သတင်း

စစ်တပ်စခန်း နှစ်ခုနှင့် SNA စခန်းကို တစ်မနက်အတွင်း KIA တိုက်ခိုက်သိမ်းယူ

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခု၊ ဆယ်ဇင်းကျေးရွာအနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းတစ်ခုတို့ကို ယနေ့ (ဩဂုတ် ၇) နံနက်တွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။

နံနက် ၅ နာရီခွဲခန့်တွင် ဖားကန့်မြို့အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာ ကသိုဏ်းတောင်ပေါ်မှ အင်အား ၅၀ နှင့် ၆၀ ကြားရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ပြီး နာရီဝက်အတွင်း သိမ်းလိုက်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIA တပ်မဟာ (၉) တပ်ရင်း (၆) တပ်ဖွဲ့များက ကသိုဏ်းတောင်စခန်းကို တိုက်ခိုက်စဉ် လက်နက်ကြီးနှင့် ပစ်ခတ်သည့် ဖားကန့်မြို့အထွက် နမ့်မှော်ရွာရှိ စခန်းကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ကသိုဏ်းတောင်ပေါ့၊ အဲဒီမှာ ထိုင်နေတဲ့ စကစ တပ်စခန်းတွေကို လာသိမ်းတဲ့ တိုက်ပွဲဖြစ်ပါတယ်၊ တိုက်ပွဲကတော့ အဲဒီစခန်းကို သိမ်းပြီးမှ ကျွန်တော်တို့ အဖွဲ့တွေ အဲဒီစခန်းကုန်းထဲမှာ နယ်မြေရှင်းလင်းရေးလုပ်နေတယ်ဆိုတဲ့ သတင်းကတော့ ရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ထို့ပြင် ဖားကန့်မြို့နယ်နှင့် မိုင် ၄၀ ကျော်အကွာတွင် ရှိသော၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီး တည်ဆောက်ထားသော SNA တပ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့သည်ဟု KIA က ဆိုသည်။

“ဆယ်ဇင်းဘက်မှာ ကြိုးတံတားရှိတယ်၊ အဲဒီကြိုးတံတားမှာ ထိုင်နေတဲ့ (SNA) စခန်းကို သိမ်းတယ်ဆိုတဲ့ သတင်းရပါတယ်၊ ဒါပေမဲ့ အသေးစိတ်ပို့လာတာ‌တော့ မရသေးဘူး၊ သေချာတာကတော့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာတော့ သေချာတယ်၊ သိမ်းတယ်လို့လည်း ကြားရပါတယ်” 

အဆိုပါ SNA စခန်းသည် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည့်နေရာ ဖြစ်သည်။

တိုက်ပွဲအသေးစိတ်အခြေအနေများနှင့် ထိခိုက်ကျဆုံးမှုအခြေအနေများကိုမူ မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်ဒေသခံတချို့က ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် ပစ်ခတ်သံများ လျော့ကျသွားပြီး စစ်ကောင်စီတပ်က ကသိုဏ်းတောင်စခန်းအနီး ဝန်းကျင်ကို မွန်းလွဲ ၁ နာရီခန့်အထိ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ပြောကြသည်။

ကသိုဏ်းတောင်စခန်းမှာ ဖားကန့်နှင့် တာမခန်လမ်းပေါ်တွင် ရှိပြီး တောင်ထိပ်ဖြစ်သည့်အတွက် ဗျူဟာအရ အလွန်အရေးပါသည့်နေရာဖြစ်သည်ဟု ဒေသခံများ ဆိုသည်။

အထက်ပါစခန်းသည် ဖားကန့်မြို့အထွက်တွင် ရှိပြီး မြို့အဝင်အထွက်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိသည့် တပ်စခန်းတစ်ခုလည်းဖြစ်သည်ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဗျူဟာအရဆိုရင်တော့ ဖားကန့်-တာမခန်လမ်းပိုင်းပေါ်မှာ အဓိက အရေးပါတဲ့ စခန်းပဲ။ အစစ်အဆေး တင်းကျပ်တယ်၊ ကသိုဏ်းတောင်ရဲ့ ဟိုးတောင်ထိပ်မှာကို လုပ်ထားတာ သူတို့စခန်းက” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစတင်ပြီး စစ်ကောင်စီတပ်က ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်း၊ ဆန်းကြွယ်ဘုရားကုန်း၊ ကုမ္ပဏီဝင်းများအတွင်း တပ်စွဲထားသည့်တပ်များ၊ ဆိုင်းတောင်ရွာရှိတပ်တို့က လက်နက်ကြီးပစ်ကူ ပေးခဲ့ကြသည်။

ယနေ့ မွန်းလွဲ ၁ နာရီခန့်အထိ လက်နက်ကြီးသံများ ကြားနေရဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးအရေအတွက် ရာနှင့်ချီကာ ပစ်ခတ်ခဲ့သည်ဟု ဖားကန့်ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကျည်တချို့ နမ့်မှော်ကျေးရွာအတွင်း ကျရောက်ခဲ့ပြီး နေအိမ်အချို့ပျက်စီးကာ ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိခဲ့သည်ဟု အသက် ၃၀ ကျော်အရွယ် နမ့်မှော်ရွာသူတစ်ဦးက ပြောသည်။

ရွာအနီးနှင့် ရွာတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်လာသောကြောင့် နံနက် ၈ နာရီခန့်မှ စတင်ကာ ရွာသားအားလုံးနီးပါး နီးစပ်ရာရွာများသို့ တိမ်းရှောင်ခဲ့ကြရသည်ဟု ၎င်းက ဆက်ပြောသည်။

“အစကတော့ ကျွန်မတို့လည်း မပြေးဘူးဆိုပြီး နေနေတာပေါ့၊ ဟိုဘက်က သိမ်းလိုက်တော့ သူတို့ (စစ်တပ်) က မကျေနပ်ဘူးလားမသိဘူး၊ လက်နက်ကြီးတွေနဲ့ အရမ်းကို ပစ်တော့ ကျွန်မတို့လည်း ပြေးလာလိုက်တာ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

လက်နက်ကြီးကြောင့် ရွာတွင်းရှိ ကလေးငယ်တစ်ဦး ဒဏ်ရာ အပြင်းအထန်ရထားကြောင်း၊ တကွဲတပြားစီ ပြေးလွှားနေရသောကြောင့် အသေးစိတ်တည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောသည်။

စစ်ရေးပြင်းထန်နေသောကြောင့် ဖားကန့်မြို့ပေါ်တွင် ယနေ့ တိတ်ဆိတ်နေပြီး လူအသွားအလာများ ရှင်းလင်းနေသည်ဟု ဖားကန့်ဒေသခံ အသက် ၄၀ ကျော်အရွယ် ကုန်စိမ်းရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“မြို့ပေါ်မှာတော့ လူပျောက်သွားတယ်၊ ဈေးဝယ်တောင် သိပ်မရှိတော့ဘူး၊ မြို့ထဲကနေ လက်နက်ကြီးတွေ ပစ်နေတာဆိုတော့ လူအသွားအလာ ရှင်းသွားတယ်” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ရာ KIA လှုပ်ရှားထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။

ဇူလိုင် ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့ ပန်းတင်တံတားအနီးတွင် ရှိသည့် စစ်ကောင်စီ ဂိတ်စခန်းတစ်ခုကို KIA,PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က အထိနာခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ်တွင် ကျောက်စိမ်းအကျိုးစီးပွားများရှိရာ ဖားကန့်မြို့နယ်က ရှေ့ဆုံးမှ ဦးဆောင်နေသော်လည်း လိုင်ဇာဌာနချုပ်နှင့် နီးသည့် နမ်ဆန်ယန်ရွာကို စစ်ကောင်စီတပ်က ပစ်မှတ်ထားလာပြီးနောက် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မြစ်ကြီးနားတို့တွင် အဓိကလှုပ်ရှားသော SNA သည် ယမန်နှစ်ကတည်းက KIA, ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။

၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ရှမ်းနီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ရှမ်းနီအမျိုးသားများတပ်မတော်သည် ၂၀၂၂ နှစ်ဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် စစ်ရေးအရ ပူးပေါင်းလှုပ်ရှားမှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး SNA က ငြင်းဆန်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button