သတင်း

အောင်ရဲထွေးအမှုတွင် လာဘ်စားသည်ဆိုသော ရဲအရာရှိကို ဩဂုတ် ၁၈ တွင် စတင်စစ်ဆေးမည်

ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုတွင် အဂတိလိုက်စားခဲ့သည်ဆိုသော ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်းမှူးဟောင်း ဦးချစ်ကိုကိုသည် လာမည့် ဩဂုတ် ၁၈ တွင် ရန်ကုန်တိုင်းတရားလွှတ်တော်၌ စတင်စစ်ဆေးခံရတော့မည် ဖြစ်သည်။

အောင်ရဲထွေးသေဆုံးမှုကို ကိုင်တွယ်ခဲ့သည့် ရဲအုပ်ဟောင်း ဦးချစ်ကိုကိုသည် လူသတ်တရားခံအဖြစ် စွပ်စွဲခံရသူတစ်ဦး၏ ဖခင်ထံမှ ကျပ်သိန်း ၃၀ ကို အရစ်ကျ ခွဲယူခဲ့သည်ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလိုပြု တရားစွဲဆိုသဖြင့် ရန်ကုန်တိုင်းတရားလွှတ်တော်၌ ၂၀၁၈ စက်တင်ဘာတွင် စတင်စစ်ဆေးခဲ့သည်။

ဩဂုတ် ၁၁ ရုံးချိန်းတွင် ပြန်ခေါ်သက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပြီး ဩဂုတ် ၁၈ တွင် စွပ်စွဲခံရသူ ရဲအရာရှိဟောင်း ဦးချစ်ကိုကို ကို စစ်ဆေးမည်ဟု တရားသူကြီးက တရားခွင်၌ ပြောသည်။ 

ဦးချစ်ကိုကိုအမှုတွင် တရားလိုဘက်က တင်ပြသည့်သက်သေ ၁၁ ဦးကို စစ်ဆေးပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် ၂၀၂၀ ဇူလိုင်တွင် စွဲချက်တင်ခဲ့ပြီး ဩဂုတ် ၁၈ ရုံးချိန်းတွင် ဦးချစ်ကိုကို ကိုယ်တိုင် ခုခံချေပမည်ဖြစ်သည်။ ယင်းပုဒ်မမှာ ပြစ်မှုထင်ရှားပါက အများဆုံးထောင်ဒဏ် ၁၀ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

တရားရုံးရောက် ရဲ အရာရှိဟောင်းကို ရဲတပ်သားတစ်ဦးက ထီးမိုးပေးနေစဉ် (၂၀၁၈၊ အောက်တိုဘာ ၄) (ဓာတ်ပုံ – ကေဇွန်နွေး/Myanmar Now)

အောင်ရဲထွေး သေဆုံးမှုတွင် လာဘ်စားသည်ဆိုကာ တရားရေးမဏ္ဍိုင်မှ ငါးဦး၊ ရဲအရာရှိတစ်ဦးတို့ အဂတိလိုက်စားမှုဖြင့် အရေးယူခံရခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ငါးဦးအမှုမှာ တရားလိုက တင်ပြသည့် သက်သေများကို စစ်ဆေးနေဆဲ ဖြစ်သည်။

၂၀၁၇ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညက ရန်ကုန် သုဝဏ္ဏရှိ The One Entertainment Park တွင်  ရန်ပွဲ ဖြစ်ပွားခဲ့ပြီး အသက် ၂၅ နှစ်ရှိ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ကာ ရန်ပွဲအတွင်း ပါဝင်ရိုက်နှက်သည်ဟု စွပ်စွဲခံရသော ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ကို ဖမ်းဆီးခဲ့သည်။

အမှုကို ၂၀၁၈ ဇူလိုင်တွင် ရန်ကုန်တိုင်းဥပဒေချုပ်ရုံး၏  ညွှန်ကြားချက်ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံး အမှုစစ်တရားသူကြီးက  စွဲချက်မတင်ဘဲ ရုပ်သိမ်းခဲ့သည်။ လူသတ်မှုကို စွဲချက်တင်သည့် အဆင့် မရောက်မီ တရားရှင်လွှတ်ပေးခြင်းနှင့် ပတ်သက်၍ ဥပဒေ ကျွမ်းကျင်သူများနှင့် သမ္မတ ဦးဝင်းမြင့်တို့က လူသိရှင်ကြားဝေဖန်ခဲ့သည့်နောက် အဆိုပါ အမှုရုပ်သိမ်းခြင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းသတ်မှတ်ကာ အမှုတွင် ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေး ခဲ့သည်။

ထို့နောက် အောင်ရဲထွေးသေဆုံးမှုကို ပထမဆုံး တာဝန်ယူ ကိုင်တွယ်ခဲ့သည့် ရဲအရာရှိဟောင်း ဦးချစ်ကိုကို၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ အမှုစစ် ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည် အပါအဝင် ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးတို့သည် လာဘ်လာဘယူပြီး အမှုရုပ်သိမ်းခွင့်ပြုကာ စွပ်စွဲခံရသူ သန်းထွဋ်အောင် (ခေါ်) သားကြီးပါ ၃ ဦးကို တရားရှင်လွှတ်ပေးသည်ဟု ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံရသည်။ 

ရဲအုပ်ဟောင်း ဦးချစ်ကိုကိုသည် အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် ၂၀၁၈ စက်တင်ဘာ ၁၃ ကတည်းက ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် ၎င်းသည် ရွှေပေါက္ကံမြို့သစ် စခန်းမှူးအဖြစ် ရှိနေခဲ့သည်။

အောင်ရဲထွေးသေဆုံးမှုတွင် သံသယရှိသူ သုံးဦးကို အရှေ့ပိုင်းခရိုင်တရားရုံး၌ပင် ဆက်လက် စစ်ဆေးနေပြီး အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၅ ဖြင့် ပြောင်းလဲစစ်ဆေးခြင်းအပေါ် အစိုးရ ဥပဒေအရာရှိက ပြည်ထောင်စုတရားလွှတ်တော်သို့ ပြင်ဆင်ချက် တက်နေသောကြောင့် အမှုကို ဆက်မစစ်နိုင်ဘဲ လတ်တလော ရပ်နားထားရသည်။

Show More

Related Articles

Back to top button