
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိဟောင်းနှင့် မိသားစုကို စစ်ကောင်စီက ပြီးခဲ့သည့် အင်္ဂါနေ့ (အောက်တိုဘာ ၁၇) ညပိုင်းတွင် ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် သိန်းထောင်ချီ တန်ကြေးရှိသည့် နှစ်ထပ်တိုက်နေအိမ်ကိုလည်း ဗုံးခွဲဖျက်ဆီးလိုက်သည်။
KIO အရာရှိဟောင်း ဦးဒရှီလဒွယ်သည် ဗန်းမော်မြို့လယ် ညောင်ပင်ရပ်ကွက်တွင် နေထိုင်ခြင်းဖြစ်ပြီး သူ့ကို မဖမ်းခင် နာရီပိုင်းအလိုတွင် ဗန်းမော်မြို့ရှိ ဘော်ဒါဆောင်တစ်ခုတွင် ကျောင်းအိပ်ကျောင်းစား ပညာသင်နေသည့် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို စစ်တပ်က စတင်ဖမ်းဆီးခဲ့သည်ဟု မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ထို့နောက် ထိုည ၇ နာရီခန့်တွင် ဦးဒရှီလဒွယ်၏ နေအိမ်ကို စစ်တပ်က ဝင်စီးပြီး ဦးဒရှီလဒွယ်၊ ဇနီးနှင့် တူမ စုစုပေါင်း ၃ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်ဟု အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။
“အသက်မပြည့်သေးတဲ့ မိန်းကလေးကို အရင် ဖမ်းခေါ်သွားတာဆိုတော့ မိန်းကလေးကို မိဘတွေနဲ့ တူတူမထားဘဲ ဘယ်လိုမျိုးတွေများ လုပ်နေမလဲဆိုပြီး စိုးရိမ်နေရတာပေါ့” ဟု ၎င်းက ပြောသည်။

အလိုရှိသူများကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမရှိတော့သည့်နေအိမ်တွင် တပ်စွဲလိုက်ပြီး နေအိမ်အတွင်းမှ ပစ္စည်းများကို အောက်တိုဘာ ၁၈ ညပိုင်းတွင် စစ်ကား ၄ စီးဖြင့် သယ်ဆောင်သွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ခွာသွားအပြီး မိနစ်ပိုင်းအတွင်း နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ကာ အိမ်ပြိုကျလုနီးပါး ဖြစ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။
“အိမ်က တော်တော်လေး ရုပ်ပျက်သွားတယ်။ အိမ်ထဲမှာ ဗုံးထည့်ပြီး ခွဲလိုက်တော့ အိမ်ပတ်ဝန်းကျင်ကပေါ့၊ ဘေးက အိမ်တွေပါ မှန်တွေကွဲပြီးတော့ ပျက်စီးသွားတယ်”
ဖမ်းဆီးခံရသူများကို စကခ-၂၁ ဟု ဒေသခံများက ခေါ်ဆိုကြသည့် ဗန်းမော်မြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်စခန်းထဲတွင် ထိန်းသိမ်းထားကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
အသက် ၅၅ နှစ် အရွယ်ရှိသည့် ဦးဒရှီလဒွယ်သည် KIO မှ လွန်ခဲ့သည့် ၆ နှစ်ခန့်ကတည်းက နုတ်ထွက်ထားသူဖြစ်ပြီး လက်ရှိအချိန်တွင် ချမ်းသာကြွယ်ဝသည့် ရွှေတူးဖော်ရေးလုပ်ငန်းရှင်အဖြစ် ရပ်တည်နေသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း ဦဒရှီလဒွယ်မှာ KIO အုပ်ချုပ်ရေးအရာရှိအဖြစ် အမှုထမ်းခဲ့သော်လည်း နုတ်ထွက်သွားသည်မှာ ကြာပြီဖြစ်ကြောင်း RFA သတင်းဌာနကို ဖြေကြားထားသည်။
စစ်ကောင်စီဘက်ကမူ ထိုသတင်းအတွက် တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။
စစ်ကောင်စီက ကျောထောက်နောက်ခံပေးထားသည့် People Media သတင်းဌာနက ဦဒရှီလဒွယ်၏ နေအိမ်သည် အောက်တိုဘာ ၁၈ ညပိုင်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ယင်းပေါက်ကွဲမှုအပြီးမှ စစ်ကောင်စီတပ်များက ဦဒရှီလဒွယ်နှင့် မိသားစုကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်သတင်းအရင်းအမြစ်များကို ကိုးကားပြီး ယမန်နေ့က သတင်းထုတ်ပြန်သည်။
ဦးဒရှီလဒွယ်သည် လက်ရှိတွင် KIA ဗန်းမော်အုပ်ချုပ်ရေးမှူးအဖြစ် ရှိနေဆဲဖြစ်ပြီး တရားမဝင်ရွှေတူးခြင်း၊ သစ်ထုတ်ခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းတို့မှ အကျိုးအမြတ်များစွာရနေသည်၊ ထိုလုပ်ငန်းများမှ ရရှိသည့် ဝင်ငွေများအတွက် စစ်ကောင်စီကို အခွန်မဆောင်ဘဲ KIA ကိုသာ ထောက်ပံ့နေသည်ဟုလည်း People Media က စွပ်စွဲထားသည်။
ဗန်းမော်မြို့ရှိ ဘော်ဒါဆောင်တစ်ခုမှ ဖမ်းဆီးသွားသည့် အသက် ၁၃ နှစ်အရွယ် ဦဒရှီလဒွယ်၏ သမီးဖြစ်သူအကြောင်းကိုမူ သတင်းတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိပါ။
လွန်ခဲ့သည့် ၆၃ နှစ်၊ ၁၉၆၀ ကတည်းက တည်ထောင်ခဲ့သည့် သက်တမ်းရင့် ကချင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့/တပ်မတော် KIO/KIA သည် မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် လိုင်ဇာတွင် အခြေချသည်။ ၁၉၉၄ တွင် စစ်အစိုးရနှင့် အပစ်ရပ်သဘောတူညီမှု ရခဲ့သော်လည်း ဦးသိန်းစိန်အစိုးရ အုပ်ချုပ်စဉ် ၂၀၁၁ ဒီဇင်ဘာတွင် မြန်မာစစ်တပ်နှင့် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်ဖြစ်ခဲ့သည်။
KIO/KIA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ကနဦးဆွေးနွေးမှုများတွင် ပါဝင်ခဲ့သော်လည်း လက်မှတ်ထိုးခဲ့ခြင်းမရှိပေ။
ထို့အတူ အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကမ်းလှမ်းမှုများကိုလည်း အတုအယောင်ကမ်းလှမ်းချက်များဟု သတ်မှတ်ကာ ပယ်ချထားသည်။
KIO/KIA သည် ၂၀၂၁ စစ်ကောင်စီက အာဏာသိမ်းပြီးချိန်တွင် ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF များကို စစ်သင်တန်းနှင့် လက်နက်အကူအညီများ၊ CDM ဝန်ထမ်းများ အပါအဝင် စစ်ကောင်စီ လိုက်လံဖမ်းဆီးနေသူတချို့ကို ခိုလှုံခွင့်ပေးထားသည်။

စစ်ကောင်စီကလည်း KIA တပ်စခန်းများနှင့် ထိန်းချုပ်နယ်မြေများကို လေကြောင်းမှ မကြာခဏ တိုက်ခိုက်ခြင်း၊ KIA နှင့် နီးစပ်သည်ဟု ၎င်းတို့ ယူဆသည့် အရပ်သားများကိုလည်း ပစ်မှတ်ထား ဖမ်းဆီးခြင်းတို့ကို ပြုလုပ်နေသည်။
ယမန်နှစ် ၂၀၂၂၊ အောက်တိုဘာ ၂၃ ရက်တွင်လည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနမ့်ပါရွာကို စစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးသုံးလုံး ကြဲချခဲ့ရာ အရပ်သားအများစုပါသည့် လူပေါင်း ၆၀ ကျော် သေဆုံးပြီး ၁၀၀ နီးပါး ဒဏ်ရာရသွားခဲ့သည်။
ထို့အတူ ယခုနှစ် အောက်တိုဘာ ၉ ရက်နေ့ကလည်း တရုတ်-မြန်မာနယ်စပ် KIO/KIA ဌာနချုပ်အနီးမှ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီက ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဘေးဒုက္ခသည် ၂၈ ဦး သေဆုံးခဲ့ပြီး ၅၇ ဦးထက်မနည်း ဒဏ်ရာရှိခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)