
တပ်မတော်ကရေးဆွဲပြီး အငြင်းပွားဖွယ် ဆန္ဒခံယူပွဲဖြင့်အတည်ပြုခဲ့ သော ၂၀၀၈ နိုင်ငံတော်ဖွဲ.စည်းပုံအခြေခံဥပဒေသည် အတုအယောင်ကိန်းဂဏန်းများဖြင့် အတည်ပြုခဲ့ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်ပြီး၊ ၄င်း၏ပြောဆိုချက်မှားသည်ဆိုပါက ဘဝပေါင်းများစွာ အပါယ်ငရဲတွင် ကျရောက်ပါစေဟု ကျိန်ဆိုလိုက်သည်။
၂၀၀၈ ခုနှစ်ဆန်း လူပေါင်းသိန်းချီ သေဆုံးစေခဲ့သော နာဂစ်မုန်တိုင်းကြီး ကျရောက်ပြီး ရက်ပိုင်းအတွင်း စစ်အစိုးရကကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသော လူပေါင်း ၂၂ သန်းကျော်အနက် ၉၉.၇ ရာခိုင်နှုန်းသည် မဲပေးခဲ့ကြပြီး၊ ၉၂.၄ ရာခိုင်နှုန်းသည် ဖွဲ.စည်းပုံအခြေခံဥပဒေကို တစ်ခဲနက်ထောက်ခံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ကြေညာခဲ့သည်။
“အဲဒီကိန်းဂဏန်းသည် အမှန်အကန်ကိန်းဂဏန်း မဟုတ်ပါဘူးလို့ ဖိနှိပ်ဆဲကာလ ၂၀၀၉ ၊ ၂၀၁၀၊ ၂၀၁၁ တွေမှာ ပြောခဲ့ဖူးတယ်။ တကယ်လို့သာ အမှန်အကန်ကိန်းဂဏန်းဖြစ်ပါရက်နဲ့ အမှန်အကန်ကိန်းဂဏန်း မဖြစ်ပါဘူးလို့ လိမ်ညာပြောရင် ကျွန်တော်သည် နေ့စဉ်နှင့်အမျှ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရင်းနဲ့နေရပြီးတော့၊ ဘဝပေါင်းများစွာ အပါယ်ငရဲကမတက်ဘဲနဲ့ မဂ်နဲ့ ဖိုလ်နဲ့ ဝေးရပါစေ” လို့ ကျိန်ဆိုပါကြောင်း မဇ္ဈိမသတင်းဌာနနှင့် ပြုလုပ်သော ရုပ်သံမေးမြန်းခန်းတစ်ခုတွင် ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်။
တိုင်းပြည်ငြိမ်းချမ်းရေးရရှိဖို့အတွက် တိုင်းရင်းသားများနှင့် လူများစုမြန်မာလူမျိုးများ ရေပက်မဝင်သည့်စည်းလုံးမှုရှိရန် လိုကြောင်း၊ သို့သော် ထိုသို့ဖြစ်ရန်အတွက် လက်ရှိဖွဲ.စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၁) ရက်နေ့တွင် မဇ္ဈိမသတင်းဌာနက ၄င်းအင်တာနက်စာမျက်နှာတွင် ထုတ်လွှင့်ခဲ့သောမေးမြန်းခန်းတွင် ဝန်ကြီးချုပ်က ပြောဆိုထားသည်။
လက်ရှိဖွဲ.စည်းပုံဥပဒေအရ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်အသီးသီးတွင် တပ်မတော်သည် မည်သည့်ရွေးကောက်ပွဲမျှ ဝင်စရာမလိုဘဲ အလိုအလျောက် အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူခွင့်ရှိပြီး၊ ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရဲတပ်ဖွဲ.၊ အကျဉ်းဦးစီးဌာန၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပါရှိသော ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ ဝန်ကြီးများကို ၄င်းစိတ်ကြိုက် ရွေးချယ်ခွင့်ရှိသည်။
တိုင်းတစ်ပါးသားနှင့် အိမ်ထောင်ပြုထားသူသည် သမ္မတဖြစ်ခွင့်မရှိဟူသည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရစေခဲ့သော ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကဲ့သို့သော အရေးကြီးသည့် အချက်များကို ပြင်လိုပါက ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်မှသာ ဖွဲ.စည်းပုံပြင်ရေး လူထုဆန္ဒခံယူပွဲတစ်ရပ် ကျင်းပခွင့်ရှိမည်ဖြစ်သည်။
သို့သော် တပ်မတော်သည် လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသောကြောင့် ဖွဲ.စည်းပုံပြင်လိုလျှင် ပြည်သူအားလုံးကရွေးချယ်ထားသော လွှတ်တော်အမတ်အားလုံးက ထောက်ခံပင်လျှင် မဖြစ်နိုင်ပေ၊ ထိုသို့ဖြစ်ရန်အတွက် တပ်မတော်၏ ထောက်ခံမှုရ ရှိရမည်ဖြစ်သည်။
စကားပြောလျှင် ဘွင်းဘွင်းရှင်းရှင်းပြောဆိုတတ်သည့် ဒေါက်တာအောင်မိုးညိုသည် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်သည်။
လက်နက်ကိုင်ဆောင်နေသည့် အဖွဲ့အစည်းများက ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် မလိုလားကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး မရမှ ထိုအဖွဲ.များက တရားမဝင်ရွှေတူးခြင်း၊ သစ်ခုတ်ခြင်း၊ ကျောက်စိမ်းမှောင်ခိုထုတ်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်နိုင်နေမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
“ပြည်တွင်းငြိမ်းချမ်းရေး မရှိမှ အလုပ်ဖြစ်မယ်ဆို သူတို့က ပြည်တွင်းငြိမ်းချမ်းရေး လိုချင်မှာမဟုတ်ဘူး” ဟု စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲ အပြီး ဝန်ကြီးချုပ်ဖြစ်လာသူ ဒေါက်တာအောင်မိုးညိုက ပြောဆိုလိုက်သည်။
မကွေးတိုင်းဝန်ကြီးချုပ်နှင့် မဇ္ဈိမအင်တာဗျူးကို သွားရောက်ကြည့်ရှုရန်–
https://www.facebook.com/MizzimaDaily/videos/318412755669087/