သတင်း

ကျောင်းသားတစ်ဦး သတ်ခံရပြီးနောက် ရတနာပုံ ဆိုက်ဘာစီးတီးအနီး လုံခြုံရေးရဲကင်းများထားမည်

(မန္တလေး) – ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဒုတိယနှစ်ကျောင်းသားတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် ရတနာပုံ ဆိုက်ဘာစီးတီးအနီး လုံခြုံရေးရဲကင်းများ တည်ဆောက်ပေးမည်ဟု မန္တလေးတိုင်းမှ လုံခြုံရေး အဆင့်မြင့်အရာရှိများက ကျောင်းသားများအား ယနေ့တွင် ကတိပေးလိုက်သည်။

အသက် ၁၇ နှစ်အရွယ် နည်းပညာတက္ကသိုလ် ICT မေဂျာ ဒုတိယနှစ်ကျောင်းသား ကိုထက်လင်းသန့်သည် ဒီဇင်ဘာ ၆ က ပြင်ဦးလွင် – မန္တလေး ကားလမ်းမပေါ်တွင် သူစီးလာသည့် ဆိုင်ကယ်လုယက် ခံခဲ့ရပြီး ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါ ဝမ်းနည်းဖွယ် အဖြစ်ဆိုးအတွက် ရတနာပုံနည်းပညာတက္ကသိုလ် ဆိုက်ဘာစီးတီး ကျောင်းသားများ သမဂ္ဂ နှင့် မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ အစိုးရအဖွဲ့ရုံးတွင် ယနေ့တွေ့ဆုံပြီးနောက် ကျောင်းပတ်ဝန်းကျင် လုံခြုံရေးတိုးမြှင့်ပေးရန် သဘောတူညီချက်ရခဲ့ခြင်းဖြစ်သည်။

“ကျောင်းပတ်ဝန်းကျင်မှာ ရဲကင်းနှစ်ကင်းတည်ဆောက်ပေးမယ်၊ ရဲကင်းမဆောက်ခင်မှာ ကင်းလှည့်ပေးမယ်၊ အခြားလုံခြုံရေးတွေပါ ပူးပေါင်းဆောင်ရွက်ပေးမယ် ဖြေကြားခဲ့ပါတယ်” ဟု သမဂ္ဂအဖွဲ့ဝင် ကိုခွန်လှိုင်ပြည့်ထွန်းက ပြောသည်။

ကျောင်းသားများကို ဦးတည်တိုက်ခိုက် လုယက်မှုများသည် မန္တလေးတိုင်းအတွင်းရှိ အခြားတက္ကသိုလ်များတွင်လည်း ဖြစ်နေခြင်းကြောင့် တက္ကသိုလ် အားလုံးကို လုံခြုံရေးတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြောင်းလည်း ၄င်းကပြောသည်။

Show More

Related Articles

Back to top button