ဆောင်းပါး

နိုင်ငံပိုင် မြောင်းမြဂုန်နီစက်ရုံ အလုပ်သမားများကို ကုမ္ပဏီက အလုပ်ရပ်နား

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ (MAPCO) က နှစ်ရှည်ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မှ ငါးမိုင်ခန့်အကွာရှိ နိုင်ငံပိုင် ဂုန်နီစက်ရုံမှ အလုပ်သမား ၂၀၀ ကျော်ကို ယခုလ (ဩဂုတ်) ကုန်မှစ၍ အပြီးတိုင်အလုပ်မှ ရပ်နားလိုက်သည်။ 

စက်ရုံတွင် လုပ်ငန်းဌာန ၁၄ ခုရှိသည့်အနက် ကုန်ထုတ်လုပ်ငန်းဌာနရှိ လုပ်သား ၂၀၆ ဦးကို ၎င်းတို့ရသည့်လစာ ကျပ် ၁၀၁,၀၀၀ (တစ်သိန်းနှင့်တစ်ထောင်) ကိုအခြေခံကာ ၁၀ လစာ နစ်နာကြေးပေးပြီး အလုပ်မှ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။ 

အဆိုပါမြေနေရာတွင် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် အစိုးရက ခွင့်မပြုခြင်း၊ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလနှင့် ထိုကာလအလွန်တွင် ဆက်လက်အလုပ်ခန့်ထားပြီး လစာပေးရန် မဖြစ်နိုင်တော့သောကြောင့်ဟု ဆိုသည်။ 

“အဲ့ဒီမှာလုပ်မယ့် နောက်ကုန်ထုတ်လုပ်ငန်း အတော်များများနဲ့လည်း မအပ်စပ်ဘူး။ နောက် ဝန်ထမ်းတော်တော်များများကလည်း သုံးမရဘူး။ မအပ်စပ်ဘူးပေါ့နော်။ အဲ့ဒီလိုဝန်ထမ်းမျိုးတွေကို ကျွန်တော်တို့က လက်ရှိဥပဒေအရ ပေးမယ်ဆိုရင် ငါးလစာကနေ ကျွန်တော်တို့က ၁၀ လစာနဲ့ ကမ်းလှမ်းပြီးတော့ အနားယူခိုင်းတာ” ဟု MAPCO ၏ စီမံခန့်ခွဲရေးအရာရှိချုပ် ဦးနေမျိုးဝင်းက ပြောသည်။

အလုပ်ရပ်နားခံရသည့် ဂုန်နီစက်ရုံအလုပ်သမားများက အလုပ်အကိုင်ဆက်လက်တည်မြဲရေးအတွက် နိုင်ငံတော်သမ္မတထံလိပ်မူကာ အစိုးရဌာနကိုးခုကို ဩဂုတ် ၅ တွင် တိုင်ကြားခဲ့သည်ဟု ဆိုသည်။ 

အစိုးရနှင့် ကုမ္ပဏီကြား စတင်ငှားရမ်းစဉ် သဘောတူချုပ်ဆိုခဲ့သည့်စာချုပ်အတိုင်း နှစ် ၃၀ အတွင်း သက်ပြည့်ပင်စင်လစာ ခံစားခွင့်ဖြင့် စက်ရုံဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်လိုကြောင်း ဦးဆောင်တိုင်ကြားခဲ့သူ စက်ရုံ၏ အခြေခံအလုပ်သမားအဖွဲ့အစည်းဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

“သူ(ကုမ္ပဏီ)က ဒါကြီးကို မလည်ချင်ဘူး။ မလည်ချင်ရင် အစကတည်းက မယူနဲ့ပေါ့။ ကျွန်တော်တို့က ဝန်ထမ်းဘဝ ဆုံးရှုံးထားတယ်လေ။ သူက စက်ရုံနဲ့မြေဧကပဲ ယူမှာ။ ကျွန်တော်တို့က လုံးဝလက်မခံဘူး” ဟု ၎င်းက ပြောသည်။ 

အလုပ်ရပ်နားသည့်ကိစ္စအတွက် စက်ရုံအလုပ်သမားများကို ယခုသီတင်းပတ်အတွင်း ကုမ္ပဏီက ခေါ်ယူတွေ့ဆုံနေသည်ဟု ဆိုသည်။ 

“ကျမတို့ကိုခေါ်တွေ့တယ်။ ပြီးတော့ ကိုယ်ရေးရာဇဝင်ဖြည့်ခိုင်းတယ်။ အသက် ၅၀အထက် အကုန်လုံးကို မခန့်တော့ဘူးပေါ့နော်။ အလုပ်မပေးတော့ဘူး ဆယ်လစာပေးပြီးတော့ ဖြုတ်မယ်ပေါ့နော်။ ယူရင်ယူ မယူဘူးဆိုလို့ရှိရင် ကိုးလပိုင်းကျရင် လစာမရတော့ဘူးလို့ အဲ့လိုမျိုးပြောတယ်” ဟု မြောင်းမြဂုန်နီစက်ရုံတွင် ၁၉၉၄ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့သူ ဒေါ်နန်းမို့မို့လွင်က ပြောသည်။

မြောင်းမြဂုန်နီစက်ရုံအတွင်း တစ်နေရာကို ဩဂုတ် ၂၅ ရက်က တွေ့မြင်ရစဉ် (ဓာတ်ပုံ – ပေးပို့)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအောက်ရှိ အဆိုပါစက်ရုံကို MAPCO ကုမ္ပဏီက နှစ်ပေါင်း ၃၀ ဂရန်စာချုပ်ဖြင့် ၂၀၁၄ တွင် စတင် ငှားရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ငှားရမ်းခမှာ စက်ရုံအပါအဝင် မြေဧက ၃၃၄ ဧကကျော်အတွက် တစ်နှစ်လျှင် ကျပ်သန်း ၅၀ ဖြစ်သည်။ 

ယခင်အစိုးရလက်ထက်တွင် နိုင်ငံတကာဈေးကွက် ထိုးဖောက်မည်ဟု ကြွေးကြော်ပြီး နိုင်ငံပိုင် ဂုန်နီစက်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲပြောင်းပေးကာ နှစ်ရှည်ငှားရမ်းခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လယ်/ဆည်ဝန်ကြီးမှာ ဦးမြင့်လှိုင်ဖြစ်ပြီး ၎င်း၏လက်ထက်တွင် ဝန်ကြီးဌာနအောက်ရှိ စက်ရုံပေါင်း တစ်ရာကျော်ကို ပုဂ္ဂလိကသို့ အငှားချထားခဲ့သည်ဟု အဆိုပါဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက Myanmar Now ကို ပြောသည်။ 

နှစ်စဉ်အရှုံးပေါ်နေသည့် ဂုန်နီစက်ရုံများ ပုဂ္ဂလိကလက်ထဲရောက်ပါက မြန်မာ့ထုတ်ကုန်များ ပြည်ပဈေးကွက် ထိုးဖောက်နိုင်မည့်အပြင် စက်ရုံလုပ်သား အစိုးရဝန်ထမ်းများ၏ဘဝ ပိုမိုကောင်းမွန်လာနိုင်မည်၊ နိုင်ငံ၏ စက်မှုကဏ္ဍကို မြှင့်တင်နိုင်မည်ဟု ကြွေးကြော်ကာ ယခင်အစိုးရလက်ထက်တွင် နိုင်ငံပိုင်စက်ရုံများကို သက်သာသော နှုန်းထားဖြင့် အငှားချထားခဲ့သည်။ 

MAPCO ဟု အတိုကောက်ခေါ်ဝေါ်သည့် Myanmar Agribusiness Public Company Limited သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီကြီးဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် တည်ထောင်ဖွဲ့စည်းခဲ့သည့် MAPCO ကုမ္ပဏီဥက္ကဋ္ဌမှာ မြန်မာ့ရှေ့ဆောင် (MAB) ဘဏ်နှင့် ဧဒင်လုပ်ငန်းစုပိုင်ရှင် ဦးချစ်ခိုင်ဖြစ်သည်။ ဧဒင်ဦးချစ်ခိုင်ဟု လူသိများသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချစ်ခိုင်သည် ယခင်စစ်အစိုးရလက်ထက်တွင် ဆောက်လုပ်ရေးလုပ်ငန်းအများအပြား လုပ်ကိုင်ခွင့်ရရှိခဲ့သူဖြစ်ပြီး လက်ရှိအစိုးရနှင့်လည်း နီးစပ်သူဟု လူသိများသည်။ 

MAPCO ကုမ္ပဏီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဧဒင်ဦးချစ်ခိုင်

နိုင်ငံပိုင် မြောင်းမြဂုန်နီစက်ရုံကို ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းရာတွင် ပင်မစက်ရုံလုပ်ငန်းများကို အဓိကထားလုပ်ဆောင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟုဆိုသော်လည်း ငှားရမ်းခဲ့သည့် MAPCO ကုမ္ပဏီက ယနေ့အထိ ဂုန်နီနှင့် လျှော်ရွေး၊ လျှော်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိကြောင်း အလုပ်သမားများက ဆိုသည်။ 

စက်ရုံကို အငှားချထားရာတွင် လျှော်ကြမ်းတန်ဖိုး ကျပ် ၄၂ ဒသမ ၀၅ သန်း၊ စက်ချောဆီ သုည ဒသမ ၁၁၉ သန်း၊ သွယ်ဝိုက်ကုန်ကြမ်း ၂၇ ဒသမ ၅၆ သန်း၊ မီးထိုးဆီ (FO) ၁၄ ဒသမ ၅၆ သန်း၊ အထွေထွေကုန်ပစ္စည်း ၃ သန်းပါဝင်ခဲ့ပြီး စက်ရုံကို လည်ပတ်ခြင်းမရှိခဲ့သော်လည်း အဆိုပါပစ္စည်းများကို ကုမ္ပဏီက အခြားသို့ ရောင်းချခဲ့သည်ဟု အလုပ်ရပ်နားခံရသည့် စက်ရုံအလုပ်သမားများက ပြောသည်။ 

စက်ရုံကို လည်ပတ်ခြင်းမရှိသော်လည်း ယခုနှစ် ဩဂုတ်လအထိ ဝန်ထမ်းများကို ပေးခဲ့သည့်လစာမှာ ကျပ် ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး လက်ရှိစက်ရုံလုပ်သားဦးရေ ၃၈၀ အနက် ဝန်ထမ်းအနည်းငယ်ကို ဆက်လက်ခန့်ထားမည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။ 

“လည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ ရှိသင့်ရှိထိုက်တဲ့ ဝန်ထမ်းမျိုးတော့ ကျွန်တော်တို့ ချန်သွားမှာပါ” ဟု MAPCO ၏ စီမံခန့်ခွဲရေးအရာရှိချုပ် ဦးနေမျိုးဝင်းက ပြောသည်။ 

အစိုးရ (ယခင်အစိုးရ) သည် စက်ရုံများကို လုပ်ငန်းရှင်များထံ လွှဲပြောင်းပေးစဉ် စက်ရုံဝန်ထမ်းများကိုပါ မယူမနေရပုံစံ ယူခိုင်းခဲ့သည်ဟု MAPCO ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ၂၀၁၈ ခုနှစ်အတွင်းက  Myanmar Now ကို ပြောကြားခဲ့သည်။ 

ယိုယွင်းပျက်စီးနေသည့် မြောင်းမြဂုန်နီစက်ရုံဆိုင်းဘုတ် (ဓာတ်ပုံ – ပေးပို့)

နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိကသို့ နှစ်ရှည်ငှားရမ်းရာတွင် ဝန်ထမ်းများနှင့်ပတ်သက်၍ လျော်ကြေးပင်စင်ယူရန်၊ ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်လိုပါက လုပ်ကိုင်ရန် သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနကို ပြန်လာရန်နှင့် ကုမ္ပဏီဝန်ထမ်းအဖြစ် အပြီးအပိုင်ပြောင်းလဲရန် စသည်ဖြင့် ရွေးချယ်စရာ သုံးခုပေးခဲ့သည်ဟု ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက ပြောသည်။ 

“နိုင်ငံတော်နဲ့ ကုမ္ပဏီနဲ့ ငှားရမ်းတဲ့စာချုပ်ကတော့ စာချုပ်ပါအချက်အတိုင်း လိုက်နာရမှာပေါ့။ အဲဒါကတော့ မလိုက်နာလို့ မရဘူး” ဟု ၎င်းက ပြောသည်။ 

နိုင်ငံပိုင်စက်ရုံများကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခဲ့ရာတွင် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအတွေ့အကြုံမရှိဘဲ လုပ်ငန်းဦးထားချင်သည့်အတွက် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးအောင်ကျော်ကျော်ဦးက ပြောသည်။ 

မြောင်းမြဂုန်နီစက်ရုံနှင့် ပတ်သက်၍ တခြားစိုက်ပျိုးရေးအခြေခံ လုပ်ငန်းတစ်ခုခု လုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် နိုင်ငံတော် စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NECC) ကို တင်ပြထားသည်ဟုလည်း ၎င်းက ပြောသည်။ 

“တင်ပြတဲ့အခါကျတော့ ကုမ္ပဏီအနေနဲ့ Swiss Challenge (နိုင်ငံတကာတင်ဒါ) ခေါ်ရင်လည်းခေါ်။ ဒါမှမဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ တင်ဒါပြန်ခေါ် (Re-tender) ရင်လည်းခေါ်ဖို့၊ ကော်မတီက အဲလိုမှတ်ချက် ပေးထားတယ်။ လုပ်ငန်းပြောင်းမယ်ဆိုရင် လုပ်ထုံးလုပ်နည်းအရ အဲလိုသွားရမယ်။ သူတို့ဟာသူတို့ ပြောင်းလိုက်လို့ မရဘူး။ ဒီတိုင်း သူတို့ပဲ ဆက်ယူသွားလို့လည်း မရဘူး” ဟု  ဦးအောင်ကျော်ကျော်ဦးက ပြောသည်။ 

ကုမ္ပဏီအနေဖြင့် မူလသဘောတူထားသည့် ဂုန်လျှောက်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိပါက ဝန်ကြီးဌာနကို ပြန်လည်တင်ပြကာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းနိုင်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။ 

ထိုသို့ စာချုပ်ဖျက်သိမ်းမည်ဆိုပါက မူလငှားရမ်းစဉ်က အနေအထားအတိုင်း စက်ရုံပြန်အပ်ရမည်ဖြစ်ပြီး မြောင်းမြဂုန်နီစက်ရုံနှင့် ပတ်သက်၍ ဝန်ကြီးဌာနထံ တင်ပြထားခြင်းမရှိကြောင်းလည်း အဆိုပါစက်ရုံ ငှားရမ်းစဉ် ပြည်ထောင်စုအဆင့်စာချုပ် ချုပ်ဆိုရာ၌ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည့် ၎င်းက ပြောသည်။ 

မြောင်းမြဂုန်နီစက်ရုံအတွင်း ယိုယွင်းပျက်စီးနေသည့် လုပ်ငန်းခွင်သတိပေးဆိုင်းပုဒ်ကို ဩဂုတ် ၂၅ က တွေ့မြင်ရစဉ် (ဓာတ်ပုံ – ပေးပို့)

စက်ရုံငှားရမ်းစဉ်က ပါရှိခဲ့သည့် အလုပ်သမား ၅၆၉ ဦးကို နိုင်ငံ့ဝန်ထမ်းများနည်းတူ လုပ်ခလစာခံစားခွင့် ရှိစေခဲ့သော်လည်း နိုင်ငံတော်က တိုးမြှင့်သတ်မှတ်ပေးခဲ့သည့် အခြေခံလုပ်ခလစာ ကျပ် ၁၄၄,၀၀၀ (ကျပ်တစ်သိန်းခွဲခန့်)ကို ယနေ့အထိ ခံစားခွင့်မရသေးကြောင်း သိရသည်။ 

ထိုအလုပ်သမား ငါးရာကျော်အနက် အချို့ကို ၂၀၁၈ ခုနှစ်တွင် နစ်နာကြေးပေးပြီး အလုပ်ရပ်နားခဲ့ရာ လက်ရှိတွင် မြောင်းမြဂုန်နီစက်ရုံတွင် လုပ်သားဦးရေ ၃၈၀ သာ ကျန်တော့သည်ဟု ဆိုသည်။ 

အလုပ်ရပ်နားခံရသော ဂုန်နီစက်ရုံလုပ်သား ဒေါ်သက်မာလွင်က “ကျမတို့ကို အနှစ် ၃၀ စာချုပ် ချုပ်ထားတဲ့အတွက်ကြောင့် ကျမတို့ကိုမပေးနိုင်တော့ဘူးဆိုရင် ဒီ ၁၀ လစာကို ကျမတို့ မယူဘူး။ အစိုးရဆီ ပြန်အပ်ပေးပါဆိုပြီး တောင်းဆိုထားပါတယ်။ အဲ့ဒါကို သူတို့က လက်မခံဘူး” ဟု ပြောသည်။

အစိုးရနှင့် ကုမ္ပဏီအကြား နှစ်ဦးသဘောတူ ငှားရမ်းသည့်စာချုပ်များတွင် ဂုန်လျှော်လုပ်ငန်းကို မူလထက် ပိုတိုးတက်အောင် လုပ်ဆောင်ရမည်ဟု ပါဝင်သည့်အပြင် စက်ရုံဝန်ထမ်းများ၏ လုပ်ခလစာ၊ ပင်စင်လစာ စသည့် ခံစားခွင့်များနှင့်အတူ ကုမ္ပဏီဝန်ထမ်းအဖြစ်သို့ လွှဲပြောင်းခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။

“ကုမ္ပဏီဝန်ထမ်းဖြစ်သွားပြီဆိုတော့ လစာပေးတဲ့အပိုင်းကတော့ ကုမ္ပဏီနဲ့ပဲသက်ဆိုင်တာပေါ့။ ဒါပေမယ့် အဲ့ဒီလို သူတို့က အခက်အခဲပြဿနာတွေ ရှိလာတယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ချုပ်ထားတဲ့ စာချုပ်နဲ့အညီ မနစ်နာအောင်တော့ လုပ်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

အသက် ၅၀ ကျော်အရွယ် စက်ရုံဝန်ထမ်း ဒေါ်နန်းမို့မို့လွင်က “ကျမတို့ဝန်ထမ်းဘဝကို စတေးခံရသလို ခံစားရတယ်။ အသက် ၆၀ ပြည့်ရင် ထွက်မှာပါ၊ ကြည်ကြည်ဖြူဖြူနဲ့။ အခု ကုမ္ပဏီက အဆင်မပြေတော့ဘူးဆိုရင် ဒီသက်ကြီးရွယ်အိုတွေက အပြင်မှာ ဘာလုပ်စားတော့မလဲ၊ ဘယ်သူမှ လက်ခံမှာလဲမဟုတ်” ဟု ဆိုသည်။

Show More

Related Articles

Back to top button