သတင်း

ဖားကန့်တွင် တစ်လကျော်အတွင်း လက်သည်မပေါ်ဘဲ အသတ်ခံရသူ ၁၇ ဦးရှိ

ကမ္ဘာကျော် ကျော်စိမ်းထွက်ရှိသည့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် တစ်လကျော်အတွင်း အရပ်သား ၁၇ ဦး လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသည်ဟု ဒေသခံများက ပြောကြသည်။

သေနတ်၊ ဓားတို့ဖြင့် တိုက်ခိုက်ခံခဲ့ရသော ထိုအမျိုးသား ၁၇ ဦးကို မည်သူတို့က မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခဲ့သည်ကို မသိရပေ။

အောက်တိုဘာ ၅ မွန်းလွဲတွင် ဖားကန့်မြို့နယ်၊ မမုံကျေးရွာတွင် ဓာတ်ဆီဖြည့်နေသည့် အသက် ၃၀ ခန့် အရွယ်ရှိ အမျိုးသားတစ်ဦး ဦးခေါင်း ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဖားကန့်ဒေသခံတချို့က ပြောသည်။

ဆိုင်ကယ်ဖြင့် ရောက်လာသူများက အနီးကပ်ပစ်ခတ်သွားသည်ဟု မျက်မြင်သက်သေများကို ကိုးကားပြီး ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီမှာက အဲဒီလိုမျိုး ရုပ်ရှင်ဆန်ဆန် ပစ်တာခတ်တာတွေက ခဏခဏပဲ၊ မနေ့ကဟာလည်း ဘယ်အဖွဲ့ကလည်းတော့ မသိဘူး၊ သေသွားတဲ့သူကလည်း ရခိုင်လူမျိုးဆိုတာပဲ သိရတယ်။ ဘာကြောင့်အသတ်ခံရမှန်းကို မသိတာ” ဟု အသက် ၃၀ ဝန်းကျင် အဆိုပါ ဖားကန့်ဒေသခံက အောက်တိုဘာ ၆ ရက်နေ့တွင် Myanmar Now ကို ပြောသည်။

တစ်ရက်တည်းမှာပင် ဖားကန့်မြို့နယ် ဆန်းကြွယ်ရွာတွင် အသင့်စားအစားအသောက်များ ဆိုင်ကယ်ဖြင့် လိုက်လံရောင်းချသူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးလည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။

အောက်တိုဘာလဆန်းအတွင်း အသတ်ခံရသူများထဲတွင် ရေခဲချောင်းသည်နှင့် အချဉ်ပေါင်းသည်တို့ ပါဝင်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတို့ကို အကြမ်းဖက် သတ်ဖြတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံတော်လှန်ရေး ပေါ်ပေါက်လာသည်။

တော်လှန်သူတို့က စစ်ကောင်စီ အလိုတော်ရိများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

ကျောက်စိမ်းရတနာမြေ စီးပွားရေးမြို့ဖြစ်သော ဖားကန့်တွင် စစ်ကောင်စီ လက်နက်ကိုင်များ၊ ဒလန် သတင်းပေးဟု ယူဆရသူများ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရပြီး ထိုသို့ တိုက်ခိုက်သူတို့မှာ ဒေသတွင်း လှုပ်ရှားနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကချင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) တို့ ဖြစ်နိုင်သည်ဟု အများက ယူဆထားသည်။

စစ်ကောင်စီ၏ ရဲ၊ စစ်တပ်၊ ပြည်သူ့စစ် စသည့် လက်နက်ကိုင်အဖွဲ့များကလည်း အရပ်သားများ၊ အာဏာသိမ်းမှုဆန့်ကျင်သည့်အဖွဲ့များနှင့် ဆက်စပ်သည်ဟု ယူဆရသူများကို သတ်ဖြတ်လေ့ရှိကြောင်း နားလည်ထားကြသည်။

နိုင်ငံအနှံ့အပြားမှ အလုပ်အကိုင်ရှာဖွေသူတို့ စုဝေး ရောက်ရှိရာ ကျောက်စိမ်းမြို့တော်သည် သွေးထွက်သံယိုမှုနှင့် မစိမ်းသည့် ဒေသဖြစ်လာသည်။

လတ်တလောဖြစ်ပွားထားသည့် လုပ်ကြံသတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက မည်သည့်ရည်ရွယ်ချက်ကြောင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မသိရသေးပေ။

ဖားကန့်မြို့အခြေအစိုက် KPDF အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကမူ ၎င်းတို့လက်ချက်မဟုတ်ကြောင်း၊ ၎င်းတို့အဖွဲ့အမည် အလွဲသုံးကာ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း ပြောသည်။

“ဒလန်လို့ ယူဆရတဲ့သူဆိုရင်‌တော့ ကျွန်တော်တို့က သေချာစိစစ်မေးမြန်းပြီးမှသာလျှင် လုပ်ရင်လုပ်လိမ့်မယ်၊ အခုလိုမျိုး လမ်းပေါ်မှာ ပရမ်းပတာလုပ်တာမျိုးတော့ အခုချိန်အထိလည်း ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ကမူ လက်နက်ကိုင်ခုခံသူများ၏ သတင်း စုံစမ်းရန်အတွက် ဖားကန့်ဒေသခံများထဲမှ လူမျိုးစုံကို အသုံးပြုနေပြီး မူးယစ်ဆေးသုံးစွဲသူများမှအစ သတင်းရလျှင် နေ့စားခအဖြစ် ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ပေးကာ စေခိုင်းမှုများရှိနေသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာရာ ကျောက်စိမ်းအကျိုးစီးပွားများရှိရာ ဖားကန့်မြို့နယ်ကို အပြန်အလှန်ထိန်းချုပ်ကြရန် ကြိုးစားကြသည့်အတွက် ဒေသတွင်း တိုက်ပွဲအပြင်းဆုံးမြို့နယ်ဖြစ်ခဲ့သည်။

ဒေသမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ ရာဇဝတ်မှုမျိုးစုံ ဖြစ်ပွားလာပြီး ဓားပြမှု၊ ခိုးဆိုးလုယက်မှုနှင့် သတ်ဖြတ်မှုများ အစုံပင်ဖြစ်လာသည့်အတွက် လုံခြုံရေးအရ စိုးရိမ်နေရသည်ဟု ဖားကန့်ဒေသခံတချို့က ပြောသည်။

လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသူများအပြင် အခြားရာဇဝတ်မှုများ၊ ကျောက်စိမ်းတူးဖော်ရာမှ ဖြစ်ပေါ်လာသည့် မြေစာပုံပြိုကျမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးရသူများလည်း အများအပြားရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button