲထံထွက်ဆိုထားကြောင်း ရဲမှူးကြီးဇော်လင်းကို ကိုးကား၍ ရေးသားထားသည်။ “ဒီစစ်ဆင်ရေးကနေ တွေ့ရှိခဲ့တာတွေဟာ လုံးဝမျှော်လင့်မထားခဲ့တဲ့အရာတွေပါပဲ။ အခုတွေ့ရှိခဲ့တဲ့ မူးယစ်ထုတ်ရာမှာသုံးတဲ့ ထောက်ကူပစ္စည်းတွေလိုမျိုးပိုင်ဆိုင်ထားတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ကွန်ရက်တစ်ခုဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကြီးတွေမပါဘဲ၊ သူတို့ငွေကြေးအထောက်အပံ့မရဘဲ မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်” ဟု အရှေ့တောင်အာရှနှင့်ပစိဖိတ်ဆိုင်ရာ UNODC ဌာနေကိုယ်စားလှယ် မစ္စတာ Jeremy Douglas က ပြောသည်ဟု အဆိုပါထုတ်ပြန်ချက်က ဆိုသည်။ “ဒါ့အပြင် ရှမ်းပြည်နယ်တစ်ခွင်က မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ၊ ဒီဒေသကနေတစ်ဆင့် မူးယစ်ကုန်ကူးမှုတွေဟာ တချို့တွေးထင်ထားသလိုမဟုတ်ပါဘူး။ မက်သ်ဆေးပြားတွေ၊ ခရစ္စတယ်တွေ ထုတ်လုပ်ရုံထက်ပိုပါတယ်။ ဘိန်းအာနိသင်ရှိ ဓာတုဆေးဝါးတွေကို ဘယ်သူမှ ကြိုတွေးမထားမိနိုင်တဲ့ ပမာဏနဲ့ ထုတ်တဲ့အဆင့်အထိ ဖြစ်ထွန်းလာခဲ့တာပါ” ဟုလည်း ၎င်းက ဆက်ပြောထားသည်။ တရားမဝင်မူးယစ်ဆေးဝါးများအပြင် မြန်မာရဲတပ်ဖွဲ့သည် အဆင့်မြင့် ဓာတ်ခွဲခန်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ပစ္စည်းကိရိယာများ၊ ဓာတုပစ္စည်း ၃၉ မျိုးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ကို တရုတ်နယ်စပ်မှတစ်ဆင့် တင်သွင်းခဲ့ခြင်းဖြစ်သလို အိန္ဒိယ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှလည်း လာအိုကို ကြားခံထား၍ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိရသည်ဟု ဆိုထားသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းအချို့ကို မတ် ၆ က တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော်/ Myanmar Now)
ဘိန်းစိုက်ပျိုးမှုကျဆင်းလာမှုနှင့်အတူ ဒေသတွင်းမူးယစ်ဆေးဝါးဈေးကွက်မှာလည်း ကျယ်ပြန့်ကာ အမျိုးအစားစုံလင်စွာရရှိလာကြောင်း၊ ရွှေတြိဂံနှင့် အရှေ့တောင်အာရှတို့သည် ကမ္ဘာ့အခြား နေရာများအတွက် ပစ်မှတ်ထားပြီး ဓာတုမူးယစ်ဆေး အကြီးအကျယ်ထုတ်လုပ်ရာ ရင်းမြစ်ဖြစ်လာ နေကြောင်း ကုလသမဂ္ဂရုံးက ဆိုသည်။ မူးယစ်ရာဇာဂိုဏ်းကြီးများသည် “စူပါဓာတ်ခွဲခန်းများ” ဟုခေါ်သည့်နေရာများတွင် တရားမဝင် မူးယစ်ဆေးဝါး အမြောက်အမြားထုတ်လုပ်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ တရားဥပဒေမစိုးမိုးသော ပဋိပက္ခဒေသများကို ထိန်းချုပ်ထားသည့် ပြည်သူ့စစ်လက်နက်ကိုင်များနှင့် ပူးပေါင်းလုပ်ကိုင်နေကြသည်ဟု BBC က ဆိုသည်။ မက်သမ်ဖက်တမင်း ထုတ်လုပ်မှုများပြားလာရခြင်းတွင် ဘိန်းစိုက်ပျိုးမှုတိုက်ဖျက်လာခြင်းကြောင့် ဘိန်းပင်မှတစ်ဆင့် ထုတ်လုပ်သည့် ဘိန်းဖြူကဲ့သို့သော မူးယစ်ဆေးဝါးများ လျော့ကျလာပြီး မူးယစ်ရာဇာကြီးများအနေဖြင့် ဓာတ်ခွဲခန်းများထဲတွင် ဘိန်းဖြူနှင့်တူသော ဆေးဝါးများကို ဓာတုပစ္စည်းများသုံးပြီး တုပထုတ်လုပ်သည့်ဘက်သို့ ကူးပြောင်းလာ၍ဖြစ်သည်ဟု CNN က ဆိုသည်။ မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် မူးယစ်ဆေးအများဆုံးထွက်ရှိရာ ဒေသဖြစ်သည်။ ရွှေတြိဂံဒေသသည် ဒေါ်လာဘီလျံချီတန်သည့် မူးယစ်ကုန်သွယ်လမ်းကြောင်း အစပြုရာဖြစ်သည်။ ၂၀၁၈ နှင့် ၂၀၁၉ အကြား လျှို့ဝှက်ဓာတ်ခွဲခန်း ၁၄ ခုကို မြန်မာအာဏာပိုင်များက ဖော်ထုတ်သိမ်းဆည်းခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဘုန်းကြီးကျောင်းအတွင်း တွေ့ရှိရသည့် မက်သမ်ဖက်တမင်းဆေးပြား လေးသန်းကျော်နှင့် ဆက်စပ်ပြီး ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါး အဖမ်းခံခဲ့ရသည်။

Show More

Related Articles

Back to top button