ရွေးကောက်ပွဲ

Facebook တွင် ပြည်ခိုင်ဖြိုးနှင့် ပီသုံးလုံးပါတီက ငွေကြေးအများဆုံးသုံးကာ မဲဆွယ်နေ

နိုင်ငံရေးပါတီများအနေဖြင့် အွန်လိုင်းမှတဆင့် မဲဆွယ်စည်းရုံးရာတွင် Facebook ပေါ်ရှိ နိုင်ငံရေးကြော်ငြာများအရ ငွေကြေးသုံးစွဲမှုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဖြစ်သည်ကိုတွေ့ရှိရသည်။ 

ငွေးကြေးအသုံးပြုထားသည့် နိုင်ငံ‌ရေးကြော်ငြာများနှင့်ပတ်သက်ပြီး ကြော်ငြာဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ဩဂုတ်လ ၄ ရက်မှစ၍ Facebook က ပြသခဲ့ပြီး အဆိုပါအချက်အလက်များကို အလွယ်တကူ ကြည့်ရှုနိုင်ရန် ‘Ad Libray Report’ ကိုလည်း Facebook က ထုတ်ပေးထားသည်။ 

ယခုကဲ့သို့ ငွေကြေးသုံးထားပြီး ဖြန့်ချိသည့် စာသား၊ ဓာတ်ပုံ၊ ရုပ်သံတို့သည် အခြားသော ပိုက်ဆံမပေးဘဲ ရေးသားထားသည့်အကြောင်းအရာများထက် Facebook သုံးစွဲသူများထံတွင်မကြာခဏပေါ်နေတတ်ပြီး လူအာရုံစိုက်မှုကို ပိုမိုရရှိသည်။ 

မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook ၏ Ad Library Report အရ ပြည်ခိုင်ဖြိုးပါတီ၏ အဓိက Facebook စာမျက်နှာဖြစ်သည့် ‘Union Solidarity and Development Party’ တွင် ငွေကြေးအသုံးပြုကြော်ငြာနည်းပါးသော်လည်း ပါတီ၏ အခြားစာမျက်နှာများဖြစ်သည့် ‘USDP Women Committee၊ USDP Workers Committee၊ USDP Farmers Committee၊ ပြည်ခိုင်ဖြိုးလူငယ်စာမျက်နှာနှင့် U Tin Aung Chit၊ Free to Talk စာမျက်နှာများအားလုံးကို ထည့်သွင်းတွက်ချက်မည်ဆိုပါက ကြော်ငြာခ အမေရိကန်ဒေါ်လာ ၃၂၅၀ (ကျပ်သိန်း ၅၀ နီးပါး) အများဆုံးအသုံးပြုထားသည်။ 

ငွေကြေးသုံးစွဲထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ Facebook စာမျက်နှာများ

Free to Talk စာမျက်နှာသည် ပြည်ခိုင်ဖြိုးပါတီ၏ စာမျက်နှာဖြစ်သည်ကို ပါတီတာဝန်ရှိသူများက အတည်မပြုသော်လည်း Myanmar Now ၏အချက်အလက်စစ်ဆေးမှုများအရ အဆိုပါ Facebook စာမျက်နှာရှိ အကြောင်းအရာများမှာ ပြည်ခိုင်ဖြိုးပါတီ၏ စာမျက်နှာများ ကူးယူဖော်ပြထားသည်ကို တွေ့ရသည်။ 

ပြည်ခိုင်ဖြိုးပါတီ စာမျက်နှာတချို့မှ အကြောင်းအရာများကို Free to Talk စာမျက်နှာတွင် ကူးယူဖော်ပြထားသည်ကိုတွေ့ရစဉ်

အဆိုပါ Free to Talk စာမျက်နှာသည် Like (ကြိုက်နှစ်သက်သူ) လုပ်ထားသူ ၁၄ ဦးသာ (စာမျက်နှာ စတင်ဖွင့်လှစ်သည့် ဩဂုတ် ၂၀ မှ စက်တင်ဘာ ၈ အထိ) ရှိပြီး ‘စေ့စပ်သေချာမဲပေးပါ’ ဆိုသော အခြား Facebook စာမျက်နှာမှ Digital Marketing အရ ဖန်တီးထားသည့် အကြောင်းအရာများကို ကူးယူဖော်ပြခြင်းဖြစ်သည်။ 

‘စေ့စပ်သေချာမဲပေးပါ’ ဟူသော အဆိုပါစာမျက်နှာကို Like လုပ်ထားသူမှာလည်း ၁၄ ဦးသာရှိပြီး  Like လုပ်ထားသူအများစုမှာ ပြည်တွင်းရှိ Digital Marketing ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းများဖြစ်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် အဆိုပါစာမျက်နှာရှိ အကြောင်းအရာများကို ပထမဆုံး Like နှင့် React ပေးလေ့ရှိသည့် U Layy Buddy ဆိုသည့် Facebook အကောင့်တစ်ခုရှိပြီး အဆိုပါအကောင့်နှင့် Friend (သူငယ်ချင်းဖြစ်သူ) ၁၁ ဦးနှင့် Follower ၁ ဦးရှိသည်။ သူငယ်ချင်းဖြစ်နေသူ အများစုနှင့် Follower တစ်ဦးမှာ အဆိုပါ Digital Marketing ကုမ္ပဏီမှ ဝန်ထမ်းများဖြစ်ကြပြီး ယင်းကုမ္ပဏီ၏ Creative Director မှာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်သည်။  

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်ကမူ Digital Marketing ကုမ္ပဏီနှင့် လုပ်ဆောင်သည်ဟု မကြားမိကြောင်း ပြောသည်။ 

“အဲ့ဒီလိုမျိုးတွေမရှိဘူးရှင့်။ အမသိသလောက်တော့ မရှိဘူး‌ပေါ့နော် အမတို့ပါတီကတော့၊ အမတော့မသိဘူး၊ တစ်ခါမှ မကြားဖူးဘူးပေါ့” ဟု ဒေါ်နန်းမြမြမီမီဇော်က ပြောသည်။ 

အဆိုပါ Digital Marketing ကုမ္ပဏီကို ဆက်သွယ်မေးမြန်းသည့်အခါ၌လည်း ၎င်းတို့ကုမ္ပဏီနှင့် သက်ဆိုင်မှု မရှိဟု ဆိုသည်။ 

“အဲဒီကိစ္စတော့ ညီမတို့က မသိထားဘူး။ ညီမတို့က အေဂျင်စီသက်သက်လုပ်တာ။ အဲ့ဒါ Project သက်သက်ဆိုပြီးတော့ တခြားသူတွေတော့ ရှိမယ်ထင်တယ်” ဟု အဆိုပါကုမ္ပဏီမှ ဖုန်းလက်ခံဖြေကြားသူ အမျိုးသမီးက ဆိုသည်။ 

အဆိုပါ ‘စေ့စပ်သေချာမဲပေးပါ’ ဟူသော စာမျက်နှာကို ဩဂုတ် ၂၀ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တစ်လအတွင်းမှာပင် ငွေကြေးအသုံးပြုထားသည့် ကြော်ငြာ ၇၀ ခုအထက် တင်ထားသည်ကို တွေ့ရှိရသည်။ အဆိုပါစာမျက်နှာရှိ ကြော်ငြာ ၃၀ ခု၏ ငွေကြေးသုံးစွဲမှု အသေးစိတ်ကိုသာ Facebook ကဖော်ပြထားပြီး ထိုကြော်ငြာ ၃၀ ခု အတွက် ၅၄၉ ဒေါ်လာ အသုံးပြုထားသည်။ 

Facebook ကြော်ငြာများအတွက် ဒုတိယငွေကြေးအသုံးပြုမှုအများဆုံးမှာ စီးပွားရေးလုပ်ငန်းရှင် ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဖြစ်ပြီး စာမျက်နှာသုံးခုတွင် ၃၁၆၆ ဒေါ်လာ အသုံးပြုထားသည်။ 

ပြည်သူ့ရှေ့ဆောင်ပါတီ၏ငွေကြေးသုံးစွဲနေသည့် Facebook စာမျက်နှာများ

တတိယအများဆုံးအနေဖြင့် သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ၏ Facebook စာမျက်နှာ သုံးခုက ၂၀၆၈ ဒေါ်လာ အသုံးပြုထားသည်။

ထို့နောက်တွင် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၎င်းပါတီ၏ မူရင်း Facebook စာမျက်နှာတွင် ဒေါ်လာ ၅၀၀ အသုံးပြုထားပြီး နှင်းဆီပါတီဟု လူသိများသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) သည်လည်း Facebook စာမျက်နှာ ၁၂ ခုတွင် ကြော်ငြာပေါင်း ၂၇ ခု တင်ထားသည်ကို တွေ့ရှိရသည်။ 

စာမျက်နှာတစ်ခုလုံး၏ ငွေကြေးအသုံးပြုမှုသည် ဒေါ်လာ ၁၀၀ ထက်မကျော်ပါက Facebook က ငွေကြေးသုံးစွဲမှု အသေးစိတ်ဖော်ပြခြင်း မရှိပေ။ ထို့ကြောင့် အချို့သော နိုင်ငံရေးပါတီများသည် Facebook အများအပြားဖွင့်လှစ်အသုံးပြုထားသည်ကို တွေ့ရသည်။ 

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့် အွန်လိုင်းတွင် ငွေကြေးဖြင့် ကြော်ငြာခြင်းမျိုး မပြုလုပ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။ 

“ကျွန်တော်တို့က အော်ဂန်းနစ်ပဲသွားမှာပါ။ လူတွေရဲ့ တစ်ဆင့်စကားတွေကတစ်ဆင့် သွားမှာပါ။ လောလောဆယ်တော့ ငွေကြေးနဲ့ Boost လုပ်တာမျိုး မလုပ်ဖို့ ညွှန်ကြားထားပါတယ်” ဟု NLD ဗဟို‌ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။

သို့သော် NLD ပါတီဝင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတချို့နှင့် NLD ပါတီကို ဝန်းရံသူတချို့က Facebook တွင် ငွေကြေးအသုံးပြု ကြော်ငြာတချို့တင်ထားသည်ကို တွေ့ရှိရသည်။ 

Facebook Ad Library Report အရ Dr Sint Soe၊ Myo Zaw Aung၊ ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ဦးဇော်မင်းသိန်း၊ Naw Susanna Hla Hla Soe၊ ဦးအောင်စိုးမင်း ရွာငံ၊ ချစ်သောအမေစု၊ ၂၀၂၀ အောင်နိုင်ရေး၊ လူထုအောင်နိုင်ရေးကော်မတီ – တောင်ငူ၊ Vote for NLD၊ ဝန်းရံကြမည် NLD၊ NLD Meiktila စသည့် စာမျက်နှာများတွင် ငွေကြေးအသုံးပြု ကြော်ငြာတချို့တင်ထားသည်ကို တွေ့ရှိရသည်။ သို့သော် အသုံးပြုသည့်ငွေကြေးပမာဏမှာ နည်းပါးသဖြင့် Facebook က ငွေကြေးအသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။

Dr Sint Soe၊ Myo Zaw Aung၊ ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ဦးဇော်မင်းသိန်း၊ဦးအောင်စိုးမင်း ရွာငံ၊ NLD Meiktila စသည့် စာမျက်နှာများမှာမူ ဩဂုတ်လ ၄ နှင့် ၅ တွင်သာ Facebook တွင် ငွေကြေးအသုံးပြုခဲ့ကြခြင်းဖြစ်သည်။

ကိုဗစ်နိုင်တင်းဆိုင်ရာ ကန့်သတ်ချက်များအကြား အွန်လိုင်းမဲဆွယ်မှု

‌နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး စတင်နေပြီဖြစ်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲများနှင့် မတူညီသည်မှာ မြန်မာနိုင်ငံတွင် တစ်ကျော့ပြန်ကိုဗစ်နိုင်တင်း (Covid-19) ကူးစက်မှု မြင့်တက်နေမှုနှင့် တိုက်ဆိုင်နေသည်။ နိုင်ငံရေးပါတီများအနေဖြင့် အွန်လိုင်းမှတဆင့် မဲဆွယ်စည်းရုံးရန် ကြိုးပမ်းလာကြသည်ကို တွေ့ရှိရသည်။ 

လက်ရှိအာဏာရပါတီ ခေါင်းဆောင်ပိုင်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ဒေါ်စုစုလွင်တို့သည် ကိုယ်ပိုင် Facebook များဖွင့်လှစ်ကာ အွန်လိုင်းမှတဆင့် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။ 

NLD ပါတီအနေဖြင့် အွန်လိုင်းမဲဆွယ်စည်းရုံးမှု လုပ်ဆောင်သော်လည်း မြေပြင်မဲဆွယ်စည်းရုံးရေးကို အဓိကထားဆောင်ရွက်သွားမည်ဟု ဗဟို‌ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဝင် ဒေါက်တာမျိုးညွန့် ပြောသည်။

“အခြေအနေပေးသလောက် Door to Door (တစ်အိမ်တက်ဆင်း) ဖြစ်နိုင်သလောက် ကြိုးစားမယ်။ နောက်ပြီး အွန်လိုင်းကနေပြီးတော့ ကိုယ်စားလှယ်လောင်းများ မိမိတို့ရဲ့ကိုယ်ရေးအကျဉ်းများ ပြောပြီးမိတ်ဆက်တဲ့နည်းနဲ့ ပြောပြီးမဲဆွယ်ဖို့လည်း စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။ 

အဓိက ပြိုင်ဘက်ပါတီကြီးတစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးသည်လည်း ပါတီ၏ Facebook စာမျက်နှာများမှတဆင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ 

“အမတို့ပါတီမှာ ပါတီစာမျက်နှာတွေရှိတယ်။ ဒီလိုမျိုးပါပဲ လှုပ်ရှားမှုတွေပြတယ်ပေါ့နော်။ တအားကြီး ထူးထူးခြားခြား သူများထက်ကျော်ပြီး လုပ်တာတော့ မရှိပါဘူး” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီကမူ Stay Home မြို့နယ်များတွင် မဲဆွယ်စည်းရုံးရန် ခက်ခဲလာသည့်အတွက် အွန်လိုင်းမှ အဓိကမဲဆွယ်ဖို့ဖြစ်လာသည်ဟု ပါတီအွန်လိုင်းလှုပ်ရှားမှုများကို တာဝန်ခံဆောင်ရွက်ပေးနေသူ ကိုကောင်းမင်းခန့်က ပြောသည်။

“ပါတီရဲ့ကိုယ်စားလှယ်ရဲ့ အကောင့်တွေ Facebook စာမျက်နှာတွေကနေလည်း သူတို့ကိုကြော်ငြာခိုင်းသလို ပါတီဗဟိုကနေလည်း ကိုယ်စားလှယ်တွေကို ပွဲထုတ်ပေးတဲ့အစီအစဉ်ပေါ့နော်။ ကိုယ်စားလှယ်တွေကို လူအများနဲ့သိစေနိုင်မယ့်အစီအစဉ် ဒါမျိုးတွေကိုတော့ ကျွန်တော်တို့စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။ 

ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ကိုနေယံဦးကလည်း မြေပြင်ကွင်းဆင်းရေး ခက်ခဲသည့်အခါ အွန်လိုင်းကို အသုံးပြုသွားမည်ဟု ဆိုသည်။ 

“ကျွန်တော့ရဲ့စာမျက်နှာကနေ Trends In Myanmar ဆိုတဲ့ Talk Show ကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း လုပ်တယ်။ ဒါက Digital Campaign ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ပေါ့။ နောက်တစ်ချက်က Facebook Live လုပ်တာကို ကျွန်‌တော်သဘောကျတယ်။ မဲဆွယ်စည်းရုံးရေးကာလာမှာ Facebook Live ကို လုပ်သင့်တယ်လို့ ထင်တယ်။ ဒါက ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့နည်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

Show More

Related Articles

Back to top button