တမူးခရိုင် PDF စခန်း ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး

စစ်ကိုင်း-အိန္ဒိယနယ်စပ်ရှိ PDF စခန်းတစ်ခုကို လေတပ်၊ ကြည်းတပ်တို့ ဝင်တိုက်နေချိန်တွင် ရဲကင်းစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့တစ်ခုက စီးနင်းဖျက်ဆီးလိုက်သည်။ 

တမူးခရိုင် PDF တပ်ရင်း (၁) Facebook စာမျက်နှာတွင် ဖော်ပြထားသော မှတ်တမ်းဓာတ်ပုံတစ်ပုံ

အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင် သုံး၍ နှစ်ရက်ဆက် တိုက်ခိုက်နေရာ PDF ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မတ် ၂၃ နံနက် ၆ နာရီခန့်က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် မြောက်ဘက် ၈ မိုင်ခန့်အကွာ ကွန်တောင်းရွာအနီးရှိ တမူးခရိုင် အမှတ် (၁) တပ်ရင်းစခန်းကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် သွားရောက်တိုက်ခိုက်သလို လေတပ်ကလည်း နှစ်ကြိမ်ပစ်ခတ်ခဲ့သည်။

မတ် ၂၄ နံနက် ၁၁ နာရီတွင် လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပထမနေ့ တိုက်ပွဲတွင် PDF ၂ ဦး သေဆုံးသည်၊ ဒုတိယနေ့ လေကြောင်းတိုက်ခိုက်မှုတွင် PDF ၁ ဦး သေဆုံးသည်ဟု သိရသည်။ နှစ်ရက်တိုက်ခိုက်မှုအတွင်း PDF ၄ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“မနေ့က နှစ်ကြိမ် ဟက်စကီးနဲ့ လာပစ်တယ်။ ၁၁ နာရီလောက် တစ်ကြိမ်၊ ၂ နာရီလောက် တစ်ကြိမ် လာပစ်တယ်။ ဒီနေ့ မနက်ကျတော့ ဂျက်ဖိုက်တာနဲ့ကို လာပစ်တယ်။ ဗုံးတစ်လုံး ချသွားတယ်။ … အခြေအနေကတော့ အချိန်မရွေး ဂျက်ဖိုက်တာနဲ့ လာပြီးတိုက်ခိုက်နိုင်တဲ့ အနေအထားတော့ ရှိတာပေါ့” ဟု အမည်မဖော်လိုသည့် PDF နှင့် နီးစပ်သူ တမူးဒေသခံ အမျိုးသားတစ်ဦးက တိုက်ပွဲဒုတိယနေ့ ညနေပိုင်းတွင် ပြောသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများအတွင်း စခန်းရှိ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကြောင်း သိရသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထိုးစစ်ဆင်လာသည့်အထဲတွင် ပြည်သူ့စစ် ခေါ် ပျူစောထီးများ၊ စစ်တပ်နှင့် နီးစပ်သည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ ပါဝင်သည်ဟု ဒေသခံတို့က ဆိုကြသည်။

တမူးခရိုင် PDF တပ်ရင်း တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နာယကဖြစ်သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးကလည်း စစ်ကောင်စီတပ်က စခန်းကို စီးနင်းရန် ရက်အတန်ကြာ အချိန်ယူခဲ့သည်ဟု ယူဆသည်။

“ဒီစစ်ဆင်ရေးကို လုပ်ဖို့ ပြင်ထားတာ ကြာတဲ့သဘော ရှိနေပြီ။ သူတို့က ကွန်းတောင်းမှာ အခြေချပြီးတော့ တမူးမြို့နယ်မှာ ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တဖြည်းဖြည်း စုဆောင်းထားတဲ့သဘောဖြစ်တယ်။ ကွန်တောင်းအထက်ပိုင်းမှာ SNA တို့၊ ပျူတို့ ရှိတယ်။ အဲဒီအဖွဲ့တွေကို တဖြည်းဖြည်းချင်း စုပြီးတော့ အင်အားကြီးလာတော့မှ နယ်စပ်ဘက်ကို ထိုးစစ်ဆင်လာတဲ့သဘောမျိုးပါ။ သူတို့ စုဆောင်းထားတာ ၄၊ ၅ ရက် တစ်ပတ်လောက် ရှိပြီ”

SNA သည် ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်၊ ခန္တီးနှင့် ဟုမ္မလင်း စသည့် ရှမ်းနီတိုင်းရင်းသားများရှိသည့် ဒေသတွင် အခြေစိုက် လှုပ်ရှားသည်။

အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ နှစ်ဆန်းပိုင်းမှစတင်ကာ SNA စိုးမိုးနယ်မြေများတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေကြောင်း သတင်းကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

၂၀၂၂ ဩဂုတ်လကုန်ခန့်က ဟုမ္မလင်းမြို့တွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရှမ်းနီအမျိုးသားများညီလာခံတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းမည်ဟု ဆိုထားပြီး SNA တပ်ကမူ လူထုသဘောထားသာဖြစ်ပြီး ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

တမူးခရိုင် တပ်ရင်း (၁) စခန်းကို ထိုးနေသည့် စစ်ကြောင်းတွင် SNA တပ်ဖွဲ့ဝင်များ ပါဝင်နေကြောင်း ပြောကြားချက်နှင့် ပတ်သက်၍ SNA ကို ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပါ။

တိုက်ပွဲဒုတိယနေ့တွင် ကလေး-တမူးလမ်းပေါ်ရှိ ဘုက္ကန်ရဲကင်းစခန်းကို စီးနင်း ဖျက်ဆီးလိုက်ကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော် (National Liberation Army – NLA) က သတင်းထုတ်ပြန်သည်။ ၄၅ မိနစ်ကြာ ပစ်ခတ်မှုအပြီး စခန်းရှိ ရဲများ ထွက်ပြေးသွားသည်၊ သေနတ် ၁၂ လက် သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NLA သည် တမူးခရိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ PDF တပ်ရင်း အမှတ် (၃) အဖြစ် လှုပ်ရှားခဲ့ပြီး မတ်လဆန်းတွင် သီးခြား ရပ်တည်ပြီး အမည်ပြောင်းထားခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်မတိုင်မီ တစ်လအလိုတွင် တပ်ရင်းအမှတ် (၁) နှင့် (၂) တို့ ပေါင်းစည်းလိုက်ပြီးနောက် တပ်ရင်း (၁) အဖြစ် ရပ်တည်နေသည်။ တပ်ရင်းအမှတ် (၄) အခြေအနေအကြောင်း မသိရသေးပေ။

တမူးမြို့သည် ဖောင်းပြင်၊ ကလေး၊ ဟုမ္မလင်းမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အပြင် အိန္ဒိယနိုင်ငံနှင့်လည်း နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်အပြင် စီးပွားရေးအရ အချက်အချာကျသည့် မြို့ဖြစ်သည်။

တမူးမြို့နယ်သည် တောင်နှင့် မြောက် မိုင် ၉၀ ကျော် ရှည်လျားသော်လည်း အရှေ့နှင့် အနောက် အကျယ်ဆုံးနေရာမှာ ၂၅ မိုင်ခန့်သာ ကျယ်ဝန်းသည်။

အရှေ့နှင့် အနောက်တွင် ပေတစ်ထောင်ကျော် မြင့်သည့် တောင်တန်းများ ကာရံထားသည့် တမူးမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေသည့် ကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့ စစ်ရေးလှုပ်ရှားလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ချင်းပြည်နယ် ဟားခါး၊ ထန်တလန်ကြားတွင် တိုက်ပွဲပြင်းထန်နေ

တောင်တန်းဒေသရှိ တော်လှန်ရေးအဖွဲ့များကို စစ်ကောင်စီက ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်နေရာ နှစ်ဖက်ထိခိုက်မှုများရှိနေပြီး ၎င်းတို့ဘက်မှ ၁၁ ဦး သေဆုံးသည်ဟု တော်လှန်ရေးအဖွဲ့က ပြောသည်။

ဘီးလင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် သံဃာနှင့် သာမဏေများ ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အဝန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ လက်နက်ကြီးကျည်နှစ်လုံး ကျခဲ့ရာ သံဃာနှင့် သာမဏေ ၃ ပါး၊ အရပ်သား ၂ ဦး ထိခိုက်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲတွင် ကလေး ၂ ဦးအပါအဝင် ၄ ဦးသေဆုံး

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သဖြင့် ၄ ဦး သေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် ၁၁ ဦး ဒဏ်ရာရသည့်အပြင် လူနေအဆောက်အအုံများလည်း ပျက်စီးသည်။

သီလဝါအထူးစီပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုအသစ်မဝင်

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် မြေယာရောင်းချရသည် မရှိဘဲ လည်ပတ်ဆဲလုပ်ငန်းများမှသာ ဝင်ငွေရှိနေသည်ဟု မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ (MTSH) ၏ မေလ ၂၄ ရက်ထုတ် ဘဏ္ဍာရေးအစီရင်ခံစာက ဆိုသည်။

PDF ၈ ဦး စစ်ကောင်စီလက်အောက် ဝင်ရောက်ဟု ပခုက္ကူ ပကဖ ပြော

မကွေးတိုင်းတွင် အမှုရင်ဆိုင်နေရသည်ဆိုသော PDF အဖွဲ့နှစ်ခုမှ အဖွဲ့ဝင်များ သေနတ် ၄ လက်၊ ကျပ်သိန်း ၂၄၀၀ ကျော် ယူပြီး စစ်ကောင်စီတပ်ထံ ရောက်သွားသည်ဟု သိရသည်။