
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဩဂုတ်လကုန်ပိုင်းကဖြစ်ပွားခဲ့သည့် တပ်မတော်သားအချို့ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ တပ်မတော်၏မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။
နေပြည်တော်တွင် ယနေ့ (စက်တင်ဘာ ၄) နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ စာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြဝတီ – ကော့ကရိတ်လမ်းဟောင်းအနီးရှိ တပ်မတော်က အသုံးပြုနေသည့် ဆက်သွယ်ရေးတာဝါတိုင်ကို လုံခြုံရေးစောင့်ကြပ်နေသည့် ဆက်သွယ်ရေးတပ်မှ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ထိုသို့ သတ်ဖြတ်ခံရသည့် အလောင်းများကို သယ်ယူစဉ် အလောင်းအောက်တွင် မြှုပ်နှံထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆေးတပ်ဖွဲ့မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးတို့ ထပ်မံသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်မဖြစ်ပွားမီက မြဝတီမြို့ရှိ အဖွဲ့အစည်းတချို့နှင့် ပတ်သက်သည့် ကျပ်ဘီလျံချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို တပ်မတော်ကဖမ်းဆီးရမိခဲ့ပြီး တပ်မတောသားများ သတ်ဖြတ်ခံရခြင်းမှာ အဆိုပါမူးယစ်ဆေးဝါးဖမ်းဆီးရမိခြင်းနှင့် ပတ်သက်နေသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“ကျွန်တော်တို့ရရှိတဲ့သတင်းကတော့ အဲဒီဖမ်းဆီးတာကို မကျေနပ်တဲ့အတွက်ကြောင့်မို့လို့ ဒီဖြစ်စဉ်ဖြစ်ပွားရတာဆိုတဲ့ ကနဦးသတင်းကိုရရှိတယ်” ဟု ၎င်းက ပြောသည်။
မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကိုတော့ အတိအကျမပြောနိုင်သေးဘဲ စုံစမ်း၊ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်က ပြောသည်။
ကရင်ပြည်နယ်အတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့လှုပ်ရှားလျက်ရှိသည်။