
အရပ်သား ၂၉ ဦး သေဆုံးခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီး စစ်ဘေးရှောင်စခန်းဖြစ်ရပ်ဆိုးသည် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တရုတ်အစိုးရပိုင်သတင်းဌာနတို့ကမူ ထိုစခန်း တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။
အောက်တိုဘာ ၉ ညသန်းခေါင်ယံတွင် တရုတ်နိုင်ငံနှင့် ချောင်းတစ်ခုသာ ခြားသည့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ မြောက်ဘက် ၂ မိုင်အကွာက မုန်လိုင်ခက်ရွာတွင် ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၁၁ ဦးအပါဝင် စစ်ဘေးရှောင် ၂၉ ဦး သေဆုံးခဲ့ပြီး ၅၇ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ထိုဖြစ်စဉ်သည် မုန်လိုင်ခက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၁ တွင် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
သိုလှောင်ရုံထဲတွင် KIA ခေါင်းဆောင်များနှင့် ဒေါ်အားလီ (အားလီကျဲ) တို့ ပိုင်ဆိုင်သည့် အမိုနီယမ်နိုက်ထရိတ်(ယမ်း) ၁၀၅ တန်ခန့်နှင့် အခြားပေါက်ကွဲစေတတ်သောပစ္စည်းများ ထားရှိကြောင်း စစ်ကောင်စီထုတ်ပြန်ချက်က စွပ်စွဲထားပြီး မတော်တဆမှုတစ်ခုခုကြောင့် ရုတ်တရက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းလည်း ရေးသားသည်။
အဆိုပါ ထောက်လှမ်းရေးသတင်းကို ၎င်းတို့၏ အမာခံသတင်းပေးများနှင့် မြေပြင်သတင်း ဖော်ထုတ်ချက်များမှတစ်ဆင့် ရရှိသည်ဟုလည်း စစ်ကောင်စီက ဆိုသည်။
စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါက်ကွဲမှုဖြစ်ပွားအပြီး နာရီပိုင်းအကြာ အောက်တိုဘာ ၁၀ နံနက်ပိုင်းတွင် ထုတ်လွှင့်သည့် ရုပ်သံဖိုင်တွင် ထိုတိုက်ခိုက်မှုကို ၎င်းတို့စစ်တပ်က မလုပ်ကြောင်း ငြင်းဆန်ထားပြီးနောက် စစ်ကောင်စီဘက်က ဒုတိယမြောက်ထွက်လာသည့် ဖြေရှင်းချက်လည်းဖြစ်သည်။

“ဒရုန်းနဲ့လာကြဲတဲ့ ပုံစံဖြစ်တယ်” KIA ၏ တုံ့ပြန်ချက်
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်ကမူ ထိုအဖြစ်အပျက်သည် စစ်ကောင်စီ၏ တိုက်ခိုက်မှုဖြစ်ကြောင်း အကြိမ်ကြိမ်အတည်ပြုသည်။ ထို့ပြင် ‘ယမ်းသိုလှောင်ရုံပေါက်ကွဲမှု’ ဆိုသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကိုလည်း ငြင်းဆန်သည်။
“အဲဒီနေရာမှာ လက်နက်ခဲယမ်းသိုလှောင်ထားတဲ့ ဂိုဒေါင် မရှိပါဘူး။ ဗုံးကျတဲ့နေရာမှာ ဘောလုံးကွင်းရှိတဲ့နေရာဖြစ်ပါတယ်။ လမ်းမကြီးဘေးမှာ ရှိတာ။ လက်နက်သိုလှောင်ထားတာလဲ မရှိဘူး။ အဲဒီနေရာမှာ ဘာမှမရှိဘူး။ သူတို့စွပ်စွဲတာ ဘာမှ မှန်ကန်မှုမရှိပါဘူး” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (အောက်တိုဘာ ၁၁) နေ့လယ်ပိုင်းတွင် Myanmar Now ကို ပြောသည်။
စစ်ကောင်စီက ထိုတိုက်ခိုက်မှုအတွင်း ၁၂၀ မမ လက်နက်ကြီးများအပြင် နည်းပညာမြင့် မောင်းသူမဲ့ဒရုန်းများပါ အသုံးပြုခဲ့သည်ဟု KIA ၏ ကနဦးစစ်ဆေးချက်ကို ကိုးကား၍ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ခိုက်မှုက မုန်လိုင်ခက်စစ်ရှောင်စခန်း၏ အနောက်ဘက် ၆ ကီလိုမီတာ (၄ မိုင်) ခန့်တွင် ရှိသည့် ခါရာတောင်နှင့် ဘွမ်ရယ်တောင်ပေါ်တို့ရှိ စစ်ကောင်စီတပ်စခန်းတို့မှ လာသည်ဟုလည်း KIA ပြောခွင့်ရအရာရှိက ဆိုသည်။
“ခရာတောင်၊ ဘွန်ရယ်တောင်တို့မှာလည်း ဟယ်လီကော်ပတာနဲ့ ဒရုန်းတွေချပေးတဲ့ သက်သေတွေလည်းရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဗုံးသီးမပေါက်ကွဲခင်မှာလည်း ပစ်တယ်။ ဗုံးသီးပေါက်ကွဲတဲ့နောက်မှာလည်း သုံးလေးကြိမ် ပစ်တာ၊ စစ်ဆေးရေးအဖွဲ့သုံးသပ်ချက်ကတော့ ဒရုန်းနဲ့လာကြဲတဲ့ ပုံစံဖြစ်တယ်လို့ ပြောပါတယ်။ ဒရုန်းနဲ့ လာကြဲတဲ့ဗုံးကတော့ နည်းပညာမြင့်တဲ့ ပုံစံနဲ့ လုပ်ထားတဲ့ ဗုံးတွေဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်”
ထိုအဖြစ်ဆိုးအတွက် KIA ဘက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ထားပြီး ဆက်လက် ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောသည်။
တရုတ်အစိုးရ၏ တုံ့ပြန်ချက်
၎င်းတို့ပိုင်နက်အနီး မြန်မာ-တရုတ်နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်ကို တရုတ်အစိုးရပိုင် China Radio International မြန်မာပိုင်းစာမျက်နှာက “အမြောက်ပစ်ခတ်မှု” ဟုဖော်ပြသည်။
ပီကင်းနိုင်ငံတကာအသံလွှင့်ဌာနဟု မြန်မာတို့အကြား လူသိများသည့် တရုတ်သတင်းဌာနက အောက်တိုဘာ ၁၀ ရက်နေ့က ပေကျင်းတွင် ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မုန်လိုင်ခက်အဖြစ်အပျက်မှာ “အမြောက်ပစ်ခတ်မှု” ကြောင့် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြန်လည်ဖြေကြားထားသည်။
ရိုက်တာ၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးအရာရှိက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
သို့သော်လည်း ‘မတော်တဆမှု’ သို့မဟုတ် ‘စစ်ရေးအရတိုက်ခိုက်မှု” စသဖြင့် တိတိကျကျ ရည်ညွှန်းခဲ့ခြင်း မရှိခဲ့ပေ။
တရုတ်အစိုးရက ထိုအဖြစ်အပျက်နှင့် ပတ်သက်သည့် အစီရင်ခံစာများကို စောင့်ကြည့်နေသည်ဟု တရုတ်အရာရှိက ဆိုပြီး နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် အခြေအနေများ ပိုမိုဆိုးရွားမလာစေရန် အာမခံချက်ပေးရန်လည်း တောင်းဆိုခဲ့သည်။

မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း
မုန်လိုင်ခက်ရွာသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် လိုင်ဇာမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် ရှိပြီး စစ်ဘေးရှောင်များနှင့် နယ်ခံရွာသားများ ရောနှောနေထိုင်သည့် စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။
တရုတ်နိုင်ငံနှင့် ကူးလူးဆက်ဆံရာတွင် အချက်အချာကျပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်ကတည်းက တည်ထားသည့် ရွာတစ်ခုလည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၁ နောက်ပိုင်း ကချင်ပြည်နယ်အနှံ့တွင် တစ်ကျော့ပြန် ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်သူများအပါအဝင် စစ်ဘေးရှောင်အများအပြား လာရောက်ခိုလှုံနေသည့် နေရာတစ်ခုဖြစ်သည်။ မူလက အိမ်ခြေ ၅၀ ဝန်းကျင်သာ ရှိပြီး စစ်ဘေးရှောင်များ ရောက်ရှိလာချိန်တွင် အိမ်ခြေ ၁၀၀ ကျော် တိုးပွားလာခဲ့ခြင်းသည်ဟု ဒေသခံတို့က ဆိုသည်။

အောက်တိုဘာ ၉ ညပိုင်းက ပေါက်ကွဲခဲ့သည့် နေရာသည် ယခင်က ဘောလုံးကွင်းအဖြစ် အသုံးပြုသည့်နေရာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါကာလအတွင်း တောင်ယာထွက်ကုန်များ အရောင်းအဝယ်ပြုလုပ်သည့် နေရာအဖြစ် ပြောင်းလဲသုံးပြုနေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးနှစ်ဦးက ပြောဆိုသည်။
အောက်တိုဘာ ၉ ရက် ညပိုင်းက ဖြစ်ပွားသည့် ပေါက်ကွဲမှုနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးသူများထဲတွင် အသက် ၁ လနှင့် ၄ ရက်အရွယ် မိန်းကလေး ၁ ဦး၊ ၃ နှစ်မှ ၁၀ နှစ်အောက်၊ ၁၃ နှစ်မှ ၁၈ နှစ်အတွင်းရှိ ယောကျ်ားလေး ၅ ဦး၊ အမျိုးသမီးငယ် ၆ ဦး၊ ပါဝင်သည်ဟု ဒေသခံတို့၏ စာရင်းအရ သိရသည်။ ထို့အတူ အသက် ၃၀ မှ ၇၀ အတွင်း ၁၈ ဦး သေဆုံးသည်ဟု ၎င်းတို့က ပြောသည်။
ထိုအဖြစ်အပျက်ကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)