သတင်း

စစ်တွေတွင် သုံးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ လေးဦးအထိရှိလာ

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် သုံးရက်အတွင်း ကိုဗစ်နိုင်တင်းရောဂါ (Covid-19) ကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့်လူနာ လေးဦးရှိလာသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးအသိပညာပေးမှုများကို စနစ်တကျလိုက်နာရန် စစ်တွေပြည်သူ့ဆေးရုံမှ ကျန်းမာရေးအရာရှိက တိုက်တွန်းလိုက်သည်။ 

ရောဂါပိုးကူးစက်စေမည့် လူစုလူဝေးမလုပ်ရန် နှိုးဆော်တိုက်တွန်းနေသော်လည်း လိုက်နာမှုအားနည်းသည်ဟု စစ်တွေပြည်သူ့ဆေးရုံ အထူးရောဂါနှိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

“အမြဲတမ်း ပြည်သူတွေကို မှာနေတာပဲလေ လူစုလူဝေးမလုပ်ဖို့။ ဒါပေမဲ့လည်း လူတွေက စုဝေးနေကြတာပေါ့နော်။ ဒါလေးတွေတော့ ရှောင်ကြဖို့လိုတယ်။ Mask (နှာခေါင်းစည်း) တပ်ဖို့၊ လက်ဆေးဖို့။ ချောင်းဆိုးတယ်၊ နှာချေတယ်ဆိုရင် အုပ်ပြီးတော့ ဆိုးဖို့၊ သလိပ်တွေ၊ တံတွေးတွေကို စည်းကမ်းမဲ့ မစွန့်ပစ်ဖို့။ ဒါတွေက ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်း လိုက်နာဆောင်ရွက်မှ အဆင်ပြေလိမ့်မယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

စစ်တွေမြို့နေ အသက် ၂၆ နှစ်ရှိ ပုဂ္ဂလိကဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦး (လူနာအမှတ် ၃၇၅) တွင် ပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

လူနာအမှတ် ၃၇၅ မှာ ပြည်ပခရီးသွားရာဇဝင်မရှိသော်လည်း ဇူလိုင်နှင့် သြဂုတ်လတို့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် သြဂုတ် ၄ တွင် ၎င်းအလုပ်လုပ်ကိုင်သည့် ဘဏ်တွင် အလုပ်ပြန်တက်ခဲ့သည်။ 

သြဂုတ် ဒုတိယအပတ်တွင် နှာစေးခြင်း၊ ဖျားနာခြင်းများ ဖြစ်ပေါ်ခဲ့၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် ၎င်း၏ မိသားစုဝင်များနှင့် ဘဏ်ဝန်ထမ်းများကို အသွားအလာကန့်သတ်ထားကာ ဘဏ်ကိုလည်း လော့ဒေါင်း (Lockdown) ချထားခဲ့သည်။

အသွားအလာကန့်သတ်ထားရှိသူများအနက်မှ ဘဏ်ဝန်ထမ်းများ၏ မိသားစုဝင်အမျိုးသမီးနှစ်ဦးတွင် ပိုးတွေ့ခဲ့ကြောင်း စစ်တွေဆေးရုံအုပ်‌ ဒေါက်တာဇော်လွင်က ပြောသည်။

သြဂုတ် ၁၈ တွင် စစ်တွေမြို့နေ ၃၂ နှစ်အရွယ် NGO ဝန်ထမ်းအမျိုးသမီးတစ်ဦး အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများရှိ၍ ကိုယ်တိုင် ဆေးရုံသို့ လာရောက်ပြသခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိကြောင်း ဓာတ်ခွဲအဖြေ ရရှိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

“NGO ဝန်ထမ်းက ပေါက်တောမြို့နယ်က။ အခု စစ်တွေမှာ နေတယ်ပေါ့နော်။ ကျန်တဲ့နှစ်ယောက်က… လူနာအမှတ်စဉ် ၃၇၅ က ဘဏ်ဝန်ထမ်းဆိုတော့ အတူတူလုပ်တဲ့ တခြားဝန်ထမ်းတွေရဲ့ အမေတွေ ဖြစ်ပါတယ်” ဟု ဒေါက်တာဇော်လွင်က ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းကူးစက်မှုမရှိသည်မှာ တစ်လနီးပါးရှိပြီးနောက် ပြန်လည်တွေ့ရှိခြင်းဖြစ်ကာ မြို့အတွင်း ထပ်မံကူးစက်ပြန့်ပွားလာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

ကျန်းမာရေးသတိပေးချက်များ မလိုက်နာပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ဒဏ်ပေးစနစ်ဖြင့် တားဆီးပိတ်ပင်သင့်ကြောင်း၊ အခြေခံပညာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားပေးသင့်ကြောင်း စစ်တွေမြို့နေ စာရေးဆရာ အောင်ကြည်မိုး (သင်းပုန်းတန်း) က ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်တွေကို မလိုက်နာတဲ့လူတွေ၊ Mask (နှာခေါင်းစည်း) မတပ်တဲ့လူတွေကို ဒဏ်ရိုက်ဖို့ အဖွဲ့အစည်းတွေချပြီးတော့ လုပ်ရပါမယ်။ အခုအချိန်မှာ အာဏာပိုင်အဖွဲ့အစည်းက လုပ်ကိုလုပ်သင့်ပါတယ်။ မလုပ်ရင် အလောင်းချင်း ထပ်သွားနိုင်တယ်” ဟု စာရေးဆရာ အောင်ကြည်မိုး (သင်းပုန်းတန်း) က ပြောသည်။

“အခုက လူတွေက ကြောက်တယ်လို့ ပါးစပ်ကပြောနေပေမဲ့ လက်တွေ့မှာ Mask (နှာခေါင်းစည်း) မတပ်တဲ့လူတွေက များနေတယ်” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့ ပြည်နယ်တိုင်းရင်းဆေးရုံကြီးတွင် ဖွင့်လှစ်ထားသည့် ကွာရန်တင်းစင်တာသည် သန့်ရှင်းမှုအားနည်းသည်ဟု မြို့ခံများကဆိုပြီး မြို့ထဲရှိ စစ်တွေတက္ကသိုလ်ကျောင်းဟောင်းတွင် ကွာရန်တင်းစင်တာနောက်တစ်ခု ထပ်မံပြင်ဆင်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့် ပထမဆုံးလူနာနှစ်ဦးကို မြန်မာနိုင်ငံတွင် မတ် ၂၃ တွင် တွေ့ရှိခဲ့ပြီးနောက် ပိုးကူးစက်မှုပထမလှိုင်းစတင်ခဲ့သည်။ မေလလယ်ခန့်မှစ၍ ပြည်တွင်းကူးစက်မှု အနည်းငယ်သာရှိသော်လည်း ကိုဗစ်ဒုတိယလှိုင်း ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးထားသည်။ 

ဝန်ကြီးဌာန၏ ဩဂုတ် ၁၉ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၃၇၉ ဦး ရှိပြီး သေဆုံးသူ ၆ ဦး ရှိသည်။ 

Show More

Related Articles

Back to top button