
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများက ကုလသမဂ္ဂ၏ အကူအညီကို တောင်းဆိုခဲ့ကြသော်လည်း လုံလောက်သည့် အကူအညီမရဘဲ စစ်ကောင်စီ၏ အကြမ်းဖက်မှုများသာ ပိုတိုးလာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ယနေ့ (အောက်တိုဘာ ၃) တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံသားများသည် အလွန်ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်စနစ်အောက်တွင် ၂ နှစ်ခွဲကျော် နေထိုင်နေရသည်၊ စစ်ဗိုလ်ချုပ်များ ကျူးလွန်နေသည့် အကြမ်းဖက်မှုများမှာ တစ်နေ့တခြား ပိုမိုပြင်းထန်လာသည်၊ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းမှာလည်း ပိုမိုကြီးထွားလာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ မစ္စယန်ဟီးလီ အပါအဝင် ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် SAC-M ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများ၊ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့သည် အာဏာသိမ်း စစ်တပ်က ကျူးလွန်နေသည့် အကြမ်းဖက်သတ်ဖြတ်မှုများကို ရပ်တန့်စေရန်၊ ကာကွယ်ပေးရန် ပျက်ကွက်နေသည်ဟု SAC-M က ဆိုသည်။
ယမန်နေ့က မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ အရပ်သားပေါင်း ၃၈၅၇ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု ပါရှိသည်။
ထို့ပြင် ၂၄၁၂၃ ဦး ဖမ်းဆီးခံခဲ့ရသည်၊ အဆောက်အအုံပေါင်း ၇၄၈၇၄ လုံး ဖျက်ဆီးခံရသည်၊ လူပေါင်း ၁.၆ သန်း အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေကြရပြီး လူဦးရေ၏ ၃၀ ရာခိုင်နှုန်း ရိက္ခာလိုအပ်နေသည်ဟုလည်း ဆိုသည်။
စစ်ကောင်စီတပ်က အရပ်သားများကို အရှင်လတ်လတ်မီးရှို့ခြင်း၊ လက်သည်းခွံခွာခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ အရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် ထိတ်လန့်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟုလည်း OHCHR က ဆိုသည်။
ကြောက်မက်ဖွယ်ကောင်းလွန်းသည့် အကြမ်းဖက်မှုများနှင့် လူသားတို့အပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကြောင့် စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC သို့ လွှဲပြောင်းပေးနိုင်ရန် ကုလသမဂ္ဂအထွေထွေညီလာခံသို့ အကြံပြုထားသည်ဟု မြန်မာနိုင်ငံဆိုင်ရာ OHCHR အကြီးအကဲ James Rodehaver က ထိုင်းနိုင်ငံတွင် သတင်းထောက်များနှင့် အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းက တွေ့ဆုံစဉ် ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီများသည် စစ်ကောင်စီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi သည် နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တွေ့ကာ“ အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ” ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ အာဏာသိမ်းစစ်တပ်ကို တရားဝင်အစိုးရအဖြစ် ဆက်ဆံနေခြင်းမှာလည်း ကုလပဋိညာဉ်နှင့် ဆန့်ကျင်နေသည်ဟု SAC-M က ထောက်ပြထားသည်။
အာဏာသိမ်းစစ်တပ်သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမဟုတ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကသာ တရားဝင်အစိုးရဖြစ်သည်၊ မြန်မာနိုင်ငံသားများသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မည့် ခုခံကာကွယ်စစ် ဆင်နွှဲနေကြသည်၊ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်နိုင်သည့် နယ်မြေများမှာလည်း တစ်နေ့တစ်ခြား နည်းပါးလာပြီဖြစ်ကြောင်း SAC-M ၏ အစီရင်ခံစာတွင် ပါရှိသည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း အိုးမဲ့အိမ်မဲ့ဖြစ်မှုများ၊ အရပ်သားသေဆုံးမှုများနှင့် အရပ်သားများ၏ အိုးအိမ်များပျက်စီးမှု ပိုမို ဆိုးရွားလာနေသည်ဟု ထုတ်ပြန်ထားသည်။
လူပေါင်း ၆၃,၀၀၀ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်၊ လူပေါင်း ၁.၈ သန်းကျော် အကူအညီလိုအပ်နေပြီး အကူအညီများပေးနိုင်ရန် ကန့်သတ်ခံနေရသည်ဟုလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုအချက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ တာဝန်ရှိသူအချို့ တာဝန်မဲ့ပြောဆိုသည်၊ ကုလတွင် တင်သွင်းသည့် အစီရင်ခံစာများမှာ “မျှတမှုမရှိသော လိမ်လည် ပြောဆို တင်ပြချက်များ”ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။