အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) စခန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်တပ်ရင်းစခန်းတစ်ခုတို့ ရက်ပိုင်းအတွင်း စီးနင်း တိုက်ခိုက်ခံထားရသည်။
စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ တွင် တမူးမြို့အောက်ဘက် နန်းမွန်းတားရွာအနီး ပလဖစခန်း၊ စက်တင်ဘာ ၁၆ တွင် တမူးမြို့ရှောင်လမ်း အနီးရှိ PDF တမူးခရိုင် အမှတ် (၄) တပ်ရင်းစခန်းတို့ကို စီးနင်းခဲ့သည်။
PDF စခန်းကို စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် အလစ်အငိုက် စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု တမူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် တမူးခရိုင်တပ်ရင်းတို့ထံမှ သိရသည်။
ပြန်ခုခံခဲ့သော်လည်း အင်အားမမျှသဖြင့် စခန်းကို စွန့်ခွာခဲ့ရသည်ဟု သိရသည်။
“သာလွန်အင်အား စစ်ကြောင်းလေးကြောင်းနဲ့ ထိုးလာတာဆိုတော့ ကျွန်တော်တို့စခန်းကို မီးရှို့သွားတာပေါ့ဗျာ။ လူတွေက ဘာမှမဖြစ်ပါဘူး။ စခန်းတွေက မီးရှို့သွားတော့ ပြာကျသွားတာပေါ့။ သူတို့က အရှင်ဖမ်းချင်တဲ့သဘောမျိုးနဲ့ ဝိုက်လာတာပေါ့။ လက်နက်ဘာညာ ဆုံးရှုံးမှုအခြေအနေလည်း ဘာမှ မဖြစ်ဘူး” ဟု တမူးခရိုင် အမှတ် (၄) တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ ပစ်ခတ် စခန်းစီးနင်းမှုတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတို့ကို အသုံးပြုခဲ့သည်၊ ကာကွယ်ရေးအဖွဲ့ဝင်တချို့ ဒဏ်ရာရခဲ့သည်ဟု သိရသည်။
စက်တင်ဘာလ အစောပိုင်းတွင် ကာကွယ်ရေးအဖွဲ့များ ရှိသည်ဟု ယူဆ၍ ကလေး – တမူးလမ်းဘေးရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာ ၁၁ တွင် နန်းမွန်းတားရွာအနီးရှိ မြို့နယ် ပလဖစခန်း စီးနင်းခံရသည်။
“ပလဖ စခန်းကလည်း အင်အားနည်းတဲ့အခါကျတော့ သူတို့က အမြောက်တွေနဲ့ ထုတယ်။ ဗုံးဆန်ကြီးတွေနဲ့ ပစ်တဲ့အခါကျတော့ ပြန်ဆုတ်ပေးရတာပေါ့။ သူတို့ စခန်းကို ဝင်စီးရင်းနဲ့ အချုပ်ခန်းတွေပါ တွေ့သွားတဲ့သဘောပါ” ဟု မြို့နယ်ပအဖအဖွဲ့၏ နာယကအဖွဲ့ဝင် ဦးထန်ဆေးက ပလဖစခန်း စီးနင်းခံရသည့်အခြေအနေကို ပြောသည်။
NUG လက်အောက်ခံ ပလဖအဖွဲ့သည် ရဲလုပ်ငန်းကဲ့သို့ အမှုအခင်းများ၊ ဖမ်းဆီးစစ်ဆေးခြင်းများ ဆောင်ရွက်ရခြင်းဖြစ်သည်။
အိန္ဒိယနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေသော တမူးမြို့သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျသည့် မြို့လည်းဖြစ်သည်။
ကလေး-တမူးလမ်းတစ်လျှောက် ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းလာမည်စိုး၍ စစ်တပ်က စစ်ကြောင်း အဆက်မပြတ်ထိုးနေခြင်း ဖြစ်နိုင်ကြောင်း ဦးထန်ဆေးက သုံးသပ်သည်။
“နယ်စပ်ကုန်သွယ်ရေးကအစ အစစအရာရာ အခြေအနေကြည့်ပြီးတော့ တော်လှန်ရေးအင်အားစုတွေ ဒီလမ်းပေါ် ဒီရွာတွေကို တောက်လျှောက်စိုးမိုးသွားမယ်ဆိုရင် အုပ်ချုပ်ရေးယန္တရား အများကြီးထိခိုက်မယ်။ ထောင့်ပေါင်းစုံက ထိခိုက်မယ်။ ဒါကို သူတို့က မလိုလားဘူး။ ကလေးမြို့ဘက်ကနေ အထက်အောက်ရှိတဲ့ အင်အားအလုံးအရင်းနဲ့ ဆင်းလာတယ်။ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ ဒီနယ်မြေကို ရှင်းလင်းရေးလုပ်တယ်”
PDF ၏ တိုက်ခိုက်မှု
ကလေးမြို့အထွက် ကားကြီးဝင်းအနီးရှိ ဆီဆိုင်ဝန်းကျင်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကို ရပ်တန့်စစ်ဆေး ပိုက်ဆံကောက်နေသည့် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ကို ယနေ့ နံနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုရှိကြောင်း တမူးခရိုင် အမှတ် (၄) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
နယ်စပ်မြို့ဖြစ်သော၊ PDF ခရိုင်တပ်ရင်း ၃ ခုထက်မနည်း အခြေစိုက်သော တမူးမြို့နယ်ကို စစ်ကောင်စီတပ်က ယမန်နှစ်ကတည်းက နယ်မြေရှင်းလင်းခဲ့သည်။
ယမန်နှစ် နိုဝင်ဘာ ဒုတိယပတ်အတွင်း တမူးမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့၏ စခန်းအများအပြားကို စစ်ကောင်စီတပ်က အင်အားရာချီ အသုံးပြုကာ ထိုးစစ်ဆင် စီးနင်းခဲ့သည်။
မြို့တောင်ဘက် မိုင်အနည်းငယ်အကွာ တမူး-ကလေး ကားလမ်းမကြီး၏ အနောက်ဘက်တွင် တစ်ခုနှင့် တစ်ခု နီးကပ်စွာရှိနေသည့် Freedom Ranger Tamu(FRT), Fighter Police CDM Tamu, Burmese Students Organization, ABSDF, PDF ၏ တမူးခရိုင် အမှတ် (၄) တပ်ရင်း၊ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့၏ စခန်းများကို စစ်တပ်က အင်အား ၃၀၀ ဖြင့် စစ်ကြောင်း ၃ ခု ခွဲကာ စီးနင်းခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က မဟာမိတ် ၆ ဖွဲ့မှ ရဲဘော်များ၊ အမျိုးသမီးများအပါအဝင် လူပေါင်း ၆၀၀ ခန့် အိန္ဒိယနယ်စပ်သို့ ဆုတ်ခွာခဲ့ရပြီး ထိခိုက်သူ အနည်းငယ်ရှိသော်လည်း ဖမ်းဆီးခံရသူ မရှိခဲ့ပေ။
ယခုနှစ် မတ် ၂၃ နံနက် ၆ နာရီခန့်ကလည်း တမူးမြို့နယ် မြောက်ဘက် ၈ မိုင်ခန့်အကွာ ကွန်တောင်းရွာအနီးရှိ PDF တမူးခရိုင် အမှတ် (၁) တပ်ရင်းစခန်းကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် သွားရောက်တိုက်ခိုက်သလို လေတပ်ကလည်း ပစ်ကူခဲ့သည်။
SNA တပ်
တမူးမြို့နယ်အတွင်း ထိုစီးနင်းတိုက်ခိုက်မှုများတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ စစ်တပ်နှင့် နီးစပ်သည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ ပါဝင်ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များက ဆိုသည်။
SNA ပါဝင်ကြောင်း စွပ်စွဲချက်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ “ဘာမှ သတင်းမရထားသေးဘူးဗျ။ ရရင် ပြန်ပြောပေးပါ့မယ်” ဟု SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆေက Myanmar Now ကို တုံ့ပြန်သည်။
တမူးမြို့နယ်အထက်ပိုင်း မင်းသာရွာ၊ သနန်ရွာဘက်တို့တွင် SNA လှုပ်ရှားမှုတချို့ရှိကြောင်း ဗိုလ်မှူးကြီးစိုင်းဆေက ဆိုသည်။
“မင်းသာတို့ ဘာတို့ ဘက်မှာတော့ ရှိတယ်။ မင်းသာနဲ့ ဒီဘက်လမ်းတွေတို့လေ။ သနန်ဘက်တော့ ရှိတယ်။ (မြို့အထက်ပိုင်းတော့ လှုပ်ရှားနေတာ) ရှိတယ်။ (စစ်ကောင်စီတပ်နဲ့) သီးခြားစီ နေတာ” ဟု ၎င်းက ပြောသည်။
၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် SNA တပ်သည် စစ်တပ်အာဏာသိမ်းပြီးခါစ အချိန်တွင် လက်နက်ကိုင်ခုခံလိုသည့် လူငယ်များကို စစ်သင်တန်းများပေးခြင်း အပါအဝင် တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်ခဲ့သော်လည်း လအတန်ကြာပြီးနောက် စစ်ကောင်စီနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိလာကြောင်း ဒေသတွင်းလှုပ်ရှားနေသည့် ကာကွယ်ရေးအဖွဲ့များက ပြောထားသည်။
ထိုစွပ်စွဲချက်များကို SNA က အစဉ်တစိုက် ငြင်းဆန်ထားသည်။
KIA ခေါ် ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်သည် SNA နှင့် တိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ယခင်လက ဖားကန့်ရှိ SNA စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။
SNA သည် ကချင်ပြည်နယ်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်၊ ခန္တီးနှင့် ဟုမ္မလင်း စသည့် ရှမ်းနီတိုင်းရင်းသားများရှိသည့် ဒေသတွင် အများဆုံး အခြေစိုက် လှုပ်ရှားနေသည်။
ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းရာ တမူးမြို့နယ်တောင်ပိုင်း ခမ်းပတ်မြို့တွင်လည်း ဇူလိုင်လကုန်က စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်ခဲ့သည်။
တောတောင်ထူထပ်ရာ အိန္ဒိယနယ်စပ် တမူးမြို့နယ်တွင် NUG လက်အောက်ခံ PDF တပ်ရင်း ၂ ခု၊ ယခင် NUG လက်အောက်ခံ တမူးတပ်ရင်း (၃) မှ အမည်ပြောင်းလဲ ဖွဲ့စည်းထားသည့် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ကျောင်းသားတပ်မတော် (ABSDF) ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ရဲများဖြင့် ဖွဲ့စည်းထားသည့် Fighter Police CDM အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) စသည့် အဖွဲ့များ လှုပ်ရှားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)