
ယမန်နေ့(နိုဝင်ဘာ ၁၅) တွင် စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့များ၏ စခန်းအများအပြားကို စစ်ကောင်စီတပ်က အင်အားရာချီအသုံးပြု ထိုးစစ်ဆင်ပြီး စီးနင်းလိုက်သည်ဟု သိရသည်။
Freedom Ranger Tamu(FRT), Fighter Police CDM Tamu, Burmese Students Organization, ABSDF, ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တမူးတပ်ရင်း(၄)၊ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့၏ စခန်းများ ဖြစ်သည်။
မွန်းလွဲ ၃ နာရီခွဲခန့်တွင် အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း သုံးကြောင်းခွဲကာ တမူး PDF စခန်း ၆ ခုရှိရာသို့ လက် နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ကာ ထိုးစစ်ဆင်ခဲ့သည်ဟု တမူးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တမူးမြို့၏ တောင်ဘက် မိုင်အနည်းငယ်အကွာ တမူး-ကလေးကားလမ်းမကြီး၏ အနောက်ဘက်တွင် တစ်ခုနှင့်တစ်ခု နီးကပ်စွာရှိနေသည့် PDF တပ်ရင်း ၆ ဖွဲ့၏ စခန်းများကို စစ်ကောင်စီတပ်က အရှေ့၊ တောင်၊ မြောက် စသည့် နေရာများမှ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“လက်နက်ကြီးနဲ့ တရစပ်ပစ်တယ်၊ ကျည်မိုးရွာသလို ရွာတယ်၊ ကိုယ့်ဘက်က နည်းနည်းလေးပဲ ပြန်ပြီးတော့ ခုခံနိုင်တယ်။ ဒါပေမဲ့ အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု အဆိုပါတာဝန်ခံက ပြောသည်။

တစ်နာရီခန့် ခုခံပြီးနောက် လက်နက်အင်အား မယှဉ်နိုင်သည့်အတွက် ကာကွယ်ရေးအဖွဲ့များ လက်နက်နှင့် ခဲယမ်းများနှင့်အတူ နောက်ဆုတ်ခဲ့ကြောင်း၊ နှစ်ဦး အနည်းငယ် ဒဏ်ရာရသည်မှလွဲ၍ သေဆုံး၊ ဖမ်းဆီးခံရသူမရှိကြောင်း ၎င်းက ဆိုသည်။
အဆိုပါ မဟာမိတ် ၆ ဖွဲ့မှ ရဲဘော်များ၊ အမျိုးသမီးများအပါအဝင် လူပေါင်း ၆၀၀ ခန့် အိန္ဒိယနယ်စပ်သို့ ဆုတ်ခွာခဲ့ပြီးနောက် မွန်းလွဲ ၆ နာရီခန့်တွင် စစ်ကောင်စီတပ်က စခန်းအားလုံးကို စီးနင်းနိုင်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်က နယ်စပ်သို့ လိုက်လံတိုက်ခိုက်ခြင်းမရှိဘဲ သိမ်းမိထားသည့် စခန်းအားလုံးကို မီးရှို့ဖျက်ဆီးရာ ကွန်ပျူတာ၊ ဆိုင်ကယ်၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများလည်း မီးထဲပါသွားသည်ဟု ဆိုသည်။
“ညမှာ သူတို့စခန်းကို သိမ်းမိသွားပြီ မနေ့ကစပြီး စခန်းတွေကို မီးစရှို့တယ်၊ ဒီနေ့မနက်လည်း ရှို့နေတယ်။ အဲဒီ စခန်းကုန်းတွေကနေ မခွာဘူးလို့ သိရတယ်” ဟု ပအဖ တာဝန်ခံက ပြောသည်။
ယနေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း တမူး-PDF တပ်ရင်း(၁)၊ တပ်ရင်း(၂) နှင့် တပ်ရင်း(၃) တို့ကိုလည်း စစ်တပ်က ဆက်လက်တိုက်ခိုက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားလာသည့် တိုက်ပွဲများတွင် စစ်ကိုင်းတိုင်းမှာ အားအကောင်းဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်။
တမူး-ကလေး ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်တပ်က တော်လှန်ရေးအားကောင်းသည့် အိန္ဒိယနယ်စပ်မြို့ တမူးကို အပြင်းအထန် နှိပ်ကွပ်ရန် ကြိုးစားနေသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် လက်နက်ကိုင်ခုခံတော်လှန်ရေး အားကောင်းလာပြီး PDF တပ်ရင်း ၄ ရင်းအပါအဝင် အဖွဲ့ ၁၈ ဖွဲ့အထိ ရှိကာ ဒေသခံကာကွယ်ရေးအဖွဲ့များလည်း အားကောင်းသည်။
ယခုနှစ် ဇန်နဝါရီက တမူးမြို့နယ်အပြင်ဘက်တွင် ဒေသခံ PDF အဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုအတွင်း ကလေးခရိုင်၊ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးသောင်းမြင့်၊ ဒုရဲမှူးဝင်းနိုင်၊ ရဲအုပ်မိုးထက်နိုင်၊ တပ်ကြပ် ဇော်မင်းအောင်၊ ဒုတပ်ကြပ် ကျော်ဇင်ထိုက် စသည့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)