သတင်း

စဉ့်ကူးတောင်သူများ၏ ခြံဝင်းထဲဝင်ရောက်ခဲ့သူ တပ်နောက်ယောင်ခံများကို အမှုဖွင့် 

တပ်ပိုင်မြေကျူးကျော်သည်ဆိုကာ တရားစွဲခံထားရသော မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာမှ တောင်သူများ၏ ခြံဝင်းများအတွင်း ဝင်ရောက်လာသူ ခြောက်ဦးကို ပုဒ်မသုံးခုဖြင့် လက်ပံလှရဲစခန်းတွင် တောင်သူများက အမှုဖွင့်လိုက်သည်။

ငွေတောင်ကျေးရွာရှိ နေအိမ်အချို့၏ ခြံဝင်းအတွင်း ဩဂုတ် ၂၀ တွင် အရပ်ဝတ်သုံးဦးနှင့် ညောင်ဝန်းရွာသား သုံးဦးဝင်ရောက်လာပြီး မြေတိုင်းခြင်း၊ ဓာတ်ပုံများရိုက်ယူခြင်း၊ နေအိမ်များဖယ်ပေးရန် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ငွေတောင်ကျေးရွာတာဝန်ခံ ဦးနိုင်နိုင်ထွန်းက ပြောသည်။ 

“ကျွန်တော့်ဆီကိုအရင် ရွာသားတွေက လာတိုင်တယ်။ သူတို့ခြံထဲ ဇွတ်ဝင်ပြီး ခွင့်ပြုချက်လည်း မတောင်းဘူးပေါ့။ တံစက်မြိတ်နားအထိလာပြီး မင်းတို့ကောင်တွေ ဖယ်မပေးရင် ထောင်ကျမှာ ဘာညာနဲ့ ခြိမ်းခြောက်တယ်ဆိုပြီး လာတိုင်သွားတယ်” ဟု ၎င်းက ပြောသည်။ 

နေအိမ်ခြံဝင်းအတွင်း ကျူးကျော်ဝင်ရောက်ခဲ့သူများကို ငွေတောင်ကျေးရွာသားငါးဦးက ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၂၇၊ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ပုဒ်မ ၅၀၆ တို့ဖြင့် လက်ပံလှရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ 

“အမှု လက်ခံထားတယ်။ ဒုရဲအုပ်မိုးဝင်း စစ်ဆေးဆောင်ရွက်နေတယ်ဗျ။ အသေးစိတ်တော့ ပြောလို့မရသေးဘူး” ဟု လက်ပံလှရဲစခန်း စခန်းမှူး ရဲအုပ်ရန်နိုင်က Myanmar Now ကို ပြောသည်။

ငွေတောင်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိသည့်အနက် နေအိမ် ၃၀ ခန့်ကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်လာသူခြောက်ဦးအနက် အရပ်ဝတ်အခြားသုံးဦးသည် တပ်မတော်သားများဖြစ်သည်ဟု ဆိုသည်။ 

“ပွင့်ပွင့်လင်းလင်းပြောရရင် ခြောက်ဦးလုံးက တပ်မတော်က ခိုင်းထားတဲ့သူတွေလေ။ သုံးယောက်ကတော့ အမည်မသိဘူး၊ သူတို့ ( တပ်မတော်သားတွေ) ပဲ” ဟု ဦးနိုင်နိုင်ထွန်းက ပြောသည်။ 

စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာနှင့် ညောင်ဝန်းကျေးရွာမှ တောင်သူ ၁၀၅ ဦးကို တပ်ပိုင်မြေမှဖယ်ပေးရန် အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ  ဗိုလ်ကြီးဇော်ဝင်းနိုင်က တရားမမှုဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၃ တွင် တရားစွဲဆိုခဲ့သည်။ 

အဆိုပါရွာများအနီး တပ်မတော်ပိုင်မြေဧက ၂၀၉၁ ဧက ရှိသည့်အနက် ၇၅ ဧက ကိုသာ တပ်မတော်က စွန့်လွှတ်ခဲ့ပြီး စွန့်လွှတ်မြေနှင့် ဆက်စပ်နေရာများတွင် တောင်သူများက တိုးချဲ့စိုက်ပျိုးနေထိုင်နေသောကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ကြီးဇော်ဝင်းနိုင်က ပြောကြားထားသည်။ 

တရားစွဲဆိုခံထားရသည့် တောင်သူ ၁၀၅ ဦးအနက် တောင်သူ ၁၃ ဦးကို ဇူလိုင် ၂၈ တွင် တပ်မတော်က အမှုရုပ်သိမ်းပေးခဲ့သည်။ ထိုတောင်သူ ၁၃ ဦးအနက် ၁၀ ဦးမှာ တပ်၏စည်းရုံးမှုကို လက်ခံသည့်အတွက် အမှုရုပ်သိမ်းပေးခြင်းဖြစ်ကြောင်း ရွာသားများက ပြောသော်လည်း နေအိမ်များဖျက်ပေးသောကြောင့် အမှုရုပ်သိမ်းပေးခဲ့ခြင်းဖြစ်သည်ဟု တပ်ဘက်က ဆိုထားသည်။

Show More

Related Articles

Back to top button