သတင်း

မြေမြှုပ်မိုင်းနင်းမိပြီး အမ်းမြို့နယ် ကဇူးကိုင်းတွင် ချင်းအမျိုးသမီးငယ်တစ်ဦး သေဆုံး

မြေမြှုပ်မိုင်းနင်းမိသဖြင့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာနေ ဒေသခံချင်းအမျိုးသမီးငယ်တစ်ဦး ဩဂုတ် ၃ မနက်ပိုင်းက ခြေထောက်ပြတ်ကာ ဆေးရုံသို့သွားစဉ် လမ်းတွင် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခဖြစ်ပွားရာ မြို့နယ်တစ်ခုဖြစ်သည့် အမ်းမြို့နယ်ရှိ ကဇူးကိုင်းကျေးရွာတွင် နေထိုင်သည့် ထိုအမျိုးသမီးငယ်မှာ မဝတုန်အမည်ရှိ ၁၇ နှစ်အရွယ် ချင်းတိုင်းရင်းသူတစ်ဦးဖြစ်ကာ စိတ်မကျန်းမာသူတစ်ဦးဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်သန်းမောင်က Myanmar Now ကို ပြောသည်။

အမျိုးသမီးငယ်၏ ဖခင်မှာ ဦးတင်အေးဖြစ်ပြီး ကဇူးကိုင်းကျေးရွာ၏အရှေ့ဘက် တစ်ဖာလုံခန့်အကွာသို့ မျှစ်ခူးရန် သွားရောက်ခဲ့စဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဦးခင်သန်းမောင်က ပြောသည်။

မနေ့က နာရီကျော်လောက်မှာ နင်းမိတာလို့ ပြောပါတယ်။ အဲဒီကနေ ဆေးရုံကို ယူသွားတဲ့လမ်းမှာ ဆုံးသွားတယ်လို့ပြောပါတယ်ဟု ၎င်းက ပြောသည်။

ကဇူးကိုင်းကျေးရွာအနီး တပ်မတော်စစ်ဆေးရေးဂိတ်တစ်ခုရှိပြီး ထိုစစ်ဆေးရေးဂိတ်မှာ ကဇူးကိုင်းကျေးရွာအုပ်စုနှင့် ဒါးလက်ကျေးရွာအုပ်စုကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ် တစ်ခုဖြစ်သည်။

ထိုစစ်ဆေးရေးဂိတ်၏အရှေ့ဘက် ပေတစ်ရာဝန်းကျင်သို့ မျှစ်ခူးရန်သွားရောက်ခဲ့စဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောကြောင်း အမ်းမြို့နယ်အခြေစိုက် လူမှုရေးလုပ်ငန်းဆောင်ရွက်နေသူ ကိုမျိုးလွင်က ပြောသည်။

ထိုအမျိုးသမီးငယ်မှာ မျှစ်ခူးရန် အမြဲသွားနေကျဖြစ်ပြီး ဩဂုတ် ၃ တွင် မျှစ်ခူးရန်သွားစဉ် ဖခင်ဖြစ်သူက နေအိမ်တွင်ရှိနေသော်လည်း သတိမထားမိလိုက်ကြောင်း ပြောဆိုသည်ဟု ကိုမျိုးလွင်က ဆိုသည်။

မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက်က ပြတ်ထွက်သွားတယ်။ နောက်တစ်ဖက်က ဒဏ်ရာအပြင်းအထန် ရသွားတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ကဇူးကိုင်းကျေးရွာက ကျေးရွာလူကြီးကိုယ်တိုင်က ဝင်ခွင့်မရဘူး။ ဝင်ခွင့်မရတော့ တပ်မတော်က ကားတစ်စီးခေါ်ပြီးတော့ တပ်မတော်ဆေးရုံကို ပို့ခိုင်းတယ်လို့သိရတယ်ဟု ကိုမျိုးလွင်က ပြောသည်။

ဒဏ်ရာရရှိသွားသည့် အမျိုးသမီးငယ်ကို တပ်မတော်စစ်ဆေးရုံသို့ ယူဆောင်သွားပြီးနောက် အချို့က တပ်မတော်ဆေးရုံ၌ သေဆုံးသွားပြီး အချို့က ဆေးရုံသို့ယူဆောင်သွားစဉ် လမ်းတွင်သေဆုံးသွားသည်ဟု အမျိုးမျိုးသတင်းများထွက်ပေါ်နေကာ လက်ရှိတွင် သေဆုံးသွားသူ၏ ရုပ်အလောင်းမှာ အမ်းပြည်သူ့ဆေးရုံသို့ ရောက်ရှိနေပြီဟု ကိုမျိုးလွင်က ဆိုသည်။

အဆိုပါ အမျိုးသမီးငယ် မိုင်းနင်းမိပြီး သေဆုံးမှုနှင့် ပတ်သက်၍ AA ထောင်ထားသည့်မိုင်းနင်းမိ၍ အမ်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ဩဂုတ် တွင် တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူ၏ မိသားစုမှာ အမ်းတောင်အုပ်စု ဆင်ခုံးတိုင်ကျေးရွာမှ ကဇူးကိုင်းကျေးရွာသို့ ပြောင်းရွှေ့လာသည်မှာ နှစ်ခန့်သာ ရှိသေးပြီး ဖခင်ဖြစ်သူမှာ ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ကဇူးကိုင်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၂၈၀ ကျော်နှင့် လူဦးရေ ,၀၀၀ ခန့်ရှိပြီး ၎င်းတို့မိသားစုသည် ကဇူးကိုင်းကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာသူများနေထိုင်သည့် လူမစည်ကားသေးသော စင်းကြီးပိုင်းအမည်ရှိ ရွာသစ်တစ်ခုတွင် နေထိုင်ကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ ကလည်း ကဇူးကိုင်းကျေးရွာအုပ်စု ဂျိတ်ချောင်းကျေးရွာနေ ရွာသားသုံးဦးသည် ရွာ၏အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ ၎င်းတို့၏ ဥယျာဉ်ခြံတစ်ခုသို့ တညင်းသီးခူးရန်သွားရောက်ခဲ့ရာ မြေမြှုပ်မိုင်းနင်းမိပြီး နှစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ထို့ကြောင့် အမ်းမြို့နယ် ကဇူးကိုင်းအုပ်စုတွင် ဇူလိုင် ၃၀ မှ ယနေ့ (ဩဂုတ် ၄) အထိ ငါးရက်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား သုံးဦးအထိ သေဆုံးသွားကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိထားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဩဂုတ် အထိ ရခိုင်ပြည်နယ်တွင် အရပ်သား သေဆုံးမှု ၂၇ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၅၈ ဦး ရှိသည်ဟု စစ်ရှောင်များအရေး ဆောင်ရွက်နေသော ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အချက်အလက်များအရ သိရသည်။

Show More

Related Articles

Back to top button