
မန္တလေးလူငယ်သင်တန်းကျောင်းမှ ထွက်ပြေးခဲ့သော လူငယ်များအနက် ဩဂုတ် ၅ တွင် လူငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးလူငယ် နှစ်ဦးအထိ ရှိလာသည်။
မုံရွာမြို့တွင် ပြီးခဲ့သည့်နှစ်အတွင်း လုယက်မှုဖြင့် ဖမ်းဆီးခံရသော လူငယ်ခုနစ်ဦးကို ယခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်နှစ် နှစ်ချမှတ်ခဲ့ရာ အသက်မပြည့်သေးသည့်အတွက် မန္တလေးလူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။
လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ငါးရက်အကြာ ဇူလိုင် ၃၁ တွင် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးစဉ် မောင်ပြည့်ဖြိုးမောင် အမည်ရှိ လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ရေမြောင်းအတွင်း ပုန်းအောင်းနေသဖြင့် ရေမွန်းသေဆုံးခြင်းဖြစ် ကြောင်း မိဘများထံ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဩဂုတ် ၅ ညနေ သုံးနာရီခွဲတွင် မန္တလေးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော မောင်ခိုင်ဇော်ထွန်းအမည်ရှိ လူငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။
မောင်ခိုင်ဇော်ထွန်းသေဆုံးခြင်းသည် သင်တန်းကျောင်းတာဝန်ရှိသူများ၏ ရိုက်နှက်မှုကြောင့်ဖြစ်သည်ဟု မိဘများက စွပ်စွဲပြောဆိုထားပြီး ကျောကုန်းတစ်လျှောက် ရိုက်နှက်ဒဏ်ရာများ၊ မျက်လုံး သွေးထွက်ဒဏ်ရာများ တွေ့မြင်ရသည်ဟု မိခင်ဖြစ်သူ ဒေါ်ခင်ချိုဦးက ဆိုသည်။
“တွေ့ခွင့် မပေးခဲ့ဘူး။ သင်တန်းကျောင်းမှာရှိတယ်လို့ ညာတယ်။ နောက် ငိုယိုပြီးပြောမှ ကလေးကို ဆေးရုံပေါ်မှာဆိုတာ သိရတယ်။ ဆေးရုံရောက်သွားတော့ စကားသိပ်မပြောနိုင်တော့ဘူး”ဟု ဒေါ်ခင်ချိုဦးက ပြောသည်။
ဇူလိုင် ၃၁ ကတည်းကပင် ဆေးရုံသို့ရောက်ရှိနေပြီးဖြစ်သော်လည်း အဆိုပါလူငယ်မှာ သင်တန်းကျောင်းမှာရှိနေကြောင်း သင်တန်းကျောင်းတာဝန်ရှိသူများက ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟု မောင်ခိုင်ဇော်ထွန်း၏ ဖခင်ဖြစ်သူ ဦးဝင်းမော်က ဆိုသည်။
“ဆေးရုံရောက်နေတာကို စိတ်မပူဖို့ လိမ်ပြီးဆက်တယ်။ အဲဒီတုန်းက အသံတွေက မာနေသေးတယ်။ တစ်ယောက်သေလို့ မယုံလို့ လာပြီး ငိုယိုတွေ့ဖို့တောင်းဆိုမှ ဆေးရုံမှာလို့ ပြောတယ်။ ဟိုရောက်တော့ စကားမပြောနိုင်တော့ဘူး။ ဦးလေးတို့က တစ်ည ပြုစုလိုက်ရသေးတာပေါ့။ အရင်သေတဲ့ကောင်လေးဆို သရဏဂုံတင်မှ မိဘက မြင်ခွင့်ရတယ်”ဟု ဦးဝင်းမော်က ပြောသည်။
“ဦးလေးသားလိုဖြစ်ရပ်မျိုး နောင်မဖြစ်ကြပါစေနဲ့၊ အမှန်တရားပေါ်ပေါက်ဖို့လည်း ကူညီပေးကြပါ ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
သေဆုံးသူ လူငယ်နှစ်ဦးလုံးသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်မှဖြစ်ပြီး ဖမ်းဆီးခံရစဉ်ကလည်း ၎င်း၏ညီဖြစ်သူသည် အပြစ်မရှိဟု သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏အစ်ကို ကိုကျော်စွာလင်းက ဆိုသည်။
“ဖမ်းခံရတုန်းက ကျွန်တော့်ညီမှာ ငွေ ၈,၀၀၀ နဲ့ ဖုန်းတစ်လုံးပဲ ပါတယ်။ သူ မလုပ်ခဲ့ဘူး။ တရားရုံးမှာလည်း ဝန်မခံခဲ့ဘူး။ အုပ်စုလိုက်သူငယ်ချင်းတစ်စုဆိုတော့ ဓားပြမှုတပ်ခံခဲ့ရတာ” ဟု ၎င်းက ပြောသည်။
သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏ အလောင်းကို မန္တလေးရင်ခွဲရုံတွင် စစ်ဆေးနေပြီး ဩဂုတ် ၆ တွင် အလောင်းကို မိဘများတွေ့ခွင့်ရမည်ဖြစ်ပြီး အိမ်သို့သယ်ယူသင်္ဂြိုဟ်ခွင့်ရရန် တောင်းဆိုမည်ဟု မိသားစုဝင်များက ဆိုသည်။
“ဦးလေးတို့ မလုပ်တတ်၊ မကိုင်တတ်မို့ တရားမျှတဖို့ တောင်းဆိုပါတယ်။ ကူညီပေးမဲ့သူများရှိရင် အဆင့်ဆင့်တိုင်တန်းပြီး ဒီမတရားမှုကို အကြီးအကဲတွေသိအောင် တောင်းဆိုချင်ပါတယ်”ဟု သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏ဖခင် ဦးဝင်းမော်က ပြောသည်။
လူငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ လူငယ်သင်တန်းကျောင်းတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၈ ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားပြီး ကျောင်းတာဝန်ရှိသူများထံ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
အဆိုပါလူငယ်သင်တန်းကျောင်းသည် မန္တလေးမြို့ ၇၃ လမ်းနှင့် ၁၂ လမ်းထောင့်တွင် တည်ရှိပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ လက်ခံထားသည့် လူငယ်အရေအတွက် ၄၈၀ ဦးအထိရှိသည်ဟု သိရသည်။