ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုတွင် သန်းထွဋ်အောင်ပါ သုံးဦးကို လူသတ်မှုကျူးလွန်သူ သံသယတရားခံများဖြစ်ကြောင်း ခိုင်မာအောင် အမှုတည်ဆောက်ခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံရသူ ရဲအရာရှိဟောင်းက ထွက်ဆိုခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှူးဟောင်း ဦးချစ်ကိုကိုသည် သံသယတရားခံ၏ ဖခင်ထံမှ ကျပ် သိန်း ၃၀ ကို လေးကြိမ်အရစ်ကျခွဲယူပြီး အမှုတည်ဆောက်ရာတွင် သက်သေအချို့ ချန်လှပ်ခဲ့သည်ဟုဆိုကာ အဂတိမှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
အမှုကို စစ်ဆေးရာတွင် ရဲမှုခင်းဆေးစာ ရယူခဲ့သည့်အပြင် လုံခြုံရေးဝန်ထမ်းများရိုက်ကူးသည့် ဓာတ်ပုံပါ ဦးထုပ်၊ ဖိနပ်၊ အဝတ်အစားများကို သံသရှိသူများ၏ နေအိမ်၌ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခြင်းအပြင် သံသယရှိသူများကို ဖမ်းဆီးရန် ရဲစခန်းအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း ရဲအရာရှိဟောင်း ဦးချစ်ကိုကိုက ထွက်ဆိုခဲ့သည်။
ရဲအုပ်ဟောင်း ဦးချစ်ကိုကိုသည် အဂတိလိုက်စားမှုစွပ်စွဲချက်ဖြင့် ၂၀၁၈ စက်တင်ဘာ ၁၃ ကတည်းက ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် ရွှေပေါက္ကံမြို့သစ် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ဖြစ်သည်။
ဦးချစ်ကိုကိုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် ယခုနှစ် ဇူလိုင်လတွင် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ လာမည့် ဩဂုတ် ၂၅ တွင် သံသယတရားခံသုံးဦး၏ မိဘများထံမှ လာဘ်ငွေတစ်စုံတစ်ရာ မယူခဲ့ကြောင်း ထွက်ဆိုမည်ဟု တရားခွင်၌ ဦးချစ်ကိုကိုက ယနေ့ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။
၂၀၁၈ ခုနှစ် နှစ်သစ်ကူးညတွင် ရန်ကုန် သုဝဏ္ဏရှိ The One Entertainment Park ၌ ဟာသသရုပ်ဆောင် အောင်ရဲထွေးနှင့် သန်းထွဋ်အောင် (ခေါ်) သားကြီး၊ ပြည့်ဖြိုးအောင် (ခေါ်) ပြည့်ဖြိုး၊ ကျော်ဇောဟန် (ခေါ်) ကျော်ဇော ဆိုသူတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာတွင် အောင်ရဲထွေး သေဆုံးခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရသူ သန်းထွဋ်အောင်(ခေါ်)သားကြီး အပါအဝင် သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၂) ဖြင့် ၂၀၁၉ ဇန်နဝါရီတွင် စွဲချက်တင်ခဲ့သော်လည်း ဒီဇင်ဘာလတွင် ရန်ကုန်တိုင်းတရားလွှတ်တော်က အာမခံပေးနိုင်သည့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ ဖြင့် ပြင်ဆင်ခဲ့သည်။
သန်းထွဋ်အောင်(ခေါ်)သားကြီးပါ သုံးဦးကို အာမခံပေးကာ စစ်ဆေးနေရာမှ လူသတ်မှုပုဒ်မ ၃၀၂ (၂)ဖြင့် ပြန်လည်စစ်ဆေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယနေ့ (ဩဂုတ် ၁၈) တွင် အမိန့်ချမှတ်ခဲ့သဖြင့် အင်းစိန်ထောင်မှတဆင့် ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်သည်။
ပြောင်းလဲစွဲဆိုသော လူသတ်မှု ပုဒ်မ ၃၀၂(၂)မှာ အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း (၂၀ နှစ် အထိ) ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့်ပုဒ်မ ဖြစ်သည်။