ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် နှစ်စဉ်ကျင်းပသည့် ကျောက်မျက်ရတနာရောင်းချပွဲများမကျင်းပနိုင်ဘဲ အခွန်ဘဏ္ဍာရရှိမှု ကျပ်သန်းချီနစ်နာကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူနှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များက ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ကမကထပြုစီစဉ်သည့် ကျောက်မျက်ရတနာရောင်းချပွဲများကို တစ်နှစ်လျှင် ယူရိုငွေဖြင့် ရောင်းချသည့်ပြပွဲနှစ်ခု၊ ကျပ်ငွေဖြင့် ရောင်းချသည့်ပြပွဲနှစ်ခု စုစုပေါင်းလေးပွဲ ကျင်းပပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်တွင် ကိုဗစ်နိုင်တင်းကြောင့် အဆိုပါ ကျောက်မျက်ရောင်းချပွဲများ မကျင်းပနိုင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (မိုးကုတ်) အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦး ကဆိုသည်။
“ဘယ်လိုမှ ပြပွဲမလုပ်နိုင်ဘူး။ ပြပွဲမလုပ်နိုင်ရင်တော့ ပြပွဲမှာ ကောက်ခံရရှိနိုင်တဲ့ဟာလည်း မရနိုင်ဘူး” ဟု ဦးသန်းဇော်ဦးက ပြောသည်။
ယူရိုငွေဖြင့်ပေးချေရသည့် ကျောက်မျက်ပွဲတစ်ခုလျှင် အကြမ်းဖျင်း ယူရိုငွေသန်း ၃၀၀ မှ ၄၀၀ တန်ဖိုးခန့် ရောင်းချရရှိပြီး ကျပ်ငွေဖြင့်ပေးချေရသည့် ပွဲတစ်ခုလျှင် ကျပ် ၅၀ ဘီလျံမှ ၆၀ ဘီလျံကြား ရောင်းချရကြောင်း ၎င်းက ဆိုသည်။
ကျောက်စိမ်းအပေါ်တွင် ရတနာခွန် ၁၁ ရာခိုင်နှုန်း၊ အခြားကျောက်မျက်အပေါ်တွင် ၉ ရာခိုင်နှုန်း ကောက်ခံသည်။ ပြပွဲများတွင် ကျောက်စိမ်းကို အဓိကရောင်းချခြင်းဖြစ်ရာ ယူရိုငွေဖြင့် ရောင်းချသည့်ပွဲတစ်ခုလျှင် အစိုးရသည် အခွန်ဘဏ္ဍာ ယူရို ၃၃ သန်းနှင့်အထက် ရရှိပြီး ကျပ်ငွေဖြင့် ပေးချေရသည့် ပွဲတစ်ခုလျှင်မူ ၆ ဘီလျံဝန်းကျင် ရရှိမည်ဖြစ်သည်။
ပြပွဲတစ်ခုလျှင် နိုင်ငံခြားသား ၃,၀၀၀ နှင့် နိုင်ငံသား ၁,၀၀၀ တက်ရောက်ဝယ်ယူလေ့ရှိပြီး ကိုဗစ်နိုင်တင်းကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ဆင်းသက်ခွင့်ကန့်သတ်ခြင်း၊ ကိုဗစ်နိုင်တင်းကာကွယ်ရေးလမ်းညွှန်ချက်အရ လူဦးရေ ၃၀ အထက်ပိုမစုဝေးရခြင်း စသည့်အခြေအနေများကြောင့် ရောင်းချပွဲများ မပြုလုပ်နိုင်ကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။
၂၀၂၀ ဇန်နဝါရီတွင် ပြုလုပ်ခဲ့သော ကျပ်ငွေဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲတွင် စုစုပေါင်း ကျပ် ၅၉ ဒသမ ၄၉၆ ဘီလျံကျော် ရောင်းချနိုင်ခဲ့ပြီး ရတနာခွန် ကျပ် ၆ ဒသမ ၅၄၃ ဘီလျံ ကောက်ခံရရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ဩဂုတ် ၇ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ခုတွင် ပြောသည်။
လက်ရှိမကျင်းပနိုင်သည့် ကျောက်မျက်ရောင်းချပွဲများကို ကိုဗစ်နိုင်ငံအလွန်ကာလမှသာ ပုံမှန်ပြန်လည်ပြုလုပ်ပြီး ကျောက်မျက်ရတနာအရောင်းစင်တာ (GTC) များ ဖွင့်လှစ်ရောင်းချနိုင်ရန် ပြင်ဆင်ထားကြောင်း ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ယင်းလွှတ်တော်အစည်းအဝေးတွင် ပြောသည်။
မတ်လတွင်ပြုလုပ်ရန် ရည်ရွယ်ခဲ့သည့် ယူရိုငွေဖြင့်ပေးချေရသော ကျောက်မျက်ရောင်းချပွဲကို ကိုဗစ်နိုင်တင်းကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အခြားပွဲများလည်း ဆက်လက်ကျင်းပနိုင်ဖွယ်မရှိသေးကြောင်း ကျောက်မျက်လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။
ပုဂ္ဂလိက ကျောက်မျက်လုပ်ငန်းရှင်များ၊ အစိုးရ-ပုဂ္ဂလိကအကျိုးတူလုပ်ငန်းရှင်များသည် အစိုးရက ကျင်းပသည့် ကျောက်မျက်ရောင်းချပွဲများတွင် ကျောက်စိမ်း၊ ကျောက်များကိုအဓိကရောင်းချခြင်းဖြစ်ပြီး ပြပွဲမရှိသောကြောင့် ဝင်ငွေများကျဆင်းကာ လုပ်ငန်းများ အထိနာနေကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးမြင့်ဟန်က Myanmar Now ကို ပြောသည်။
“ကိုဗစ်ကာလကတော့ မတတ်နိုင်ဘူး။ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဒီတစ်နိုင်ငံတည်းမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ ကပ်ဘေးဆိုတော့လေ” ဟု ဦးမြင့်ဟန်က ပြောသည်။
ပြည်တွင်းလုပ်ငန်းရှင်များ အလုပ်အကိုင်ရရန် တိုင်းနှင့် ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ကျောက်မျက်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ဖူးသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် ယခုနှစ်အတွင်း ကျောက်မျက်ပွဲများမရှိနိုင်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက်၊ ပတ္တမြား စသည့်ရတနာများထွက်ရှိပြီး အရောင်းအဝယ်ဖြစ်မှသာ ကျောက်မျက်လုပ်ငန်းရှင်များ ရပ်တည်နိုင်ပြီး အစိုးရသည်လည်း ကျောက်မျက်လုပ်ငန်းကဏ္ဍမှ အခွန်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးသောင်းထွန်းက ဆိုသည်။
စီးပွားရေးချောင်လည်မှသာ ကျောက်မျက်ရတနာများဝယ်ယူကြသဖြင့် လက်ရှိကပ်ရောဂါအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းများမပြိုလဲရန် ရုန်းကန်နေရချိန်တွင် ကျောက်မျက်ရတနာဝယ်လိုအားလည်း မကောင်းနိုင်ကြောင်း ၎င်းက ယူဆသည်။
“ငွေကြေးရှိတဲ့လူတွေကတော့ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေ စုချင်လည်းစုမှာပေါ့။ ဒီလောက်လေးပဲ ရှိမယ်။ ဒါကလည်း ရှားရှားပါးပါးဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဩဂုတ် ၁၆ နောက်ပိုင်းမှစ၍ ကိုဗစ်နိုင်တင်းရောဂါ ပြည်တွင်းကူးစက်မှု ပြန်လည်မြင့်တက်လာပြီး စက်တင်ဘာ ၂ မနက်ပိုင်းအထိ အတည်ပြုလူနာအရေအတွက် ၉၃၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။