သြစတြေးလျအစိုးရ၏ ခရီးသွားအကြံပြုချက်ကို လျစ်လျူရှုပြီး စစ်မက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ဩစတြေးလျနိုင်ငံမှ ဘောလုံးကလပ်မှာ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ ကလပ်ဖလားပြိုင်ပွဲအဖြစ် ဆစ်ဒနီမြို့အခြေစိုက် The Macarthur Bulls ဘောလုံးအသင်းက စက်တင်ဘာလကုန်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားစဉ် သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခများနှင့်အတူ အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပွားနေသော မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်း မပြုရန် ဩစတြေးလျအစိုးရက ၎င်း၏ နိုင်ငံသားများကို သတိပေးထားသည်။
အကြမ်းဖက်မှုများ အချိန်မရွေး နေရာမရွေး ဖြစ်ပွားနိုင်ကြောင်း၊ နိုင်ငံခြားသားများရှိသည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ကြုံတွေ့ရနိုင်ကြောင်း၊ မတရားဖမ်းဆီးခံရနိုင်သည့် အန္တရာယ်လည်းရှိကြောင်း သြစတြေးလျအစိုးရက သတိပေးထားသည်။
“အစိုးရအကြုံပြုချက်များကို လိုက်နာဖို့ သြစတြေးလျနိုင်ငံသားအားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာန (DFAT) တာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ ဩစတြေးလျသတင်းဌာန ABC က ရေးသားသည်။
ရှမ်းယူနိုက်တက်အသင်းပိုင်ရှင်များသည် သြစတြေးလျက ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာစစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြနေကြသည်၊ ထို့ပြင် ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာလတွင် ဩစတြေးလျသို့ လာရောက်ကစားမည့် ရှမ်းယူနိုက်တက်အသင်းကို ပြည်ဝင်ခွင့်ဗီဇာမပေးရန်လည်း တောင်းဆိုထားသည်။
ထိုသို့ ပြစ်တင်ဝေဖန်မှုများ ရှိနေသော်လည်း သြစတြေးလျဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ ချမှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာခဲ့ခြင်းသာဖြစ်သည်ဟု Macarthur Bull အသင်းက တုံ့ပြန်ထားသည်။
Macarthur Bull အသင်း တာဝန်ရှိသူက ၎င်းတို့အသင်း မြန်မာနိုင်ငံသွားရောက်ရန် ငြင်းဆန်မည်ဆိုပါက ပြိုင်ပွဲမှ ထွက်ရဖွယ်ရှိသည်ဟု ဆိုသည်။
“ကလပ်အသင်းရော သြစတြေးလျဘောလုံးအဖွဲ့ချုပ်ကပါ အစိုးရအကြံပြုချက်နဲ့အညီ ကြားကွင်းတစ်ခုမှာ ကန်ဖို့ တောင်းဆိုခဲ့တယ်။ ကလပ်အသင်းကဆို ရှမ်းယူနိုက်တက်အတွက် ခရီးစရိတ်ပါ အကုန်အကျခံပေးမယ်ဆိုပြီး ကမ်းလှမ်းတယ်။ ဒါပေမဲ့ သူတို့က လက်မခံခဲ့ဘူး” ဟု Macarthur Bull အသင်း တာဝန်ရှိသူက ပြောသည်။
“ရွေးချယ်စရာမရှိတော့ ပွဲစဉ်အတိုင်းပဲ သွားပြီးကစားဖို့ ဆုံးဖြတ်ရတာပါပဲ”
၂၀၂၀ ပြည့်နှစ်အတွင်းက ကာတာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် AFC ပြိုင်ပွဲအတွင်း ကိုဗစ်ကပ်ရောဂါကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ရန် ပြင်ဆင်သော်လည်း နုတ်ထွက်ပါက ဒဏ်ကြေး ဒေါ်လာသုံးသောင်း ပေးဆောင်ရမည့်အပြင် ပြိုင်ပွဲဝင်ခွင့် နှစ်နှစ်အထိ ပိတ်ပင်ခံရမည်ဟု အာရှဘောလုံးအဖွဲ့ချုပ်က သတိပေးခဲ့ဖူးသည်ဟု ဆိုသည်။
မြန်မာစစ်တပ်က ရက်ပေါင်း ၆၅၀ ကျော် ဖမ်းဆီးထားခဲ့သူ သြစတြေးလျစီးပွားရေးပညာရှင် Sean Turnell က ၎င်းကို အကျဉ်းချခဲ့သည့် တိုင်းပြည်တွင် ထိုဘောလုံးအသင်း သွားရောက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်သည်ဟု ဝေဖန်သည်။
“နိုင်ငံရေးဉာဏ် တော်တော်တိမ်တာပဲဗျ။ စစ်တပ်က ဒါကို ပြပြီး နိုင်ငံတကာက လက်ခံနေပြီဆိုတာ အသုံးချနိုင်တယ်။ ပြီးတော့ ခုလိုသွားတာ လုံခြုံရေးဘက်က ကြည့်ရင်လည်း တော်တော်ဉာဏ်နည်းတဲ့ ကိစ္စပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူ Sean Turnell က ဆိုသည်။
မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ရှမ်းယူနိုက်တက်အသင်းပိုင်ရှင်သည် စစ်တပ်နှင့် ပတ်သက်မှုရှိနိုင်သည်ဟု ထုတ်ဖော်ပြောဆိုသည်။
ရှမ်းယူနိုက်တက်အသင်းကို ဝမင်းကုမ္ပဏီဥက္ကဋ္ဌ ခွန်နောင်မြင့်ဝေဆိုသူက ပိုင်ဆိုင်ပြီး ၎င်းကုမ္ပဏီသည် စစ်တပ်ထံမှ မြေငှားရမ်းကာ အိမ်ရာစီမံကိန်းတစ်ခု လုပ်ကိုင်နေသည့်အပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံမှ မြေငှားရမ်းကာ လုပ်ကိုင်နေသည့် Yangon Riverview Complex စီမိကိန်းတွင်လည်း ရင်နှီးမြှုပ်နှံထားသည်ဟု သိရသည်။
စစ်တပ်ထိန်းချုပ်သည့် MEC သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း သြစတြေးလျအစိုးရ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသည်။
“စစ်တပ်နှင့် စီးပွားရေးဆက်စပ်မှုရှိသည့် ဝမင်းကုမ္ပဏီနဲ့ အရေးပါတဲ့လူတွေကို ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်သင့်တယ်။ ပြီးတော့ ရှမ်းယူနိုက်တက်အသင်းကိုလည်း ဗီဇာငြင်းပယ်သင့်တယ်” ဟု Justice For Myanmar အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC) အဖွဲ့ဝင်တစ်ဦးဖြစ်သူ Chris Sidoti ကလည်း သြစတြေးလျဘောလုံးအသင်း မြန်မာနိုင်ငံသွားရောက်ခဲ့ခြင်းအတွက် အံဩထိတ်လန့်မိသည်ဟု ဆိုသည်။
“သတ်ဖြတ်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ နေ့တိုင်းလိုလိုဖြစ်နေတဲ့ ရန်ကုန်ကို သွားတယ်။ ဘောလုံးမန်နေဂျာတွေက ဘယ်လိုတောင် စဉ်းစားကြလဲ ကျွန်တော် နားမလည်နိုင်ဘူး” ဟု Chris Sidoti က ဆိုသည်။
“ရန်ကုန်မှာ ဘောပွဲကန်ဖို့ဆို့တာ တကယ့်ကို စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ရတာပဲ။ စစ်တပ်ရဲ့ ခွင့်ပြုချက် မပါရင် ရန်ကုန်လေဆိပ်တောင် ဝင်ခွင့်မရှိဘူး”
လုံခြုံမှုအပြည့်ရှိသည်ဆိုသည့်တိုင် မြန်မာနိုင်ငံသို့ မသွားရောက်သင့်ဟု ၎င်းက ထောက်ပြသည်။
ရှမ်းယူနိုက်တက်ဘောလုံးအသင်းကို ပြည်ဝင်ခွင့် ပေးမပေး ဆုံးဖြတ်ရမည့်အရေးတွင် ဩစတြေးလျ ပြည်ထဲရေးဝန်ကြီးဌာနက ကိစ္စရပ်တစ်ခုချင်းအလိုက် ထည့်သွင်းစဉ်းစားနေသည်ဟု ABC သတင်းဌာနက ရေးသားသည်။
ပြည်ဝင်ခွင့် မပြုသင့်ဟု SAC အဖွဲ့ဝင်တစ်ဦးဖြစ်သူ Chris Sidoti က ဆိုသည်။
“ပြည်ဝင်ခွင့် ဗီဇာတွေကို သေချာပေါက် ငြင်းဆိုသင့်ပြီး ဒီဘောလုံးပွဲက လုံးဝမဖြစ်သင့်ဘူး။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကျန်တော်တို့ သိနေတာပဲ။ မြန်မာအသင်းက သြစတေးလျကို လာမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် ဒေါသထွက်ဖို့ကောင်းပါတယ်” ဟု Sidoti က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။