သတင်း

ဆရာတော် ဦးစိန္တိတကို အသရေဖျက်မှုပုဒ်မဖြင့် စစ်ဆေးရန် အမိန့်ချ

ရွှေဝါရောင်ဆရာတော် ဦးစိန္တိတကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုကို ဦးတည်ပြီး တရားစွဲဆိုထားမှုကို အသရေဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့် ပြောင်းလဲစစ်ဆေးရန် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ယနေ့ (ဩဂုတ် ၆) တွင် အမိန့်ချမှတ်ခဲ့သည်။

တပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်ဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အမှတ် (၂) ပင်မအလုပ်ရုံ (လျှပ်/စက်) အလုပ်ရုံမှူး ဒုတိယဗိုလ်မှူးကြီးသန့်ဇော်ဦးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ ကို ဦးတည်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ၂၀၁၉ ဇူလိုင်တွင် ယင်းအမှုကို ပယ်ချခဲ့သည်။

ထိုသို့ ပယ်ချခဲ့ပြီးနောက် မန္တလေးတိုင်းတရားရုံး၌ တပ်မတော်က ဆက်လက် အယူခံလျှောက်ထားခဲ့ရာ တပ်မတော်၏ တိုင်တန်းချက်ကို မြို့နယ်တရားရုံး၌ ပြန်လည်စစ်ဆေးရန် တိုင်းတရားရုံးက ယခုနှစ် ဇူလိုင် ၃ တွင် အမိန့်ချခဲ့သည်။

ထို့ကြောင့် ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက အမှုလက်ခံစစ်ဆေးမည်ဟု ယနေ့ အမိန့်ချခဲ့ခြင်းဖြစ်သည်။ 

တပ်မတော်က တိုင်းတရားရုံးထံ အယူခံ မလျှောက်ထားမီ ဆရာတော်၏ ဝေဖန်ရေးသားချက်များနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်လည်း ၂၀၁၉ စက်တင်ဘာတွင် ထပ်မံအမှုဖွင့်ခဲ့သည်။ ၆၆ (ဃ) အမှုကို မတ် ၅ တွင် တရားစွဲတင်ခဲ့ပြီး ထိုနေ့တွင်ပင် ဆရာတော်ကို တရားရုံးက ကျပ်သိန်း ၅၀ အာမခံဖြင့် တရားရင်ဆိုင်စေခဲ့သည်။ 

“မူလပယ်ချပြီးသား ၅၀၅ အမှုကို ဂုဏ်သရေညှိုးနွမ်းစေမှုနဲ့ ပြန်စစ်ဆေးဖို့ အမိန့်ချပါတယ်။ ဆရာတော်က အမှုနှစ်ခု ရင်ဆိုင်ရတော့မှာပေါ့၊၊ နောက်ရုံးချိန်းမှာ ဆရာတော်က အာမခံယူရမယ်” ဟု ဆရာတော်၏ရှေ့နေ ဦးဆန်းညွန့်ဝေက MyanmarNow ကို ပြောသည်။ 

ဆရာတော်သည် တိုင်တန်းချက်တစ်ခုတည်းတွင်ပင် ပုဒ်မနှစ်ခုဖြင့် ရင်ဆိုင်ရတော့မည်ဖြစ်၍ မဖြစ်သင့်ကြောင်း ယနေ့အမိန့်နှင့်ပတ်သက်ပြီး MyanmarNow ကို မိန့်သည်။

“အမှန်တရားကို ပြောဆိုနေတဲ့ လူဖြစ်ဖြစ်၊ ရဟန်းတော်ပဲဖြစ်ဖြစ် သူတို့ ဒီလို အငြိုးအတေးမထားသင့်ဘူး” ဟု ဆရာတော်က မိန့်သည်။

“ဦးဇင်းတို့က နိုင်ငံကောင်းအောင် ထောက်ပြနေတာပါ။ သူတို့က ဂုဏ်သရေညှိုးနွမ်းစေတယ်ဆိုတာက သူတို့ရဲ့စွပ်စွဲချက်ပဲ။ ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ကိုပဲကြည့်၊ ဘယ်လောက်တိုက်ခိုက်ခံရသလဲ။ ဒါပေမဲ့ ဂုဏ်သရေကျမသွားဘူး။ ဆိုတော့ သူတို့က ဂုဏ်သရေညှိုးတယ်ဆိုတော့ ဂုဏ်သရေပြစရာမရှိတာလား” ဟု ဆရာတော်က ဆက်မိန့်သည်။ 

ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ၆၆ (ဃ) အမှုဖြင့်လည်း တရားလိုကို ယနေ့ စစ်ဆေးခဲ့သည်။ တရားရုံးချိန်းအပြီးတွင် Myanmar Now ၏မေးမြန်းမှုကို ဒုဗိုလ်မှူးကြီးသန့်ဇော်ဦးက ဖြေကြားရန် ငြင်းဆန်သည်။ 

နောက်ရုံးချိန်းကို သြဂုတ်၂၀ သို့ ချိန်းဆိုလိုက်ပြီး ယင်းနေ့တွင် အမှုနှစ်ခုလုံးကို တရားရုံးက စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆရာတော်၏ရှေ့နေထံမှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာဝိဇိတာရာမတိုက် မလိခဝါဆိုကျောင်းမှ ဆရာတော် ဦးစိန္တိတသည် ၎င်းအသုံးပြုသည့် Van Sein Tita အမည်ရှိ Facebook အကောင့်တွင်၂၀၁၉ ခုနှစ်အတွင်းက ရေးသားခဲ့သည့် အကြောင်းအရာအချို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သားများကို ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟုဆိုကာ အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။ 

ဆရာတော်ဦးစိန္တိတနည်းတူ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကိုလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်မှ တပ်မတော်အရာရှိတစ်ဦးက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ကို ဦးတည်သည့် တိုင်ကြားချက်များဖြင့် တရားစွဲဆိုထားမှုကို အမရပူရမြို့နယ်တရားရုံးက ပယ်ချခဲ့သည်။

ထိုသို့အမှုပယ်ချမှုကို တပ်မတော်က မကျေနပ်၍ ခရိုင်နှင့် တိုင်းတရားရုံးသို့ အယူခံဝင်ခဲ့သော်လည်း ပုဒ်မ ၅၀၅ မမြောက်သည့်အတွက် ယင်းတရားရုံးအသီးသီးက ထပ်မံပယ်ချခဲ့သည်။ 

ဆရာတော် ဦးစိန္တိတနှင့် ဦးသောဘိတတို့သည် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင်ပါဝင်ခဲ့သည့် ဆရာတော်များဖြစ်သည်။

ဂုဏ်သရေညှိုးနွမ်းစေမှုပုဒ်မ ၅၀၀ သည် အခြားသူတစ်ဦးကို အသရေဖျက်လျှင် ထိုသူကို နှစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

Show More

Related Articles

Back to top button